Sunday, 7 July 2013

၈-၇-၂၀၁၃-ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု့

buddishgara3-july8
 မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ဗုံးရှင်းလင်းရေး အရာရှိ တစ်ဦးက ပြသနေစဉ် (Photo:AFP)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ ဘီဟာပြည်နယ်မှ ဗုဒ္ဓဂယာ ကျောင်းတော်ဝင်းအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် မြန်မာသံဃာတော် တစ်ပါးအပါအ၀င် ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ယခု ဖြစ်စဉ်သည် ဇူလိုင် ၁ ရက် နေ့စွဲဖြင့် ထုတ်ဝေခဲ့သည့် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် The Face of Buddhist Terror ဆောင်းပါးထည့်သွင်း ဖော်ပြခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆောင်းပါး ဖော်ပြထားသည့် တိုင်းမ်မဂ္ဂဇင်းကို မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့က နိုင်ငံတွင်း ဖြန့်ချိခွင့် ပိတ်ပင်ထားသည်။
ယခု ဗုဒ္ဓဂယာတွင် ပေါက်ကွဲသည့် ဗုံးများသည် အားမပြင်းသောကြောင့် ကျောင်းတော်နှင့် ဗောဓိညောင်ပင်တို့ ပျက်စီးခဲ့ခြင်း မရှိကြောင်း အိန္ဒိယရဲများက သတင်းထုတ်ပြန်ခဲ့သည်။ "ဗောဓိညောင်ပင်ကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒဏ်ရာရတဲ့လူတွေတော့ ရှိပါတယ်" ဟု ဘီဟာပြည်နယ် ရဲချုပ်အဘရာနန်က အေအက်ပီသို့ ပြောကြားသည်။
ပေါက်ကွဲမှု ရှစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများတွင် သံဃာတော်နှစ်ပါး ပါဝင်ခဲ့သည်ဟု မျက်မြင်သက်သေများနှင့် ရဲအရာရှိများက ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
နံနက် ၅ နာရီခွဲခန့်တွင် ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျန်ပေါက်ကွဲမှုများသည် နှစ်မိနစ်ခန့်ခြားကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုများ ဖြစ်ပွားသည့် အချိန်တွင် ကျောင်းတော်ဝင်းအတွင်း ဗုဒ္ဓဘာသာ ဘုရားဖူး ၂၀၀ ခန့် ရှိနေခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုများသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ကို အတည်ပြုရန် အချိန်စောသေးကြောင်း အိန္ဒိယပြည်ထဲရေး ၀န်ကြီးဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန် ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီး အာနီဂိုဆွာမိက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

လုံခြုံရေးများကို တိုးမြှင့်ချထားကြောင်း ခရိုင်ရဲ အရာရှိက ပြောကြားခဲ့ပြီး NDTV ရုပ်သံဌာနကလည်း မပေါက်ကွဲသေးသော ဗုံးနှစ်လုံးကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ ဗုဒ္ဓဂယာသည် ဘီဟာပြည်နယ်၏ မြို့တော်ပတ္တနား တောင်ဘက် ၆၈ အကွာတွင်ရှိပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် ၂၀၁၂ ခုနှစ်တွင် ယူနက်စကိုက အသိအမှတ် ပြုခဲ့သည်။
ဗုဒ္ဓဂယာတွင် သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့သည့် ဗောဓိညောင်ပင်၊ မဟာဗောဓိ ရုပ်ပွားတော်နှင့် မြတ်စွာဘုရား သီတင်းသုံးခဲ့သော ကျောင်းတော်နေရာများ ရှိသည်။
မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးအနက် တစ်လုံးကို ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ဥာဏ်တော် ၂၄ ပေ အမြင့်ရှိသော ဗုဒ္ဓဆင်းတုတော် တစ်ဆူအနီးမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယ၀င် ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ခံရမှုမှာ ရှားပါးသော်လည်း မြန်မာ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဒေသအများအပြားတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိခိုက်ဒဏ်ရာရသူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးသည် သက်တော် ၅၀ နှစ်အရွယ် တိဘက်သံဃာတော် တစ်ပါးနှင့် သက်တော် ၃၀ အရွယ် မြန်မာသံဃာတော် တစ်ပါးတို့ဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုများအနက် လေးခုမှာ မဟာဗောဓိ ဘုန်းကြီးကျောင်း အနီးတွင်ဖြစ်ပြီး သုံးခုမှာ ကာမာပဘုန်းတော်ကြီးကျောင်း အနီးနှင့် ပေါက်ကွဲမှု တစ်ခုမှာ ဥာဏ်တော် ပေ ၈၀ အမြင့်ရှိသော ဗုဒ္ဓဆင်းတုတော် တစ်ဆူအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းတွေ့ရှိချက်များအရ ပေါက်ကွဲခဲ့သည့် ဗုံးများမှာ ဈေးကွက်အတွင်း လွယ်ကူစွာ ၀ယ်ယူရရှိနိုင်သည့် အမိုးနီးယား နိုက်ထရိတ် သို့မဟုတ် ပိုတက်ဆီယမ်ပါမင်းဂနိတ် တို့ကဲ့သို့သော ပစ္စည်းများမှ ပြုလုပ်ခဲ့ဖွယ်ရှိကြောင်း သိရသည်။
"ဘာသာတရား အားလုံးကို လေးစားဖို့ ကျွန်တ်ာတို့ရဲ့ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေက သင်ကြားထားပါတယ်။ အခုလို ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို တိုက်ခိုက်တဲ့ အပေါ်မှာ ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး" ဟု အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားခဲ့ . . . . .
ယင်းဓာတု ပစ္စည်းများသည် စစ်ဘက်သုံး ဖောက်ခွဲရေး ပစ္စည်းများကဲ့သို့ ပြင်းထန်မှု မရှိသော်လည်း လွယ်ကူစွာ ၀ယ်ယူရရှိနိုင်ပြီး ကမ္ဘာပေါ်တွင် အကြမ်းဖက် အဖွဲ့အစည်းများက ကျယ်ပြန့်စွာ အသုံးပြုနေသည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ဗုံးဖောက်ခွဲသူများက လက်လုပ်ဗုံးများ အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း တစ်ချိန်တည်းတွင် ပေါက်ကွဲစေမည့် ချိန်ကိုက်စနစ်ကို အသုံးပြုခဲ့သောကြောင့် နည်းပညာ အသင့်အတင့်မြင့်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဖောက်ခွဲမှု ပြုလုပ်သည့် ပစ္စည်းများမှာ ၂၀၁၂ ခုနှစ်အတွင်းက မွမ်ဘိုင်းမြို့ Crawford လမ်းတွင် ပြုလုပ်ခဲ့သည့် ပစ္စည်းများနှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဟာဗောဓိ ကျောင်းတော်မှာ နှစ်ပေါင်း ၂၅၀၀ ခန့် သက်တမ်းရှိပြီ ဖြစ်သည်။
ဗုံးပေါက်ကွဲမှုကို ကြုံတွေ့ခဲ့သူ သံဃာတော် တစ်ပါးက "ဗုံးပေါက်ကွဲတာတွေက ပြင်းထန်ပါတယ်။ ဗောဓိပင်နောက်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှု တစ်ခုတွင် ထိခိုက်ဒဏ်ရာ ရခဲ့သူ တစ်ဦးက "ဗုံးပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာ ကျွန်တော်က ဘုရားကျောင်းတစ်ခု အနီးနားမှာ ရှိနေပါတယ်။ ပြင်းထန်တဲ့ အသံတစ်ခုကို ကြားလိုက်ရပြီး ခြေထောက်မှာ ဒဏ်ရာရသွားပါတယ်" ဟု ပြောကြားခဲ့သည်။
မဟာဗောဓိက ဘုရားကျောင်းအား တိုက်ခိုက်မှု ခံရနိုင်ကြောင်း ထောက်လှမ်းရေးအဖွဲ့က ပြည်နယ်အစိုးရကို သတင်းပေးခဲ့ဖွယ် ရှိသောကြောင့် ပြည်နယ်အစိုးရနှင့် ခရိုင်အာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်ချထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ သီရိလင်္ကာသမ္မတ မဟိန္ဒရာဇပက်ဆေက စိုးရိမ်ပူပန်မှု ဖြစ်ကြောင်း၊ ဗုဒ္ဓဂယာသည် သီရိလင်္ကာ နိုင်ငံသားများ ဘုရားဖူးသွားသည့် နေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာသမ္မတ ကိုယ်တိုင်ပင် ဗုဒ္ဓဂယာသို့ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက သွားရောက်ခဲ့သည်။
ဗုဒ္ဓဂယာအား တိုက်ခိုက်ခံရမည့် သတင်းကို ရရှိခဲ့သော်လည်း ပြည်နယ်အစိုးရ အနေဖြင့် အစည်းဝေးများသာ ပြုလုပ်နေပြီး အရေးယူဆောင်ရွက်မှု မလုပ်ဆောင်ခဲ့ကြောင်း ဂယာဒေသမှ BJP ပါတီလွှတ်တော်အမတ်က ပြစ်တင်ဝေဖန်ခဲ့သည်။ "ဗုဒ္ဓဂယာမှာ အခုလို ဗုံးခွဲခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်" ဟု အဆိုပါ လွှတ်aတ်ာအမတ်က ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ လုံခြုံရေး အဖွဲ့အစည်းများမှ အစီရင်ခံစာကို ပြည်ထဲရေး ၀န်ကြီးဌာနမှ တောင်းဆိုထားပြီး ဗုံးခွဲတိုက်ခိုက်ခံရမည့် သတိပေးမှု အများအပြားလည်း ကြိုတင်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ယခု ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း  သိရသည်။
ဗုဒ္ဓဂယာအား ဗုံးဖောက်ခွဲမှု ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးမှုများကို လွန်ခဲ့သော ခြောက်လခန့်က ရရှိခဲ့ကြောင်း ဘီဟာပြည်နယ် ရဲတပ်ဖွဲ့က ၀န်ခံပြောကြား ခဲ့သော်လည်း မဟာဗောဓိ ဘုရားကျောင်းအား ကာကွယ်ရေးတာဝန် ယူထားသည့် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့၏ ပေါ့လျော့မှုအပေါ် ပြစ်တင်ပြောကြားခဲ့သည်။
ယခု ဗုံးဖောက်ခွဲခံရမှုနှင့် ပတ်သက်၍ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၏ လက်ထောက်ဖြစ်သူ ဘုန်းတော်ကြီး တမ်ပါဆာရင်က "အခုလို အထင်ကရ ဘာသာရေးနေရာမှာ ဗုံးခွဲခံရတာဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ လုံခြုံရေး ပိုမိုချထားခဲ့ဖို့ လိုပါတယ်။ ဘယ်သူမဆို ဒီလိုအလုပ်မျိုးကိုတော့ မလုပ်သင့်ပါဘူး" ဟု ပြောကြားခဲ့သည်။
"ဘာသာတရား အားလုံးကို လေးစားဖို့ ကျွန်တ်ာတို့ရဲ့ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေက သင်ကြားထားပါတယ်။ အခုလို ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို တိုက်ခိုက်တဲ့ အပေါ်မှာ ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး" ဟု အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားခဲ့သည်။

ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြောစကားများ
"ဗုဒ္ဓဂယာဆိုတာ သာသနာတော်ရဲ့ သမိုင်းအရ ပြောရမယ်ဆိုရင် သိဒ္ဓတ္ထမင်းသား သစ္စာလေးပါးကို ထိုးထွင်းသိမြင်တဲ့ နေရာဖြစ်တဲ့အတွက် အထွတ်အမြတ် နေရာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းအနေနဲ့ ပြောရမယ်ဆိုရင်လည်း သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်တော်မူတဲ့ နေရာဖြစ်တဲ့အတွက် ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခု ဖြစ်ပါတယ်။ ဒီလိုနေရာကို ဗုံးဖောက်ခွဲလိုက်ခြင်းဟာ ဗုဒ္ဓသာသနာတော်ကြီး တစ်ခုလုံးကို ထိပါးစော်ကားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒသည် မေတ္တာတရားကို အခြေခံတဲ့ ၀ါဒဖြစ်တဲ့အတွက် တစ်ပါးသူက ဘယ်လိုပင် နှောင့်ယှက်ရန်ကို ရန်ချင်းမတုံ့ပြန်ရပါ။ အဲဒါတွေကြောင့် ဒီလိုဖြစ်ရပ်တွေကို လုပ်ဆောင်လှုံ့ဆော်တဲ့ သူတွေကို အိန္ဒိယ အစိုးရ အနေနဲ့ တရားဥပဒေ ဘောင်အတွင်းက ငြိမ်းချမ်းစွာ ဖြေရှင်းပေးဖို့ တိုက်တွန်းပါတယ်"
အရှင်ဒေ၀ိန္ဒာ လင်္ကာရာ ဘိဝံသ (သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)
"ကမ္ဘာမှာ အကြိမ်ကြိမ် ဒီလိုဖောက်ခွဲမှုတွေ ဖြစ်ပွားနေပါတယ်။ ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားတဲ့ ဒီလိုနေရာမျိုးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဟာ ဆိုးရွားပါတယ်။ မကောင်းဘူးလို့ ဦးပဉ္စင်းမြင်တယ်။ ဒီလိုဖြစ်ရပ်က ဖြစ်ကိုမဖြစ်သင့်ပါဘူး။ ရှုပ်ထွေးနေတဲ့ ခေတ်သစ်ကမ္ဘာကြီးမှာ ဘာသာရေးနဲ့ဆိုင်တဲ့ အထင်မှားမှုတွေ၊ ရှုပ်ထွေးမှုတွေ မဖြစ်သင့်ပါဘူး။ ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲတာကိုသိတော့ အင်မတန် ၀မ်းနည်းမိတယ်၊ သံဝေဂလည်း ရမိတယ်။ ဘုရားဖူးလာတဲ့ သူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်စရာ ဖြစ်လာတဲ့အတွက် ရှုတ်ချပါတယ်။ တကယ်မြင့်မြတ်တဲ့ နေရာမှာ ဖြစ်သွားတဲ့အတွက် မေတ္တာတရား ထားကြဖို့ တိုက်တွန်းပါတယ်။ ဒါပေမဲ့ တကယ်ပြုလုပ်တဲ့ သူတွေကို ဥပဒေအရ ဖော်ထုတ်တင်ပြ သင့်ပါတယ်။ လက်တုံ့ပြန်ဖို့တော့ ဦးပဉ္စင်းတို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မလုပ်သင့်ပါဘူး။ ကန့်ကွက်သင့်တာ ကန့်ကွက်ရင်း မေတ္တာတရား ထားကြရပါမယ်"
ဆရာတော် အရှင်ဓမ္မပီယ (ငါးကျမ်းပြန် သာသနာ့ရိပ်သာ၊ ရန်ကုန်)
"ဒီသတင်းကိုကြားတော့ ဗုဒ္ဓဘာသာရဲ့ အထွတ်အထိပ်နေရာမှာ လုပ်တာမို့ စိတ်လည်းတိုတယ်။ ခံစားရတယ်။ ၀ီရသူတို့ လုပ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာကို တစ်ဖတ်သတ် အကြမ်းဖက် တုံ့ပြန်တာပဲ။ ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားတဲ့ ဘုရားပွင့်တော်မူတဲ့ နေရာမှာ လာပြီးစော်ကားတာပဲလေ။ အစွန်းရောက် တစ်ယူသန်လုပ်ရပ်မို့ အင်မတန် ရိုင်းပျတယ်။ ဗမာက ဘယ်မှာအကြမ်းဖက်လို့လဲ။ ၀ီရသူ သတ်ဖြတ်ထားတာ ရှိလား။ သတ်ဖြတ်ဖို့ အမိန့်ပေးထားတာ ရှိလို့လား။ လူမျိုးစောင့်ဖို့ ဘာသာစောင့်ဖို့တော့ လူတိုင်းပြောမှာပဲလေ။ ပါးရိုက်နားကိုက်တာမျိုး မဖြစ်သင့်ဘူး။ ပြဿနာကို တစ်ခုချင်းရှင်းပါ။ မဆိုင်တာကို လိုက်ပြီးလုပ်တာတော့ နိုင်ငံကြီးသား မပီသဘူး။ လူမဆန်ဘူး"
ဦးကာဝိရ (ဂဠုန်နီဆရာတော်)
"ဒီနေ့ ဗုံးပေါက်တာမှာ သံဃာတော်နှစ်ပါး ထိခိုက်ဒဏ်ရာ ရပါတယ်၊ တစ်ပါးက မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ပိုင်ကျောင်းမှာ နေထိုင်တဲ့ မြင်းခြံဇာတိ ဦးဝိလာသဂ္ဂပါ၊ သူ့ကိုအခု ဂယာဆေးရုံမှာ တင်ထားတယ်၊ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး၊ ဒီနေ့ ဗုံးပေါက်ပြီးနောက်မှာ ထိုင်းကျောင်းနှစ်ကျောင်းမှာ ဗုံးတစ်လုံးစီ၊ တိဗက်ကမာပတ်ကျောင်းမှာ ဗုံးနှစ်လုံး၊ ဂျပန်ဘုရား အပြင်ဘက်မှာ တစ်လုံးထပ်တွေ့ရတယ်၊ ဗုဒ္ဓဂယာ တစ်ဝိုက်မှာ နိုင်ငံတကာ ကျောင်းတွေမှာတော့ သတိနဲ့နေကြဖို့ အချင်းချင်း သတိပေးနေကြတယ်၊ ဗုံးပေါက်မယ်ဆိုတဲ့ သတင်းက အရင်သုံးပတ်လောက်တည်းက သတင်းရတယ်လို့ ကြားခဲ့တယ်၊ မနေ့ကလည်း လုံခြုံရေး ကင်မရာတွေ ပြင်ဆင်နေတယ်၊ ဦးဇင်းတို့ မြန်မာကျောင်းသားများ စုပေါင်းပြီး ကျန်းမာရေး ထောက်ပံ့စရိတ်အတွက်လည်း စီစဉ်နေပါတယ်"
အရှင်ကုမုဒြာ (ဗောဓိတစ်ထောင် ကျောင်းတိုက်)
"မနက် ၅ နာရီမှာ မဟာဗောဓိ စေတီကို သီတင်းသုံးဖော် ဦးဝိလာသဂ္ဂနဲ့အတူ ပဋ္ဌာန်းသွားရွတ်ကြပါတယ်။ ဦးဇင်းက ဗောဓိပင်ရဲ့ မြောက်ဘက်ကရွတ်ပြီး ဗုံးထိခံရတဲ့ ကိုယ်တော်က တောင်ဘက်ခြေရင်းမှာ ရွတ်ဖတ်တာပါ။ မနက် ၅ နာရီခွဲလောက်မှာ ၀ုန်းဆိုပြီး ပေါက်ကွဲသွားပါတယ်"
အရှင်ဣန္ဒာဝုဓ (အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေသည့် ဆရာတော်)
"ဒီလိုကိစ္စတွေ ဖြစ်လာတော့ နိုင်ငံသားတွေ အတွက်ရော၊ သာသနာ အတွက်ပါ လုံခြုံမှုမရှိတဲ့ ကိစ္စရပ်တွေ ဖြစ်လာတာပေါ့။ ပြဿနာတွေရဲ့ အရင်းအမြစ်က မြန်မာနိုင်ငံမှာဖြစ်နေကျ ပြစ်မှုဆိုင်ရာ ပြဿနာအပေါ်မှာ အခြေခံပြီး လူအုပ်စုတစ်စုက ပြဿနာတွေကို ဖန်တီးလာတယ်။ နိုင်ငံတော်ကလည်း အဲဒီအုပ်စုကို ထိထိရောက်ရောက် အရေးယူတာ မရှိဘဲ အဲဒီအုပ်စုရဲ့ ခြိမ်းခြောက်မှုကို ဆက်တိုက်ဆက်တိုက် ဆိုသလို ခံလာရတာကလည်း ဒီလိုပြဿနာတွေ အစပျိုးဖို့ ဖြစ်ခဲ့တယ်။ အဲဒီမီးကို ဒီဘက်ကို ကူးစက်မလာအောင် ဘာသာပေါင်းစုံ လူငယ်ချစ်ကြည်ရေး အဖွဲ့တွေ ဖွဲ့ပေးတာတို့၊ ဘယ်အကြမ်းဖက်မှုကိုမဆို ရှုတ်ချတာတို့၊ အောက်ခြေအသီးသီးမှာ ဒီဟာတွေကို အားမပေးဖို့၊ ကိုယ်တိုင်လည်း မပါဝင်ဖို့၊ ရဲတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီးတော့ သတင်းရရင်ပေးဖို့၊ ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံထဲကို ဘယ်အကြမ်းဖက်မှုမှ ၀င်မလာအောင်နဲ့ ကိုယ့်တိုင်းပြည်ထဲမှာလည်း ဘယ်အကြမ်းဖက်မှုမှ မဖြစ်အောင် အားလုံးတူတူ လုပ်ဆောင်ကြဖို့ လိုပါတယ်"
ဦးတင်သန်းဦး (စီးပွားရေးနှင့် ဥပဒေ အကြံပေး)
"အိန္ဒိယနိုင်ငံက စစ်ဆေးချက် ရလဒ်အရကို ကြည့်ပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေးအရ ဆက်လက်ဆောင်ရွက် သွားမှာပါ"
ရဲမှူးချုပ်စိုးမြိုင် (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်)
  Eleven Media

No comments:

Post a Comment