သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 7 July 2012

မြန်မာ့ သမိုင်းစာပေတိုလေးများ


၁(ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ)
   
၂(ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်)

၃( ၁၉၃၀ တဝိုက် မြန်မာပြည်နိုင်ငံရေးသမိုင် (သိန်းဖေမြင့်) 


    
ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ  

ကြိုးမိန့်ကျထားသည့် ဦးစော အတွက် ဇနီးဖြစ်သူ ဒေါ်သန်းခင်နှင့် သမီး ဘေဘီစောတို့သည် ဒေါက်တာဘမော်နှင့် ဒေါက်တာ ဘဟန်တို့အား အယူခံရှေ့နေလိုက်ပေးရန် တောင်းပန်ပါသည်။ သို့သော် အချည်းနှီး ဖြစ်သွားခဲ့ရသည်။ (ဗမာ့ခေတ်သတင်းစာ၊ ၁-၁-၁၉၄၈)
၁၉၄၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ တွင် ဦးစော၏ဇနီးဖြစ်သူ ဒေါ်သန်းခင် သည် ရှေ့နေကြီး မစ္စတာဟက်ဗောက်မှ တ ဆင့် အင်္ဂလန်ပြည်၊ လန်ဒန်မြို့ရှိ ဦးစော၏ညီဝမ်းကွဲ ဦးမောင်မောင်ကြီးထံ ထိုခေတ်ငွေ ကျပ် ၂၀ဝ၀ အကုန်ခံပြီး သံကြိုး တစောင်ပို့ကာ အကူအညီတောင်းခဲ့ပါသည်။ ထိုသံကြိုးစာတွင် ဤအမှုသည် အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့ သဖြင့် ဘိလပ်ပရီဗီကောင်စီတွင် အယူခံဝင်ခွင့်ရှိကြောင်း၊ တရားဥပဒေအားဖြင့် ညွှန်ကြားအကြံဉာဏ်ပေးနိုင်သော ဥပ ဒေပါရဂူများ ရှာဖွေပေးရန်ပါရှိသည်။ (ဗမာ့ခေတ်သတင်းစာ၊ ၁၁-၃-၁၉၄၈)
ဦးစော၏ လက်နက်မှုကြီးကို ၁၉၄၈ ခုနှစ် ဧပြီလ ၂၀ ရက်၊ နေ့လယ် ၂ နာရီ အချိန်တွင် အင်းစိန်ထောင်ကြီးထဲတွင် အင်းစိန်သတ္တမ တရားသူကြီးက စတင် စစ်ဆေးခဲ့သည်။ ဦးစောမှာ အတော်လေး ပိန်ချုံးသွားသည်။ ဦးစောက အမှုတွင် ပါဝင်သည့် ကလေးများသည် မိမိအိမ်မှ ကလေးများဖြစ်သဖြင့်သူတို့အတွက်ရှေ့နေ ငှားပေးရန်မှာ မိမိတာဝန်ဖြစ်ကြောင်း ပြောကြားသည်။ ဦးစောက တရားခံများ ကို တွေ့ဆုံရန် တောင်းဆိုသည်။ တရားသူကြီး ဦးစိုးက မိမိတွင် အာဏာမရှိ၊ အထက်အရာရှိများနှင့်သာ စကားပြောစေ လိုကြောင်း ပြောကြားခဲ့သည်။ (ဟံသာဝတီသတင်းစာ၊ ၂၁-၄-၁၉၄၈)
အင်းစိန်ထောင်ကြီးထဲတွင် နိုင်ငံတော် လုပ်ကြံမှုတရားခံ နံပါတ်တစ် တရားခံ ဦးစောထံသို့ ဇနီးဖြစ်သူ ဒေါ်သန်းခင်နှင့် သမီး ဘေဘီစောတို့ ဧပြီလ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။ ဒေါ်သန်းခင်နှင့် ဘေဘီစောတို့က ဦးစောအား ဇိနတ္ထပကာသနီကျမ်းစာအုပ် တစ်အုပ် ပေးခဲ့ကြသည်။ ဦးစောက သူ ရေးသားထားသော စာရွက်ပေါင်း ၄၀ ကျော် ၅၀ ခန့်ရှိမည့် သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာတမ်းရှည်ကြီးကို ပေးအပ်လိုက်သည်။ (ဟံသာဝတီသတင်းစာ၊၂၁-၆-၁၉၄၈)
အင်းစိန်ထောင်မှနေပြီး ဦးစောသည် ဇနီးဖြစ်သူဒေါ်သန်းခင်ထံ စာတစောင်ကို အောက်ပါအတိုင်း ရေးပို့လိုက်သည်။ မာမီခင် ကျနော်၏အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသော အပုပ်ကောင်ကြီးဟူ၍ တရားနှင့်ဖြေပါ။ သတိသံဝေဂဖြစ်ပါ။ အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူ ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။ အမျှအတန်း ဝေပါက ကုသိုလ်ရနိုင်ပါသည်။ ဤသို့ သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။(မြန်မာ့အလင်း၊ ၁-၅-၁၉၄၈)
ဦးစော သေသောအခါ ရုပ်ကလပ်ကို ဇနီးဖြစ်သူ ဒေါ်သန်းခင်က အပြင်တွင် သင်္ဂြိုဟ်ရန် တောင်းဆိုခဲ့သည်။ ဆိုင်ရာမှ ခွင့်မပြုခဲ့ပေ။ သို့သော် တရားခံများအား သရဏဂုံတင်ရန်ကိစ္စတွင် ၎င်းတို့ အလိုရှိ သည့် ဘုန်းတော်ကြီးများကို ပင့်ဖိတ် ပြီး သရဏဂုံ တင်ခွင့်ကို ဧပြီလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့များတွင် ပြုလုပ်ခွင့်များ ပေးခဲ့သည်။
(မြန်မာ့အလင်း၊ ၆-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက် သည့် မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ် သို့အယူခံဝင်ရောက်ရေးအတွက်အခွင့်ထူး ပေးရန် ဝင်ရောက်ထားကြသော ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့၏အမှု ကို ဧပြီလ ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင် တရားဝန်ကြီးချုပ် ဆာဘဦး၊ တရားဝန်ကြီး ဦးအေးမောင်နှင့် တရား လွှတ်တော် တရားဝန်ကြီးချုပ် ဦးသိမ်း မောင်တို့ကကြားနာစစ်ဆေးပြီးစီရင်ချက် ချမှတ်လိုက်သည်။ ယခုအမှုတွင် မှား ယွင်းစွာဖြင့် တရားဥပဒေကြောင်းအား ဖြင့်လည်းကောင်း၊ အကြောင်းအရာအား ဖြင့်သော်လည်းကောင်း စစ်ဆေးခဲ့သည့် ခုံရုံးနှင့် တရားလွှတ်တော်တို့က မှား ယွင်းစွာ ဆုံးဖြတ်ထားခြင်းမရှိသည်ကို တွေ့ရ သည့်အတွက် တရားခံတို့သည် ဤရုံး တော်သို့ အယူခံဝင်ရန် အခွင့် တောင်းခြင်းသည် မပေးသင့်ဟုဆိုကာ တရားခံတို့၏ အယူခံဝင်ရောက်ရေးခွင့်ပန်လွှာကို ပယ်ချ လိုက်သည်။ (သံတော်ဆင့်၊ ၁၈-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ် သက်သည့် ဦးစောနှင့် အပေါင်းအပါ တရားခံ ၈ ဦးအား မေလ ၈ ရက်နေ့တွင် ကွပ် မျက်ရန်၊ အထူးခုံရုံးအဖွဲ့မှ ဆိုင်ရာသို့ ၂၈-၄-၄၈ ရက်နေ့က သေဒဏ်ဝရမ်းများ ထုတ်ပေးလိုက်သည်။ ဦးစော၏ဇနီး ဒေါ် သန်းခင်သည် ၂၇-၄-၄၈ နေ့စွဲဖြင့် င်း ၏ အေဒီလမ်းရှိ နေအိမ်ကို ပြန်ပေးရန်နှင့် ၎င်း၏ လင်ယောကျာ်း အဆုံးစီရင်ပြီး သောအခါ အလောင်းကို ထိုအိမ်သို့ယူ ဆောင်ကာ သင်္ဂြိုဟ်ခွင့်ပြုရန် ဆိုင်ရာသို့ တောင်းဆိုထားသည်။
(သံတော်ဆင့်၊ ၂၉-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ကြိုးဒဏ်အတည်ပြုခြင်းခံရ သည့် ဦးစောသည် မေလ ၆ ရက်နေ့ ညနေအချိန် တွင် အင်းစိန်ထောင်အတွင်း ၌ မိုးညှင်းဆရာတော်ကြီးနှင့် အခြား ဆရာတော်သုံးပါးတို့၏တရားတော်တို့ကို နာယူခဲ့ သည်။ ဦးစောက မိုးညှင်းဆရာ တော်ကြီးကို ငွေကျပ် ၄၅၀ဝ ရေစက်ချ လှူဒါန်းခဲ့သည်။(သံတော်ဆင့်၊ ၇-၅-၁၉၄၈)
မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်တွင် ဦးစောနှင့် အပေါင်းအပါတရားခံများအား ကြိုးဒဏ်ပေးမည် ဖြစ်သည်။ ရန် ကုန်ထောင်ကြီးထဲတွင် ရန် ကြီးအောင်နှင့် စိန်ကြီးတို့အား လည်းကောင်း၊ အင်းစိန်ထောင်တွင် ဦးစော၊ မောင်စိုး၊ သက် နှင်းနှင့် မှုံကြီးတို့အား လည်းကောင်း နှစ်ယောက်တစ်တွဲစီ တနာရီခြား ကြိုးပေးမည်ဖြစ်သည်။ မောင်နီ နှင့် သုခတို့မှာ နောက်လိုက်ငယ်သားများ ဖြစ်သောကြောင့် သမ္မတကြီး၏ ဆန္ဒအရ မေလ ၆ ရက်နေ့တွင် နိုင်ငံတော် ဇီဝိတ ဒါနအဖြစ် သေဒဏ်မှ ချမ်းသာပေးကာ တသက်တကျွန်းဒဏ်သို့ ပြောင်းလဲလိုက်သည်။ (သံတော်ဆင့်၊ ၈-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုတရားခံ ဦးစော အား ချုပ်နှောင်ထားသည့် ကြိုးတိုက် အမှတ် ၃ တွင် ကြိုးဒဏ်မခံရမီ တနေ့က အောက်ပါစာလေးကို ကြိုးတိုက်နံရံ တွင် ခဲဖြင့်ရေးသွားခဲ့သည်။ အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရ သည်။ ဥယိဋ္ဌက ကံက ကပ်၍နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းခုတား သေ သည်နောက်တိုင်အောင် ကျန်ရှိလေ၏။ (အိုးဝေ၊ ၂၇-၈-၁၉၄၈)
နံနက် ၅ နာရီ မိနစ် ၂၀ တွင် ရောက် ရှိကြသော ပရိသတ်များက ဦးစောထား ရာ ကြိုးတိုက်သို့သွားကြကြောင်း၊ ခဏမျှ အကြာတွင် ၎င်း၏အခန်းကို ဖွင့်ပေးလိုက် ရာ ၎င်းဆင်းမည်အပြုတွင် ကြိုးစင်တင် သောအခါ ဝတ်ရသောအင်္ကျီရှည် အ ဖြူကို ဝတ်ပေးမည်လုပ်ရာ ဦးစောက ဟိုပေါ် ရောက်မှဝတ်ပါလားခင်ဗျာဟု တောင်းပန်သည့်အတွက် မဝတ်ဘဲ ထောင် ပိုင်ကြီးက မူးမိုက်သွားမည်ကို စိုးရိမ်သဖြင့် လက်မောင်းမှ တွဲခေါ်လာကြောင်း၊ ထိုအချိန်သည်ကား နံနက် ၅ နာရီခွဲ တိ တိပင် ဖြစ်၏။ ဦးစောမှာ ကြိုးတိုက်မှ ကြိုးစင်သို့ အရောက်တွင် လိုက်လာရာ ၎င်းကိုယ်တွင် ပိုးရှပ်အင်္ကျီအပြာလက်တို နှင့် ပိုးရှမ်း ဘောင်းဘီကို ဝတ်ဆင်၍ ရှေ့ထိုးဖိနပ် အနက်ကို စီးလာကြောင်း။ ဦးစောမှာ နောက်ဆုံးအချိန်အထိ ဣနြေ္ဒမ ပျက်ဘဲ ပြုံးပြုံးရယ်ရယ်နှင့် ထောင်ပိုင်ကြီးအား (ဂွတ်ဘိုင်) ဟုပင် နှုတ်ဆက်သွားသေးသည်ဆိုကြောင်း။ ကြိုးစင်ပေါ်သို့ မတက်မီ ထောင်အရာရှိကြီးများက ၎င်းတို့ထုံးစံအတိုင်း ဘုရားကို အာရုံပြုရန် ခွင့်ပြုကြောင်း။ ဦးစော ကြိုးစင်ပေါ်သို့ ရောက်သောအချိန်သည်ကား ၅ နာရီ ၃၂ မိနစ်ခန့်ရှိပြီဖြစ်ရာ ၎င်းအား အင်္ကျီရှည်ကို ထောင်မှူးကြီးက ဝတ်ပေးပြီး လက် နှင့် ခြေတို့ကို ကြိုးဖြင့်တုပ်ကာ အိတ်ဖြူစွပ်လိုက်ပြီး ကြိုးကွင်းကို စွပ်လိုက်သည်။ တခဏမျှကြာသောအခါ ကြိုးတိုက် ဆိုင်ရာ ထောင်မှူးကြီးက ဖြုတ်လိုက်တော့ကြောင်း၊ ထိုအချိန်သည် ၅ နာရီ ၃၃ မိနစ်တိတိအချိန်ပင် ဖြစ်ရကား သံပြား ကျသွားသော ဒိုင်းဟူသော အသံမှတပါး ဘာမှမကြားရ။ ကြိုးစင်အောက်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ မပြောပ လောက်သော လှုပ်ရှားမှုကလေးဖြင့် မိနစ်အနည်းငယ်အတွင်း ဇီဝိန်ချုပ်သွားတော့ကြောင်း။ (သတင်းစာရေးသားချက်အတိုင်း ကူးယူဖော်ပြသည်) (သံတော်ဆင့်၊ ၈-၅-၁၉၄၈)
ဂဠုန်ဦးစောဇနီးထံမှ လျော်ကြေး ၄ သိန်းရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခြင်းခံရမှုတွင် ပါဝင်သည့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဌာန အတွင်းဝန် ဦးအုန်းမောင်၏ ကျန်ရစ်သူဇနီး ဒေါ်သိန်းကြွယ်နှင့် သားသမီးများက တရားလွှတ်တော်တွင် တရားမကြောင်းဖြင့် တရားစွဲဆိုခဲ့သည်။ အဆိုပါ တရားမမှုကြီးနှင့်ပတ်သက်ပြီး ဒေါ်သိန်းကြွယ်ဘက်မှ လိုက်ပါဆောင်ရွက်သည့်ဝတ်လုံတော်ရမှာ ဒေါက်တာဘဟန် ဖြစ်သည်။
(မြန်မာ့အလင်း၊ ၂၉-၆-၁၉၅၀)
မှတ်ချက်
အချက်အလက်များကို လွတ်လပ်ရေးကြေညာပြီး ချိန် မြန်မာနိုင်ငံ၊ ၁၉၄၈-၁၉၉၈ ရွှေရတုနှစ် ငါးဆယ်ပြည့် ပြည်ထောင် စုမြန်မာနိုင်ငံသတင်းစာ မှတ်တမ်းများ၊ ပထမတွဲနှင့်ဒုတိယတွဲ၊ တက္ကသိုလ် စိန်တင်စာအုပ်များမှ ရယူပါသည်။
တင်ညွန့် နောက်ဆက်တွဲ…
“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး”
(ဒေါ်အောင်ဆန်းစုကြည်)
လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှ ကြီးကျယ်ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တခု၏ မြင်ကွင်းဖြစ်သည်။
ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင် ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီး ဒေါ်ဘေဘီစောမှ မွေးဖွားသော ဒုတိယသမီး ဒေါ်မွန်မွန်ရင် ဖြစ်သည်။
ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တ ချက်လွှတ်ဆန္ဒဖြင့် ထိုလီလီပန်း ဖြူဖြူဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။
ထိုပန်းများကို တမြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်း ရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်ကဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ် တည်းသော အမှတ်မထင် ဆုံစည်းခဲ့သည့် ဆက်စပ်မှုတခု ဖြစ်ခဲ့လေသည်။
“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေ သော့ပစ်ချပေးရင်း ဘယ်သူ့ မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင် မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ .. သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ဆိုတော့ ကျမထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေး တွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုး ထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။
ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစုပြီးတစု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစော မိသားစုဝင်တွေလည်း သမိုင်းမှ အရိပ်မည်းတခု၏ ခြောက်လှန့်မှုအောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင် ၏ သား၊ သမီးမြေးများလက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန်ရင် က ယူဆလေသည်။
“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည်ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကြတော့ ကံကောင်း ပါတယ်။ တော်တော်ကို အခြေအနေကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက် ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”
“ဦးစော မြစ် တဲ့”၊ “ဦးစော မြစ် တဲ့” ဆိုသည့် တကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလို လားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတ ကျောင်းသို့ ပြောင်းထားခဲ့ရသည်။
“ကလေးတွေမှာ ခံစားချက်ရှိတယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကို တပ် ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေး စိတ်အနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့” ဟု အဘိုးဖြစ်သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင် ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင် က ဥပမာပေး၍ ပြောပြသည်။
ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်ကပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခု သူ့သားသမီး မြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေးသည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင် ခဲ့ကြခြင်း ဖြစ်သည်ဟုဆိုသည်။
“အန်တီ့ကို ငယ်ငယ်ကတည်းက မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့် သူများတွေက အဘိုးနဲ့ ပတ်သက်လို့ပြောလာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်း သွင်းပေးထား တာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး” ဟု ဒေါ်မွန်မွန်ရင် ကဆိုသည်။
ဒေါ်မွန်မွန်ရင် သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တခြံကျော်၌ လက်ရှိနေထိုင်လျက် ရှိသည်။ သူတို့အိမ် ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီး ဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတလုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကို လည်း တွေ့ရသည်။
သမိုင်းတရားခံတဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထားသော စာများကို ဖတ်ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက် ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြသည်။ ဦးစောက သူတို့အတွက် သူရဲကောင်းတယောက်မဖြစ်ခဲ့သော်လည်း သမိုင်း သင်ခန်းစာများ ပေးသွားခဲ့သူတယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တယောက်အဖြစ်လည်း လက်ခံ ထားကြသည်။
“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင် သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့ အထင်လွဲမှုတွေကနေ ဖြစ်လာ တဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာမဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတယောက်ပဲဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာ အုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်” ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြ သည်။
မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟု ဆိုသည်။
“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့ သူတို့ သိသားပဲဆိုတာမျိုးဖြစ်အောင် နေရပါတယ်။ အန်တီ့ မေ မေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေ လုပ်လို့ အဆင်မပြေဘူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်း ဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။
ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည်မှာ သားကြီးက ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရသည့် အနုပညာရှင်တဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခ ဖြစ်သည်။
သားကြီးသရုပ်ဆောင်လုပ်လိုသည်ဟု ပြောသည့်နေ့က ဒေါ်မွန်မွန်ရင် အော်လိုက်သည့်အသံမှာ တအိမ်လုံးပင် လန့်သွား ရသည်ဟု ဆိုသည်။
“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေ တောင် လန့်သွားတယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တမိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။
မင်းခ သရုပ်ဆောင်လုပ်နေစဉ်မှာလည်း အချို့က ဦးစော မြစ်အဖြစ် သိကြသူများရှိသလို အများစုကတော့ မသိကြ။ သို့ သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစုံတရာ အရိပ်မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင် က ဆိုသည်။
ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံရင်းနှီးကြသူများဖြင့် တဖြည်းဖြည်းပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန် ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်းတွင်းလှုပ်ရှားမှုများ လုပ်သည့်ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင် တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိ တက်ခဲ့စဉ်က အမှတ်တရ တခုရှိခဲ့ဖူး သည်။
ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်း လွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့်စကား ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင် မမေ့ခဲ့။ ကျောင်းသားကြီး များ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင် ကို အတော်ပင်အားတက်စေခဲ့သည်။
“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာသိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ဆိုတာနဲ့ နောက်နှစ်တွေကစပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာမရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင် က ရှင်းပြသည်။
နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း (စိန်ဖလိုး) သို့ ကျောင်းပြောင်းခဲ့သည်။ ၈တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာ ရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစုံတရာမရှိခဲ့။
“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက်လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ပေါင်းကြည့်တယ်။ အဆင်ပြေ တော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင် က ပြောသည်။
သေနတ်ဒဏ်ရာ တဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံသတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံ ဆက်ဆံမှု တစုံတရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတခွန်းလည်း ရှိပါသေးသည်။
လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင် သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့ သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှ သည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ။
“အန်တီ ဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲဖြစ်ရတဲ့ မုဆိုးမ။ ကျမ က ဂုဏ်ရှိပြီး ကျန် ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျမ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟု ဆိုလေသည်။
ထိုအမှတ်တရများနှင့် အမှတ်တရ မင်္ဂလာဘိသိက အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတ တရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။
ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေး ခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲ ကြောင်း ဖွင့်ဟသည်။
“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရ တဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တမျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင် က ဆိုသည်။
ဒေါ်မွန်မွန်ရင် တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင် များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။
“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေး အေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောပါသည်။
မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီးတွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီး တော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်” ဟု ဆိုလေသည်။
ဒေါ်မွန်မွန်ရင် ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာ ခြားမှုကြား တူညီမှုတခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှုပြည့်ဝစွာဖြင့် ပြောပြသည်။
“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။
ငြိမ်းငြိမ်းနိုင်
7 Days Journal စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ် 
-----------------------------------------------------------------
 
ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်
    
ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်

“ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေ့”
ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။
ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်းဖြစ်ပါ၏။
အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုး ဖြစ်လာတတ်သည်။
ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့်ပတ်သက်၍ ချွင်းချက်တော့ရှိနေပါသည်။
ယင်းချွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့ သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍မရနိုင်သည့် အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်း သည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။
အထူးသဖြင့် ၁၉-၇-၄၇ နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တလအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လနီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။
ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခု ဆက်လက်ဖော်ပြလတ္တံသော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။
၁၉၄၇ ခုနစ်၊ ဇူလိုင်လဆန်းတွင် ‘ဘီအိုဒီ’ ခေါ် ဗြိတိသျှစစ်တပ် ပင်မလက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ်ပုံစံအတုများဖြင့် မသမာသူတစုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ ‘သတင်းတပ်ဖွဲ့’ က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှတဆင့် အစိုးရအဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါသည်။
ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။
ဖော်ပြပါလက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးလိုက်ပါသည်။
ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စုစစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေးတပ်မှ တပ်စိတ်တစိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအဝင်)နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်း ပြင်ဘက်တွင် လုံခြုံရေး တာဝန်ချထားလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကိုသိထားသူ ဝန်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေး အစောင့်ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝ အသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ ရုံးခန်းအပြင်ဘက် လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အားမပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။
ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲနေလိုက်ပါသည်။
သို့ရာတွင် ကံဆိုးချင်တော့ တနေ့ ဗိုလ်ချုပ်နှင့်ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့အဝင်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့သည့် ထောင့်နား မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။
ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။
“ဟေ့ကောင်၊ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေက ဘာလုပ်တာလဲ”
“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”
ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။
“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင် ရဲဘော်တွေ ချထားတာကို ငါ မမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီ သွားပြီး ငါက ညွှန်ကြားတယ်လို့ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်း ပြန်ရုပ်ခိုင်းလိုက်။ ကဲ…မင်း အခုပဲ သွားပြောပေတော့”
ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ဝန်ကြီး ပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။
ဝန်ကြီး ဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရပါသည်။
“ခက်တော့တာပဲကွာ၊ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင် တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာ ဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ၊ သူ့အမိန့်ကိုလည်း တို့က မနာခံလို့ မဖြစ်ဘူး၊ ငါတော့ စိတ်မကောင်းဘူးကွာ”
ဤသို့ ငြီးငြူရင်းနှင့်ပင် ဝန်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက် ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။
ထိုနေ့ ညနေဘက် ရုံးမှအိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောဘဲ တစုံတခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့်အား မေးခွန်းထုတ်ပါသည်။
“ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား”
“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး”
ကျွန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏ စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။
“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေ အတွက်တော့ ငါစိုးရိမ်သလို ဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်က ရဲဘော်တွေကို ပေးထားလိုက် ဒါပဲ”
ဤသို့အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ် လုပ်ပြီး တော်မီဂန်းတလက်၊ စတင်းဂန်းတလက်၊ ခြောက်လုံးပြူး နှစ်လက်တို့ကို ကျည်ဆံများနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင်နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။
နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ဝင်ရောက်လုပ်ကြံပစ်ခတ်ခြင်း ဖြစ်သည်။
အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် ၁၉ ရက် စနေနေ့တွင် ကျင်းပရန်မဟုတ်ဘဲ “ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့” တွင် လုပ်ရမည်ဖြစ်သည်။
ဤနေရာတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေးအကြောင်း အနည်းငယ် ရှင်းပြရန်လိုပေလိမ့်မည်။
၁၉၄၆ ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ဝန်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် ၁၀ နာရီ ကျင်းပနေကျဖြစ်သည်။
ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထားသော ဝန်ကြီးတဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်းကျင်းပသော ဝန်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။
သို့ရာတွင် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူ ချုပ်ဆိုသော “အောင်ဆန်း အက်တလီ စာချုပ်” ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲ ကန့်ကွက် ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ် ဦးဆောင်သော အစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြရတော့ချေ။
ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့ မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။
ယင်းအကြောင်းကို ဂဠုန်ဦးစောက မသိ။ ဝန်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ ၁၀ နာရီကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကို ဝန်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။
သို့သော် ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတခုဖြစ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်နေသည်။ အစည်းအဝေး ၂ ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့တင်ပြသောအခါ ဗိုလ်ချုပ်က …
“လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်၊ လူကြီးတွေလည်း ပါနေတယ်။ ဒါကြောင့် အဲ့ဒီ အစည်းအဝေးကို ဒီတိုင်းပဲထား၊ ကက်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ပြောင်းလုပ်လိုက်၊ ဝန်ကြီး တွေဆီကိုလည်း ဖိတ်စာအသစ်ရိုက်ပြီး ပေးလိုက်”
ဟု အမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့” တွင် အစိုးရအဖွဲ့အစည်းအဝေး ကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။
ဤသည်တို့ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လဆန်းက အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကြုံးမရဖြစ်စရာ ကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရပါသည်။
ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေး တပ်စိတ်ကို ရုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။
ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။
တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမား အဖွဲ့အား တယောက်မကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။
အကယ်၍သာ တိုင်းပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီက ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၆ တွင် ကျင်းပဖြစ်မည်။
ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေးအကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ် သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင်လွှတ်မည် ဖြစ်သည်။ သို့ဖြစ်လျှင် ဝန်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။
အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ)တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။
ဗိုလ်ချုပ်၏အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲ အတွေ့အကြုံလည်းရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။
သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင် အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။
ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။
ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမယ် ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ်ပေါ့ကွာ” ဟုဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက် တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝ မစိုးရိမ်ဘဲ “ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကို လုပ်ကြံမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့ရှာသည်။
သို့သော် တကယ်ကျတော့ သူထင်သလို မဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ဘဲ သူကိုယ်တိုင်ကသာ ၁၉-၇-၄၇ နေ့က မရှုမလှ “ရေတိမ်နစ်” ကျဆုံးခဲ့ရရှာသည်။
ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။
ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။
ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း
“သတ္တဝါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား” ဟူသော အဂုင်္တ္တရနိကယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။
စတိုင်သစ်မဂ္ဂဇင်း
(ဇူလိုင်လ၊ ၁၉၉၅) 
--------------------------------------------------------
 
၁၉၃၀ တဝိုက် မြန်မာပြည်နိုင်ငံရေးသမိုင် (သိန်းဖေမြင့်)
   
၁၉၃၀ တဝိုက်မြန်မာပြည်နိုင်ငံရေးသမိုင်း (သိန်းဖေမြင့်) စာအုပ်ဖိုင်
စာမျက်နှာ ၁၈၊ ၁၉၊ ၂၀ ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။
၁၉၂၀ ပြည့်နှစ် တဝိုက်တုန်းက အမျိုးသားအင်အားစုများဟာ ညီညွတ်စည်းလုံးခဲ့ကြတယ်။ တပေါင်းတစည်းတည်း ရှိခဲ့ ကြတယ်။ နိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး သို့မဟုတ် ဂျီစီဘီအေလို့ ခေါ်တဲ့ ဝံသာနုလှုပ်ရှားမှု အမျိုးသားညီညွတ် ရေး တပ်ပေါင်းစု အတွင်းမှာ ညီညွတ်ခဲ့ကြတယ်။
ဗြိတသျှ နယ်ချဲ့သမားဟာ အဲဒီ ဝံသာနုလှုပ်ရှားမှုကြီးကို တဖက်က ဖိနှိပ်ချုပ်ချယ်မှု အဝဝဖြင့် ဖြိုဖျက်တယ်။ အခြားတ ဖက်က အခြေခံမကျတဲ့ အပေါ်ရံ လိုက်လျောချက်ကလေးများဖြင့် ခေါင်းဆောင်မှု တပိုင်းကို ဖြားယောင်း သွေးဆောင် ကာ ဖြိုခွဲတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေး (ဝါ) ပူးတွဲတာဝန်ခံ အုပ်ချုပ်ရေးဆိုတဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ပေးလိုက်တဲ့ အခါ မှာ ဂျီစီဘီအေမှ ခေါင်းဆောင်တစုက ခွဲထွက်ပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံလိုက်ကြတယ်။ ဒိုင်အာခီစနစ် အရ တည်ထောင်လိုက်တဲ့ ဥပဒေပြုကောင်းစီကို ဝင်ကြတယ်။
သူတို့ဟာ ပြည်သူပြည်သားပါတီဆိုတဲ့ အမည်ဖြင့် နိုင်ငံရေးပါတီတရပ်ကို တည်ထောင်ကြတယ်။ အများပြည်သူတွေက တော့ သူတို့ကို ၂၁ ဦး ပါတီလို့သာ ခေါ်ကြတယ်။ ပင်မ ဂျီစီဘီအေကြီးကတော့ ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်မခံဘဲ ဥပဒေပြုကောင်စီကို သပိတ်မှောက်ကြတယ်။ ပြည်သူလူထု အများစုက သူတို့ဘက်မှာ ရှိတယ်။ သို့သော် ညီညွတ်သော ခေါင်းဆောင်မှု မထူထောင်နိုင်ကြလို့ ဂျီစီဘီအေဟာ ဆက်ပြီး ကွဲပြန်ပါတယ်။
၁၉၃၀ တဝိုက်ရောက်လာတော့ အမျိုးသားနိုင်ငံရေး အင်အားစုများကြားမှ နိုင်ငံရေး အဖွဲ့အစည်း မယ်မယ်ရရ လေးဖွဲ့ရှိ တယ်။ ပြည်သူပြည်သားပါတီလို့ခေါ်တဲ့ ၂၁ ဦး ပါတီ၊ ဦးချစ်လှိုင် ကြီးမှူးသော ဂျီစီဘီအေ၊ သက်ပန်း ဆရာတော် သြဝါ ဒခံ ဦးစိုးသိန်း ကြီးမှူးသော ဂျီစီဘီအေနှင့် ရေဦး ဆရာတော် သြဝါဒခံ ဦးစု ကြီးမှူးသော ဂျီစီဘီအေတို့ ဖြစ်ကြပါတယ်။
ဗြိတိသျှ အလိုတော်ရိ လုံးလုံးဖြစ်သူများရဲ့ အစုများနှင့် အခြားအစုကလေးများ ရှိပါသေးတယ်။ သို့သော် သူတို့က မပြော ပလောက်ပါဘူးဗျာ။
အမျိုးသားအင်အားစုများကြားမှာ အဖွဲ့ လေးဖွဲ့ကွဲခြင်းဟာ ခေါင်းဆောင်တွေကြားမှာ ပုဂ္ဂိုလ်ရေးရာ ကွဲလွဲမှုများကြောင့် ဖြစ်တယ်ဆိုရင် မှားလိမ့်မယ်။ သမိုင်းကို အပေါ်ရံရှပ်ကြည့်ရာ ရောက်လိမ့်မယ်။ ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေး ကွဲလွဲမှု များဟာ အာနိသင် ရှိသလောက်ရှိတယ်။ သို့သော် အဓိက အဟုတ်ဘူး။ ဘယ်သူကဖြင့် ဒိုင်အာခီ အုပ်ချုပ်ရေး လက် အောက်မှာ တလ ငါးထောင်စား ရာထူးလိုချင်လို့ ဂျီစီဘီအေက ခွဲထွက်သွားတယ်။ ဘယ်သူက ဝံသာနု ရန်ပုံငွေတွေ သုံး ပစ်လို့ ဂျီစီဘီအေ ထပ်ကွဲရတယ်စသည်ဖြင့် ဝေဖန်သုံးသပ်ရင် အကြောင်းရင်းတွေ ပျောက်ကုန်မယ်။
ပြည်သူ့ပါတီခေါ်တဲ့ ၂၁ ဦး ပါတီနှင့် ဂျီစီဘီအေ ကွဲခြင်းဟာ အင်္ဂလိပ်က ပေးလိုက်တဲ့ ဒိုင်အာခီ အုပ်ချုပ်ရေး (ပူတွဲတာဝန် ခံ ပြုပြင်ပြောင်းလဲရေး) ကို လက်ခံမလား မခံဘူးလားဆိုတာပေါ်မှာ မှီပြီး ကွဲကြတယ်။ ဒိုင်အာခီအရ ရွေးကောက်ဖွဲ့စည်း မည့် ဥပဒေပြု ကောင်စီကို ဝင်မလား သမိတ်မှောက်မလား ဆိုတာပေါ်မှာ တည်ပြီး ကောင်စီဝင်ဂိုဏ်းနှင့် သပိတ်မှောက် ဂိုဏ်း ကွဲတာပဲ။
ဒိုင်အာခီကို လက်ခံကြမည့် ၂၁ ဦးပါတီနဲ့ အသိုင်းအဝိုင်းများကလဲ ဒိုင်အာခီ အုပ်ချုပ်ရေးရဲ့ အပြစ်များကို မြင်တယ်။ ဂျီစီ ဘီအေ ကလဲ ထိုအပြစ်များကို မြင်တယ်။
အမှန်က ဒိုင်အာခီ အုပ်ချုပ်ရေးဆိုတာ ဥပဒေပြုကောင်စီ မင်းတိုင်ပင် အမတ်များ၊ ပူတွဲတာဝန်ယူရသော အစိုးရအဖွဲ့ဝင် မင်းတိုင်းပင် အမတ်များ ပူတွဲတာဝန်ယူရသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ စတဲ့ အဆောင်အယောင်တွေ အပြည့်ရှိပေ မယ့် ဗြိတိသျှအစိုးရကခန့်တဲ့ ဘုရင်ခံနဲ့ အိုင်စီအက်စ် အရာရှိများ လက်ထဲမှာသာ အချုပ်အချာ အာဏာရှိတယ်။
ဥပဒေပြုကောင်စီ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ မဲဆန္ဒပေးပိုင်ခွင့်ကိုလဲ များစွာ ကန့်သတ်ချုပ်ချယ်ထားတယ်။ အင်္ဂလိပ်နဲ့ ကုလားကုန်သည်ကြီးများကို အထူအခွင့်အရေးတွေ ပေးထားတယ်။
အင်္ဂလိပ်ကုန်သည် ၁၀၀ အတွက် အမတ်တယောက် ရွေးကောက်ခွင့်ရှိရင် မြန်မာ ၃၀ ၀၀၀ အတွက် အမတ်တယောက် ရွေးခွင့်ရှိတယ်။
ဒီတော့ ဒိုင်အာခီ ကောင်းတယ်လို့ ဘယ် မြန်မာအမျိုးသားရေး ဝါဒသမားကမှ မပြောနိုင်ဘူး …..

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်