Friday, 15 March 2013
မင်္ဂလာဆောင်တွင် နောက်ပြောင်ရာမှ ဓားထိုးမှုဖြစ်ပွား
မင်္ဂလာဆောင်တွင် တူမဖြစ်သူကို " ကြိုက်တယ်ကွာ " ဟုနောက်ပြောင် ပြောဆိုရာမှ တစ်ဝင်းတည်း နေသူကို ဦးလေးတော်စပ်သူက အိမ်ပြန်ဓားယူပြီး ထိုးသည့်ဖြစ် စဉ်တစ်ခု ပုဂံမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့် က ပုဂံမြို့၊ ...ဟိုတယ်ဝန်ထမ်း အိမ်ရာနေ ကိုကျော်သိန်းသည် ဇနီးဖြစ်သူနှင့် အတူမြင်းက ပါရပ် တွင် ပြုလုပ်သည့် မိတ်ဆွေ မင်္ဂလာဆောင်သို့ သွားရောက်ခဲ့ကြပြီး မင်္ဂလာဆောင်ပွဲတွင် တွေ့ရှိရသည့် ဟိုတယ် တစ်ဝင်းတည်းနေ လုပ်ငန်း အတူတူ လုပ်ကိုင်သူ ကိုခင်ဇော် (ခ) ကိုခင်မော်၏ တူမ မ...ကို မြင်တွေ့သဖြင့် ကိုကျော်သိန်းမှ "ကြိုက်တယ်ကွာ" ဟု နောက်ပြောင် ပြောဆိုလိုက်ရာ ကိုခင်ဇော်ကြားသွားပြီး မိန်းမရှိရဲ့သားနဲ့ ထိုသို့ပြောရ ပါ့မလားဟု မကျေမနပ်ဖြစ်ကာ ကိုကျော်သိန်းနှင့် စကားများရန် ဖြစ်ကြသဖြင့် အလုပ်သမား ခေါင်းဆောင်များက ဖျန်ဖြေပေးကာ နေအိမ်သို့ ပြန်လွှတ်ခဲ့ ကြသည်။
ယင်းနောက် ကိုခင်ဇော်သည် မကျေအေးနိုင်ဘဲ ဒေါသစိတ်လွှမ်းမိုးကာ နေအိမ်အဝင် တံခါးနားတွင် ချထားသော အရိုးအသွား ၁၀ လက် မံခန့်ရှိသည့် ဓားမြှောင်ကိုယူပြီး မင်္ဂလာမဏ္ဍပ်သို့ ပြန်လာစဉ် မင်္ဂလာမဏ္ဍပ် အနီးတွင် ကျောပေးပြီး ရပ်နေသည့် ကိုကျော်သိန်းကို အသင့်တွေ့ ရှိရ၍ လက်ထဲတွင် ယူဆောင်လာသော ဓားမြှောင်ဖြင့် နောက်ကျော ကိုထိုးလိုက်ရာ ဝဲဘက် နောက်ကျော လက်ပြင်သို့ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိပြီး ညောင်ဦးဆေးရုံကြီးသို့ တင်ပို့ခဲ့ရသောကြောင့် ခင်ပွန်းဖြစ်သူကို ဓားဖြင့်ထိုးသည့် ကိုခင်ဇော်အား ဥပဒေအရ အရေးယူပေးရန် မ.....မှ တိုင်တန်းသဖြင့် ပုဂံရဲစခန်း (ပ)၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်လည်းကောင်း၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း၊ အမှုဖွင့် အရေးယူခဲ့သည်။
ထိုသို့ဆေးရုံ တက်ရောက်ကုသ မှုခံယူနေသူ ကိုကျော်သိန်းသည် ရရှိသော ဒဏ်ရာဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် သေဆုံးသွားသဖြင့် တရားခံခင်ဇော်အား ပြစ်မှုပုဒ်မ ၃၂၆ မှ ပြစ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပြီး နှုတ်မစောင့်စည်းသူနှင့် တဒင်္ဂဒေါသစိတ်ကြီး သူတို့အတွက် သံဝေဂရဖွယ် သတင်းတစ်ပုဒ် အဖြစ် မှတ်သားစရာဖြစ်သည်။
No comments:
Post a Comment