
ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင်
နာရေးရှင်
 ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမကူညီရန် 
မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် 
မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်သို့ 
နာရေးကိစ္စများအားကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ 
ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး 
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/ သားများချိတ်ဆွဲ
 လေ့ရှိသော အသင်းတံဆိပ်နှင့် ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် 
ချိတ်ဆွဲလျှက် ဈာပန လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) 
နာရီချိန်ကတည်းက အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာ 
ရောက်နှင့်နေပြီဖြစ်သည်။ နန်းခင်ဇေယျာသည် ၂.၁၂.၂ဝ၁၂ ရက်နေ့ကလည်း 
ပထမဦးဆုံးအကြိမ် ယခုကဲ့သို့ နာရေးကူညီမှုလမ်းကြောင်း (၂) ကြောင်းအား 
လိုက်လံပို့ဆောင် ကူညီ သင်္ဂြိုလ်ပေးခဲ့ဖူးသည်။   	နံနက် (၁ဝးဝဝ) နာရီ 
စတင်ထွက်ခွါပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ရောက်သည်နှင့် နန်းခင်ဇေယျာသည် သူမ၏ 
လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန် (Silence) လုပ်လိုက်သည်။ ယခုအချိန်လောက် 
အရေးကြီး သော အချိန်မရှိဟူသော အဓိပ္ပါယ်ပင်။ အဘယ့်ကြောင့်ဆိုသော သူမ ယနေ့ 
တစ်နေ့တာလုံး အမြင့်မြတ် ဆုံးသော ကုသိုလ်အလုပ်များကိုသာ 
လုပ်ဆောင်တော့မည်ဖြစ်သည်။   	သူမ၏ ပေးဆပ်မှုမှာ နံနက် (၁ဝးဝဝ) 
နာရီအချိန်မှစ၍ ညနေ (၅းဝဝ) နာရီအချိန်ထိပင်။ အလှမယ် နန်းခင်ဇေယျာ၏ 
တစ်နေ့တာပေးဆပ်မှုမှာ အပြည့်အဝဆုံး အဖြူစင်ဆုံး မေတ္တာများဖြင့် 
ပေးဆပ်ခဲ့ခြင်း ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ Volunteer 
ယောင်္ကျားလေးမှသာ တစ်နေ့တာ နာရေးကူညီမှု လမ်းကြောင်း (၄) ကြောင်းထိ 
လိုက်နိုင်ကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ပူအိုက်လှသော နေ့လည် ခင်း၊ 
ကား၏အပူရှိန် အငွေ့အသက်၊ နာရေးရှင်တို့၏ ပူဆွေးသောကတို့အား 
မျှဝေခံစားခြင်း၊ နေအိမ်မှ -ရေဝေးသုဿန်သို့၊ ရေဝေးသုဿန်မှ-နေအိမ်သို့၊ 
သို့တည်းမဟုတ် ဆေးရုံများသို့ တစ်နေ့တာ အကြိမ်ကြိမ် ပေးဆပ်မှုများကို 
ကျော်ဖြတ်ကြရခြင်းသည် မောပန်းပင်ပန်းလှသည်ပင်။ သို့သော်အလှမယ် နန်းခင် 
ဇေယျာ တစ်ယောက်သည် တက်ကြွစွာဖြင့် နာရေးကူညီမှုလမ်းကြောင်း (၄) ကြောင်းအား 
မပင်မပန်း လိုက်ပါကူညီခဲ့သည်။ သူမသည် သာမန်မိန်းကလေးမဟုတ် 
အလှမယ်တစ်ဦးဖြစ်ပြီး အချိန်တိုင်း မိမိအလှ ပေါ်တွင် ဂရုစိုက်နေရမည့် 
အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ သို့သော် သူမသည်  နာရေးကူညီမှု လမ်း ကြောင်း 
(၄) ကြောင်းလုံးတွင် ကြောက်လန့်ခြင်း၊ ရွံ့ရှာခြင်း၊ ငြိုငြင်ခြင်း 
အလျဉ်းမရှိခဲ့။  တည်ငြိမ် အေးချမ်း သော စကားများဖြင့် နာရေးရှင်အား 
ရှင်းလင်းပြောကြားနေသော သူမသည် ရုပ်သာမက စိတ်ပါလှသော အလှစစ်တစ်ခုကိုပါ 
ပိုင်ဆိုင်ထားသူ တစ်ဦးပင်ဖြစ်သည်ဟု ကျွန်မစိတ်မှာ အမှန်တကယ် မှတ်ယူ 
လိုက်တော့သည်။   	သူမ ပေးဆပ်ရန် သွားရောက်နေစဉ်ချိန်တွင်း သူမ၏ 
အောင်မြင်မှုကြောင့် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန်(Silence) 
လုပ်ထားသော်လည်း လက်ကိုင်ဖုန်းမှ ဖုန်းခေါ်တုန်ခါမှု  (Vibration) ခဏ…ခဏ 
မြည်သည်။ သူမက ဖုန်းများအားလုံးကို မိမိယခုလမ်းကြောင်း လိုက်နေ၍ 
စကားအနည်းငယ်သာ ပြောပါရန် နှင့် နာရေးလမ်းကြောင်း လိုက်နေစဉ်ချိန်သည် 
အားလုံးထက် အရေးကြီးနေကြောင်း ကြားရသူ တစ်ဖက်မှ သိသွားလောက်သော အသံဖြင့် 
ညှင်သာစွာ ဖြေကြားခဲ့သည်။    	နန်းခင်ဇေယျာ ဖေးမ သယ်ယူ သဂြိုလ်ပေးခဲ့သော 
နာရေးလမ်းကြောင်း များမှာ-ကင်ဆာရောဂါဖြင့် မြောက်ဒဂုံ(၄၅)ရပ်ကွက် 
နေအိမ်တွင် ကွယ်လွန်သွားသော ဦးဝင်းကြည် အသက်(၆၄)နှစ်၊ အသည်း ရောဂါဖြင့် 
(၇/၈) ဆေးရုံတွင် ကွယ်လွန်သော ဦးခင်မောင်ရင် အသက်(၅၅)နှစ်၊ အဆုတ် 
ရောဂါဖြင့် အရှေ့ဒဂုံ(၁၃၃)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သော ဒေါ်သောင်းစိန် 
အသက်(၆၉)နှစ်၊ လူကြီးရောဂါဖြင့် မင်္ဂလာဒုံ၊ ၃/ခရပ်ကွက် နေအိမ်တွင် 
ကွယ်လွန်သော ဒေါ်စန်းရင် အသက်(၆၄)နှစ် တို့အား ပို့ဆောင် သဂြိုလ်ပေးခဲ့သည်။ 
   	နန်းခင်ဇေယျာသည် သေဆုံးသူတို့အား သူမကိုယ်တိုင် စစ်ဆေးခြင်း၊ 
မေးမြန်းခြင်း၊ ကူညီ သယ်ပေးခြင်း တို့ကို လက်အိတ်မပါ၊ နှာခေါင်းစည်းတို့အား
 အသုံးမပြုဘဲ ရိုးသားဖြူစင်သော စိတ်ထားဖြင့် ပေးဆပ်ခဲ့သည်။ တစ်နေ့တာ 
ပေးဆပ်မှုလုပ်ငန်းများ ပြီးစီးသွား၍ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ရောက် 
ရှိသောအခါ ဥက္ကဌဦးကျော်သူအား အိမ်ပြန်တော့မည့် အကြောင်း လာရောက် ပြောကြား 
သောအခါ ဦးကျော်သူမှ တအံ့တသြဖြင့် “သမီး အသားတွေတောင် မဲကုန်ပြီ” 
ဟုပြောကြားခဲ့သော အခါတွင်လည်း ကျေနပ် ပီတိအပြုံးဖြင့် နှုတ်ခွန်းဆက်ကာ 
ထွက်သွားသည်ကို မြင်တွေ့ မိလိုက်ရသည်။    	ထိုသို့ မမောနိုင် 
မပမ်းနိုင်အလှမယ်လေးတစ်ဦး၏ အသားအရေများ နေလောင်ဒဏ်ကြောင့် 
ညိုမဲသွားလောက်အောင် ပေးဆပ်ခဲ့မှု သည် အများပြည်သူ ပရိတ်သတ် တို့အပေါ် 
ထိုက်ထိုက်တန်တန် ပြန်လည် ကျေးဇူးဆပ်ခဲ့ခြင်း ပင်ဖြစ်သည်။ ထိုကဲ့သို့ 
အများပြည်သူတို့အပေါ် အပြည့်အဝ အမြင့်မြတ်ဆုံး အမွန်မြတ်ဆုံးသော 
ကုသိုလ်အလုပ်မျိုးဖြင့် မိမိ၏ အလှတရားကိုပင် ဂရုမပြုတော့ဘဲ မြင့်မြတ်စွာ 
ကျေးဇူးဆပ်ခဲ့ခြင်းအပေါ် သာဓု . . . သာဓု . . . သာဓု ဟူ၍ နာရေးကူညီမှု 
အသင်း(ရန်ကုန်)မှ သာဓု(၃)ကြိမ်ခေါ်ဆိုပြီး မေတ္တာပို့သလိုက်ရပါတော့သည်။    
“ပြင်ပ ရှုပါအလှတရား ထက် အတွင်းစိတ်၏ အလှတရားသည် လွန်စွာမှ 
မြင့်မြတ်လှပေသည်”                                                       
                                               ဇူးဇူး (နာရေးကူညီမှုအသင်း)
By: Kyaw Thu
နန်းခင်ဇေယျာ နှစ်သစ်မှာ ဒီ့ထက် ပရဟိတာ တွေ လုပ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်
ReplyDelete