Tuesday, 9 July 2013

၁၀-၇-၂၀၁၃ တပ်မတော် (ကြည်း၊ ရေ၊ လေ) ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများနှင့် တွေ့ဆုံခြင်း

 
တပ်မတော် (ကြည်း၊ ရေ၊ လေ) ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများနှင့် ဘက်စုံ ပညာထူးချွန် လူငယ်များအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားအား နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်တွင် ဇူလိုင် ၄ ရက်က ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပ ပြုလုပ်ရာတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့ကြသော ကျောင်းသားများအား မြ၀တီ မှ တွေ့ဆုံမေးမြန်း တင်ပြလိုက်ရ ပါသည်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) တပ်မတော် မှတ်တမ်း ညွှန်ကြားရေးမှူး ရုံးမှ  ဒုတိယ အရာခံဗိုလ် အေးချို၏ သားဖြစ်သူ စုစုပေါင်း ရမှတ်  ၅၁၉ မှတ်ဖြင့် ခြောက်ဘာသာ ဂုဏ်ထူး ရရှိသော မောင်ပြည့်ဖြိုးဝင်းအား မြ၀တီမှ မေးမြန်း ခဲ့ရာတွင်-

မေး။ ။ ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်မှာ တက်ရောက် ပညာသင်ကြား ခဲ့တဲ့ကျောင်းကို  သိပါရစေ။
ဖြေ။ ။ ဟုတ်ကဲ့ ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်မှာ နေပြည်တော် ဇေယျာသီရိ မြို့နယ်ရှိ   အမှတ်(၁) အခြေခံ ပညာ အထက်တန်း ကျောင်းတွင် တက်ရောက်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်  တက္ကသိုလ်ဝင် စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် အပြင် ဘက်စုံပညာ ထူးချွန်ဆုပါ ရရှိခဲ့ပါတယ် ခင်ဗျာ။
မေး။ ။ ဘာသာစုံ ဂုဏ်ထူးအပြင် ဘက်စုံပညာ ထူးချွန်ဆုကို ဘယ်လို ရရှိအောင် ကြိုးစားခဲ့ရ ပါသလဲ။
ဖြေ။ ။ ကျွန်တော့် အနေနှင့် ဘက်စုံပညာ ထူးချွန်ဆု ရရှိအောင် အတော့်ကို ကြိုးစားခဲ့ရ ပါတယ်ခင်ဗျာ၊ ဘာကြောင့်လဲ ဆိုရင် ဘက်စုံပညာ ထူးချွန်ဆု ရဖို့ဆိုရင် ကျောင်းအလိုက်၊ မြို့နယ်အလိုက် ယှဉ်ပြိုင် ခဲ့ရပြီး ပညာရေး အပြင် အား ကစား၊ အထွေထွေ ဗဟုသုတပါ တတ်ကျွမ်းရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေဖြင့် အတော်ကြိုးစား ခဲ့ရပါတယ် ခင်ဗျာ။
မေး။ ။ အနာဂတ် ရည်မှန်းချက်ကို သိပါရစေ။
ဖြေ။ ။ ကျွန်တော့်ရဲ့ အနာဂတ် ရည်မှန်းချက် ကတော့ ပြည်သူတွေကို တစ်ဖက် တစ်လမ်းမှ ကူညီပေးနိုင်မည့် ဆရာဝန်ကောင်း ဖြစ်ချင်တယ်။ ကျွန်တော့် အဖေက စစ်သား တစ်ဦး ဖြစ်တဲ့အတွက် တပ်မတော် ဆေးတက္ကသိုလ်ကို တက်ရောက်ဖို့ ရည်မှန်း ထားပါတယ် ခင်ဗျာ။
ထို့အပြင် အမှတ် (၆) အခြေခံ ပညာ အထက်တန်းကျောင်း စစ်တွေမှ ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် အပြင် ဘက်စုံပညာ ထူးချွန်ဆု ရရှိသော မောင်တော်ဇင် မောင်အား မေးမြန်း ခဲ့ရာတွင်-
မေး။ ။ ခြောက်ဘာသာ ဂုဏ်ထူးအပြင် ဘက်စုံပညာ ထူးချွန်ဆုကို ဘယ်လိုကြိုးစား ခဲ့ရတယ် ဆိုတာ သိပါရစေ။
ဖြေ။ ။ ဘက်စုံပညာ ထူးချွန်ဆုနှင့် ခြောက်ဘာသာ ဂုဏ်ထူး ရရှိအောင် တစ်နေ့တာ သင်ကြားတဲ့ ကျောင်းတွင်း စာတွေကို နေ့စဉ်ပုံမှန် လေ့လာကျက်မှတ် ရပါတယ်။ ထို့အပြင် ပြင်ပဗဟုသုတ ရရှိစေရန် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ များအား အမြဲတမ်း လေ့လာကြည့်ရှု ရပါတယ်။ နောက်ထပ် အားကစား လေ့ကျင့်ခန်း တွေပါ မှန်မှန်ပြုလုပ် ရပါတယ်။
မေး။ ။ ဒီဆုကို ရရှိဖို့ ဘယ်သူတွေက ပြုစုပျိုးထောင် ပေးခဲ့ပါသလဲ။
ဖြေ။ ။ ဒီဆုကို ရရှိဖို့ အတွက် ငယ်ငယ် ကတည်းက ပြုစုပေးခဲ့တဲ့ မိဘ နှစ်ပါးနှင့် ကျောင်းမှာ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများ ဖြစ်ပါတယ် ခင်ဗျာ။
မေး။ ။ အနာဂတ် ရည်မှန်းချက်ကို သိပါရစေ။
ဖြေ။ ။ အနာဂတ် ရည်မှန်းချက် ကတော့ ထူးချွန် ထက်မြက်တဲ့ အင်ဂျင်နီယာကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်။
ခြောက်ဘာသာ ဂုဏ်ထူးရှင် မောင်ဟိန်းထက်နိုင်အား မေးမြန်းရာတွင်-
မေး။ ။ အခု စာမေးပွဲမှာ ဂုဏ်ထူး ဘယ်နှစ်ဘာသာနဲ့ အောင်မြင်ခဲ့ပါ သလဲ။
ဖြေ။ ။ ဂုဏ်ထူး ခြောက်ဘာသာ နဲ့ပါ။
မေး။ ။ အခုလိုမျိုး ဂုဏ်ထူးတွေ အများကြီး ရအောင် ဘယ်လိုကြိုးစား ခဲ့ပါသလဲ။
ဖြေ။ ။ နှစ်စကတည်းက စာကို မှန်မှန်ကြိုးစား ခဲ့ပါတယ်။ တစ်နေ့ကို လေးနာရီလောက် စာကျက်ဖို့ အချိန် ပေးပါတယ်။
မေး။ ။ အခုလိုမျိုး ဂုဏ်ထူးတွေနဲ့ အောင်မြင်တဲ့ သူတွေကို နေပြည်တော်  မြို့တော်ကြီးမှာ လေ့လာရေးတွေ လိုက်ပို့တဲ့ အပေါ် မောင်လေး အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ကောင်းတယ်လို့ မြင်ပါတယ်။ အစိုးရ အနေနဲ့ တော်တော်ကို ဂုဏ်ရှိအောင်၊ အကျိုးအမြတ် ရအောင် လို့ပါ။
မေး။ ။ အခုလိုမျိုး သူငယ်ချင်း တွေနဲ့ မိဘတွေနဲ့ အတူ လေ့လာရေး ခရီး သွားရတဲ့ အတွက် မောင်လေး အနေနဲ့ ဘယ်လိုခံစား ရပါသလဲ။
ဖြေ။ ။ ကျေနပ်ပီတိ ဖြစ်ပါတယ်။
မေး။ ။ အနာဂတ် ရည်မှန်းချက်လေး သိပါရစေ။
ဖြေ။ ။ ဆရာဝန် လုပ်မှာပါ။
လေးဘာသာ ဂုဏ်ထူးရှင် မောင်စိုးဇင်လှိုင်ဦးအား မေးမြန်းရာတွင်-
မေး။ ။ ဘယ်ကျောင်းက ဂုဏ်ထူး ဘယ်နှစ်ဘာသာနဲ့ အောင်မြင်ခဲ့ပါ သလဲ။
ဖြေ။ ။ အထကခွဲ(သန္ဓေပင်) ကပါ။ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင် ခဲ့တာပါ။
မေး။ ။ အခုလိုမျိုး ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်အောင် ဘယ်လို ကြိုးစားခဲ့ပါ သလဲ။
ဖြေ။ ။ စာတွေကို နှစ်စကနေ စပြီး အကြွေး မကျန်အောင် နေ့စဉ် ကျက်ပါတယ်။ ဆရာ၊ ဆရာမတွေ သင်ကြား ပေးတာကိုလည်း လိုက်နာ သင်ကြားပါတယ်။ ကျောင်းမှာ ဖြေဆို တဲ့ စာမေးပွဲ တွေမှာ မှားတာ ရှိတာတွေကို မှတ်ပြီး အတန်းတင် စာမေးပွဲမှာ မမှားအောင် ဖြေဆိုပါတယ်။
မေး။ ။ အခုလို ထူးချွန်တဲ့သူ တစ်ယောက် ဖြစ်လာပြီး ဒီပွဲတွေကို တက်ရောက်ခွင့် ရပြီး လေ့လာရေးတွေ သွားရောက်ခွင့် ရတဲ့အတွက် ဘယ်လိုခံစား ရပါသလဲ။
ဖြေ။ ။ အရမ်းကို ပျော်ပါတယ်။
အခုလိုမျိုး  လေ့လာရေး ခရီး သွားလို့ရအောင် စီစဉ်ပေးတဲ့ လူကြီးတွေ ကိုလည်း ကျေးဇူး တင်ပါတယ်။ ဂုဏ်ထူးထွက်အောင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမ များကိုလည်း ကျေးဇူး တင်ပါတယ်။
မေး။ ။ အရင်တုန်း ကလည်း နေပြည်တော်ကို လာဖူးသလား။
ဖြေ။ ။ မလာဖူးပါဘူး။
မေး။ ။ ပထမဦးဆုံး အကြိမ် သူငယ်ချင်းတွေ မိဘတွေနဲ့ လေ့လာရေး ခရီး လာရတဲ့ အတွက် ရင်ထဲက ပီတိစကားလေး ကြားချင်ပါတယ်။
ဖြေ။ ။ အရမ်းကို ပျော်ပါတယ်။ ပြောလို့တောင် မတတ်ပါဘူး။
မေး။ ။ နောင်မျိုးဆက်သစ် တွေကို ထူးချွန်တဲ့သူ တစ်ယောက် ဖြစ်လာအောင် ဘာများ ပြောချင် ပါသလဲ။
ဖြေ။ ။ ကြိုးစားစေချင် ပါတယ်။ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ ဂုဏ်ထူး များများနဲ့လည်း ဖြစ်စေ ချင်ပါတယ်။ အလုပ် ကြိုးစားလုပ်ပြီး နိုင်ငံ့ တာဝန်တွေကို ထမ်းဆောင်နိုင်အောင် ကြိုးစားစေချင် ပါတယ်။
မေး။ ။ အနာဂတ် ရည်မှန်းချက် လေးကို ပြောပေးပါ။
ဖြေ။ ။ ဆရာဝန် တစ်ယောက် ဖြစ်ချင်ပါတယ်။
သုံးဘာသာ ဂုဏ်ထူးရှင် မသက်မြတ်နိုးသူအား မေးမြန်းရာတွင်-
မေး။ ။ အခုလိုမျိုး ဂုဏ်ထူးတွေ အများကြီး ထွက်အောင် ဘယ်လိုမျိုး ကြိုးစား ခဲ့ပါသလဲ။
ဖြေ။ ။ သမီး အနေနဲ့ စာတွေကို ပုံမှန် လုပ်ပါတယ်။ အကြွေး မထားဘဲ တစ်နှစ်ပတ်လုံး အပတ်တကုတ် ကြိုးစား ခဲ့တာပါ။
မေး။ ။ အခုလို ထူးချွန်တဲ့ သူတွေကို နေပြည်တော် အတွင်း ဗဟုသုတ ရှိမယ့် နေရာတွေကို လေ့လာရေးတွေ လိုက်ပို့တဲ့ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အရမ်းကို ကျေးဇူး တင်ပါတယ်။ လွှတ်တော်ဆိုတာ သာမန်ဝင်လို့ မရပါဘူး။ သမီးတို့ကို လိုက်ပို့ပေးတဲ့ အတွက် ဗဟုသုတလည်း အများကြီး ရပါတယ်။ ကျေးဇူးလည်း အများကြီး တင်ပါတယ်။
မေး။ ။ အနာဂတ် ရည်မှန်းချက်ကို ပြောပေးပါ။
ဖြေ။ ။ စီးပွားရေး ပညာရှင်ကြီး ဖြစ်ချင်ပါတယ်။
ထို့အပြင် အမှတ်(၃) တပ်မတော် ပညာရေး ကျောင်းမှ တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော တပ်ကြပ် ရဲခေါင်အား မေးမြန်းရာတွင်-
မေး။ ။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဘယ်ကျောင်းက အောင်မြင် ခဲ့ပါသလဲ။
ဖြေ။ ။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်(၃) တပ်မတော် ပညာရေးကျောင်း (အောင်ပန်း)မှ န၀မ တန်းမှာ စတင် တက်ရောက်ခဲ့ပြီး တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် တပ်မတော်ထဲမှာ တာဝန် ထမ်းရင်းနဲ့ ၂၀၀၁-၂၀၀၂ ပညာ သင်နှစ်မှာ အဋ္ဌမတန်း အောင်မြင်ပြီးတော့ ၂၀၁၁-၂၀၁၂ ခုနှစ် ပညာ သင်နှစ်မှာ အမှတ်(၃) တပ်မတော် ပညာရေးကျောင်း (အောင်ပန်း)မှာ န၀မတန်းမှ စ၍ ပညာ သင်ကြားပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ အောင်မြင် ခဲ့ပါတယ်။
မေး။ ။ ယခုလို နိုင်ငံ့တာဝန် ထမ်းဆောင်ရင်းနဲ့ ထူးထူးချွန်ချွန် အောင်မြင်အောင် ဘယ်လိုb ကြိုးစားခဲ့ရ ပါသလဲ။
ဖြေ။ ။ ယခုလို ထူးထူးချွန်ချွန် အောင်မြင်အောင် တစ်နေ့တာ သင်ကြားပေးသော သင်ခန်းစာ များအား ပုံမှန်လေ့ကျင့် ခဲ့ရတဲ့ အပြင် ကျွန်တော့်ရဲ့ ရည်မှန်းချက် အတိုင်း အောင်မြင်အောင် ကြိုးစားခဲ့ရ ပါတယ်။
မေး။ ။ အခုလိုမျိုး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးအပ်တဲ့ ဆုကို ရရှိတဲ့ အတွက်  တပ်မတော်သား တစ်ယောက် အနေနဲ့ ဘယ်လို ခံစားရတယ် ဆိုတာ ပြောပြပေး ပါဦး။
ဖြေ။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပေးတဲ့ဆုကို ကျွန်တော် ဘယ်တော့မှ မမျှော်မှန်း ခဲ့ပါဘူး။ အခုတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကနေပြီးတော့ ကျွန်တော်နဲ့ အတူ ထူးချွန်စွာ အောင်မြင်တဲ့ စစ်သည် အားလုံးကို ထိုက်ထိုက်တန်တန် ဆုများချီးမြှင့် ပေးခဲ့တဲ့ အတွက် အရမ်း ၀မ်းသာပီတိ ဖြစ်မိပါတယ်။



No comments:

Post a Comment