သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 12 May 2012

ဘလောက်ဂါ ဖိုးတရုပ်ကင်းပို့ စ်


                          ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်ဆိုင်ရာ မိန့်ခွန်းများ ကောက်နုတ်ချက်


 ဗိုလ်ချုပ်အောင်ဆန်းနှင့် စစ်ဘက်ခေါင်းဆောင်အချို့အား ပြည်သူနှင့်အတူ တွေ့ရပုံ
တပ်မတော်ဟာ ဘယ်သူ့အတွက်လဲ
လူ့ဘောင်သစ်ပါတီရုံး အနော်ရထာလမ်းတွင် ၁၀-၇-၈၉ နေ့က ပြောကြားခဲ့သည်။
အယ်ဒီတာအဖွဲ့ တင်ပြချက်။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးနေဝင်းဓါတ်ပုံအား ရုံးဌာနများတွင် ဆက်လက်ကိုးကွယ်ကာ တင်နေသည်ကို သဘာဝမကျကြောင်း မိန့်ခွန်းတစ်ခုတွင် ပြောကြားလိုက်ပါသည်။ စောင့်ကြည့်လေ့လာနေသည့် ထိုစဉ်က တရားမဝင် အာဏာသိမ်းလိုက်သော ဗိုလ်ချူပ်မှူးကြီးသန်းရွှေသည် ၁၉၉၂ ခုနှစ် ကာလပိုင်းတွင် တပ်မတော်နှင့် ရုံးဌာနများအတွင်း ဦးနေဝင်းဓါတ်ပုံသာမက ဗိုလ်ချူပ်အောင်ဆန်းဓါတ်ပုံကိုပါ အားလုံးဖြုတ်ခိုင်းခဲ့ကြောင်း သိမှီလိုက်သူ အရာရှိများက တင်ပြခဲ့ပြီး ဖြစ်ပါသည်။ မဆလပါတီ ညီလာခံတစ်ခုတွင် ဦးနေဝင်းအား တပ်မတော်ဖခင်ဟု လက်အောက်အရာရှိများက အမွှန်းတင်လိုက်သဖြင့် လိပ်ပြာမသန့်သော ဦးနေဝင်းအနေဖြင့် ဗိုလ်ချူပ်အောင်ဆန်းကို ဖခင်အစစ်အဖြစ် တန်ဖိုးထား သတ်မှတ်ရမှာဖြစ်ပြီး သူ့ကို တပ်မတော်ရဲ့ မွေးစားဖခင်လို့ ခေါ်နိုင်ကြောင်းကို ထုတ်ဖေါ် ပြောကြားခဲ့ဖူးပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ၏ဖခင် စတင်တည်ထောင်ခဲ့သည့် တပ်မတော်အပေါ် သံယောဇဉ်ကြီးမားသလို တပ်မတော်ဖခင် တစ်ဦးတည်းသာရှိကြောင်း အောက်ပါမိန့်ခွန်းတွင် ဟောပြောသွားခဲ့ပါသည်။
အခုဆိုလို့ရှိရင်တော့ တပ်မတော်ကရော နဝတကရော ထပ်တလဲလဲ ပြောနေပါတယ်။ ဗိုလ်ချူပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ဖခင်ပါ။ အဲဒီတော့ အခုကျမတို့ ပြန်ပြီးတော့ စဉ်းစားရမယ်။ ဇူလိုင်လ ၁၉ ရက်ဆိုလို့ရှိရင် အဖေဆုံးသွားတာ ၄၂ နှစ်ပြည့်တော့မယ်။ အဲဒီတော့ ဒီလို ၄၂ ပြည့်တဲ့ အခမ်းအနားမတိုင်မှီ ကျမတို့ စဉ်းစားရမယ်။ ဗိုလ်ချူပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်လို့ဆိုလို့ရှိရင် တပ်မတော်ဟာ ဖေဖေလိုချင်တဲ့အတိုင်း လုပ်နေရဲ့လား။ တပ်မတော်ရဲ့ ဖခင်ဆိုတဲ့ ဗိုလ်ချူပ်အောင်ဆန်း ချမှတ်လိုက်တဲ့ လမ်းစဉ်အတိုင်း ဒီတပ်မတော်ဟာ ဆက်ပြီး လုပ်နေရဲ့လားဆိုတာ ကျမတို့ မေးရလိမ့်မယ်။ ဒီလိုမေးတဲ့ အခါကျမှ ကျမ ဘယ်လိုမြင်ရလဲဆိုတော့ ဖေဖေဟာ တပ်မတော်လမ်းမှားသွားမှာ အင်မတန်မှ စိုးရိမ်ခဲ့တယ်။ ထပ်တလဲလဲ ပြောခဲ့တယ်။ မင်းတို့လက်ထဲမှာ လက်နက်ရှိလို့ လုပ်ချင်တိုင်း လုပ်လို့ရမယ်မထင်နဲ့။ ပြည်သူလူထုကို ခြိမ်းခြောက်တာ၊ နှိပ်စက်တာ၊ ဖမ်းဆီးတာ၊ ဒါတွေ မလုပ်နဲ့ဆိုတာ ထပ်တလဲလဲပြောခဲ့တယ်။ ဒီတပ်မတော်ဟာလည်း လူတစ်ယောက်ထဲအတွက် မဟုတ်ဘူး။ အဖွဲ့အစည်း တစ်ခုအတွက် မဟုတ်ဘူးဆိုတာလဲ ထပ်တလဲလဲ ပြောခဲ့တယ်။ တပ်မတော် လမ်းမှားသွားမှာကို ဖေဖေ အင်မတန်မှ စိုးရိမ်ခဲ့တယ်။ ဒီလောက်တောင်မှ စိုးရိမ်လျက်နဲ့ ဘာဖြစ်လို့ လမ်းမှားသွားရသလဲ။
ဦးနေဝင်းဟာ တပ်မတော်ကို လမ်းမှားပေါ် တင်ပေးလိုက်တယ်။ အခု ဒီမှာ တပ်မတော်ထဲမှာ ရှိနေတဲ့ တပ်မတော်သားများ၊ အရာရှိများ စဉ်းစားပါ။ တပ်မတော်ရဲ့ ဖခင်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်းဟာ တပ်မတော်ကို ဘယ်လိုအနေအထား ရှိစေချင်သလဲဆိုတာ ပြန်ပြီးတော့ သုံးသပ်ပါ။ ဗိုလ်ချူပ်အောင်ဆန်း တပ်မတော်လား၊ ဗိုလ်နေဝင်း တပ်မတော်လား ဆိုတာ ဆုံးဖြတ်ရတော့မယ်။ ကျမဒါကို ရှင်းရှင်းပဲပြောပြမယ်။ ခဏခဏ အမျိုးမျိုးပြောနေလို့ အလကားပဲ။ နောက်ဆုံးတော့ ဒီမေးခွန်းပဲ။ ဗိုလ်ချူပ်အောင်ဆန်းရဲ့ လမ်းစဉ်ကို လိုက်မယ့် တပ်မတော်လား၊ ဗိုလ်နေဝင်းရဲ့ မဆလ လမ်းစဉ်ကို လိုက်မယ့် တပ်မတော်လား၊ ဗိုလ်ချူပ်အောင်ဆန်းရဲ့ လမ်းစဉ်ကို လိုက်မယ့် တပ်မတော်ဆိုလို့ရှိရင် ပြည်သူလူထုနဲ့ တသွေးထဲ၊ တသားထဲ ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့လည်း ဗိုလ်ချူပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင်ကြီး ဆိုလို့ရှိရင် အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ကို လိုက်ရမယ်။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ဟာ ဒီမိုကရေစီ လမ်းစဉ်ပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ အခုအခြေအနေနဲ့ အင်မတန်မှ ဆီလျော်တဲ့ ကိစ္စတွေကို ဖေဖေပြောသွားခဲ့ပါတယ်။ ဒါကိစ္စနဲနဲ ကျမဖတ်ပြပါမယ်။ ဒီမိုကရေစီ ဆိုတာဘာလဲ။ ကျမတို့ ဘယ်လိုအခွင့်အရေးတွေ ရသင့်သလဲဆိုတာ သေသေချာချာ ဖေဖေရေးသွားတာ၊ ပြောသွားတာရှိုပါတယ်။
လက်နက်နည်းဆိုတာဟာ ဖက်ဆစ်နည်းဆိုတာ ဖေဖေလည်း ပြောခဲ့တယ်။ ဒီတော့ ကျမတို့နိုင်ငံမှာ ကျမတို့ နိုင်ငံသူ နိုင်ငံသားများ၊ လက်နက်မဲ့ နိုင်ငံသူ နိုင်ငံသားများကို နောက်ထပ်ပြီးတော့ လက်နက်နည်းနဲ့ နှိမ်နင်းမယ် ဆိုလို့ရှိရင်တော့ ဒီအစိုးရဟာ ဖက်ဆစ်အစိုးရလို့ ကျမတို့ ကြေညာရမှာပဲ။ လက်နက်နည်းနဲ့ နှိမ်နင်းဖို့ မလိုပါဘူး။ တရားဥပဒေနည်းနဲ့ တရားမျှတတဲ့နည်းနဲ့၊ အမှန်တရားနည်းနဲ့ ကျမတို့ ပြည်သူလူထုကို ထိန်းသိမ်းလို့ရပါတယ်။ အရင် ကျမတို့ ပြည်သူလူထုကို လက်နက်နည်းနဲ့ နှိမ်နင်းခဲ့လို့ပဲ လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြင်လို့ရှိရင် ပြည်သူလူထုဟာ စိတ်လှုပ်ရှားတာပေါ့။ ဒါကြောင့်မို့လို့ ကျမတို့က စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်း နေစေချင်တယ် ဆိုလို့ရှိရင် လက်နက်ကိုင် တပ်ဖွဲ့တွေကို မြို့ထဲကနေပြီးတော့ ရုတ်သိမ်းလိုက်ပါ။ ကျမတို့အနေနဲ့ ပြည်သူလူထုဟာ ဒီလို လက်နက်ကိုင်တပ်ဖွဲ့များကို ရုတ်သိမ်းလိုက်လို့ရှိရင် စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်းနဲ့ နေနိုင်တယ်ဆိုတာ ပြောရဲတယ်။
နောက်ပြီးတော့လည်း နဝတကို ပြောချင်တယ်။ တပ်မတော်သားများကို ဒီလောက် မနှိပ်စက်နေပါနဲ့။ ပင်ပန်းပါတယ်။ ဒီလောက်တောင်မှ လှည့်ပြီး လုပ်နေရတာ။ ရှေ့တန်းမှာလည်း တိုက်ရသေးတယ်။ မြို့ထဲမှာလည်း တခါထဲကားကြီးတွေနဲ့ လှည့်နေရသေးတယ်ဆိုတာ ဒါလည်း မသင့်တော်ပါဘူး။ တပ်မတော်သားများ တပ်ထဲပြန်ပြီး နားကြပါစေ။ ကျမတို့ ပြည်သူလူထုဟာ ကိုယ့်စည်းကမ်းကို ကိုယ်ထိန်းပါ့မယ်။ ကျမတို့ဟာ ကိုယ့်စည်းကမ်းကို ကိုယ်ထိန်းနိုင်တဲ့ ပြည်သူလူထု ဖြစ်ပါတယ်။
အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံဟာ ဆင်းရဲနေပါတယ်။ တီအီး - 11 ကားတစ်စင်း မြို့တပတ် ပတ်လို့ရှိရင် ဓာတ်ဆီ ဘယ်လောက်ကုန်သလဲဆိုတာ စဉ်းစားကြည့်ပါ။ ဓာတ်ဆီလည်း ကုန်တယ်။ ရဲဘော်တွေလည်း ပင်ပန်းတယ်။ ပြည်သူလူထုလည်း ခြောက်ခြားတယ်။ အဲ့ဒီတော့ ဒါမလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စတွေပါ။ နဝတဟာ ဘာကိုကြောက်နေလို့ ဒီလောက်တောင်မှ ရဲဘော်တွေကို မြို့ကို လှည့်ခိုင်းနေတာလဲ။ ကြောက်စရာ မလိုပါဘူးဆိုတာ ကျမပြောနိုင်ပါတယ်။ ကျမတို့ရဲ့ ပြည်သူလူထုဟာ မှန်မှန်ကန်ကန် စည်းကမ်းရှိရှိ လုပ်သွားမှာပါ။ စိုးရိမ်စရာ ရှိလို့ရှိရင်၊ ကြောက်စရာ ရှိလို့ရှိရင် ကျမတို့နဲ့ ဆွေးနွေးပါ။ တိုင်ပင်ပါ။ အဖြေရှာပါ့မယ်။
ကျမတို့လည်း ပုထုဇဉ်တွေပဲ။ ကျမတို့ ဖက်ကလည်း၊ ပြည်သူလူထုဖက်ကလည်း ကြောက်တဲ့ ကိစ္စတွေရှိတာပေါ့။ စိုးရိမ်တဲ့ ကိစ္စတွေရှိတာပေါ့။ မကျေနပ်တဲ့ ကိစ္စတွေရှိတာပေါ့။ ဒီကိစ္စတွေကို ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်ပြီးတော့ ပြေလည်အောင် လုပ်လိုက်မယ်ဆိုရင် ကျမတို့ နိုင်ငံအတွက် ဘယ်လောက် ဂုဏ်သိက္ခာရှိမလဲ။ နဝတအတွက်ကော ဘယ်လောက် ဂုဏ်သိက္ခာရှိမလဲ။ အခုဆိုလို့ရှိရင် ကျမ မြင်သလောက်တော့ နဝတဖက်ကနေပြီးတော့ အမှားရှိပါတယ်လို့ ဝန်ခံရမှာ မျက်နှာပျက်တယ်လို့ ထင်ပါတယ်။ တကယ်ဆိုလို့ရှိရင် လူကြီးများအနေနဲ့ အာဏာရှိတဲ့ အဖွဲ့အစည်းများအနေနဲ့ မှားတာကို မှားတယ်လို့ မဝန်ခံရဲတဲ့ သတ္တိမျိုးဟာ ဘာသတ္တိမျိုးလဲ။ နောက်ဆုံးကျတော့ သတ္တိဆိုတာဟာ အမှန်တရားကို ရင်ဆိုင်ရဲတာပဲ။ အမှန်တရားအတွက် ဘာမဆို ရင်ဆိုင်ရဲရမယ်။ ဒါဟာမှ တကယ့် သတ္တိပဲ။
ဒီတော့ ကျမတို့နိုင်ငံမှာ အခု ပြတ်ပြတ်သားသား နားလည်ရမယ်။ (၂၆) နှစ်အတွင်း မဆလ စနစ်ကို ထူထောင်ခဲ့တာ ဦးနေဝင်း။ တပ်မတော်ကို လမ်းမှားပေါ်တင်ခဲ့တာ ဦးနေဝင်း။ တပ်မတော်ဖက်ကလည်း ဒါကို သေသေချာချာ နားလည်ဖို့ အချိန်ရောက်လာပြီ။ တပ်မတော်ရဲ့ ဖခင်ဆိုတာ၊ တဦးတည်းသော ဖခင်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်းသာ ဖြစ်တယ်ဆိုတာ တပ်မတော်သားများက လက်ခံရမယ်။ ကျမအနေနဲ့ ဒုတိယဖခင်ဆိုတဲ့ အသုံးအနှုန်းကို လုံးလုံး လက်မခံဘူး။ ဗမာစကားမှာလည်း မရှိပါဘူး။ လူတစ်ယောက် ဖြစ်လာမှတော့ ဖခင်ဆိုတာ တစ်ဦးပဲရှိနိုင်တယ်ဆိုတာ ကျမတို့ နိုင်ငံသူ နိုင်ငံသားအားလုံး သိပါတယ်။ ဒီတော့ တပ်မတော်ထဲမှာ ဖခင်တစ်ဦးထဲသာ ရှိပါစေ။ ဒီတစ်ဦးတည်းသော ဖခင်ရဲ့ ညွှန်ကြားချက်များကို လိုက်နာပါ။ လိုက်နာခြင်းအားဖြင့် နောင်တပ်မတော် အတွက်လည်း ဂုဏ်သိက္ခာရှိနိုင်မယ်။ ပြည်သူလူနဲ့ တပ်မတော်ကြားထဲမှာလည်း ညီညွတ်မှုရှိနိုင်မယ်။ ဒီတိုင်းပြည်လည်း တိုးတက်နိုင်မယ်။ ကျမတို့ဟာ မှန်ကန်တဲ့ လမ်းစဉ်ပေါ်မှာ လျှောက်သွားချင်တယ်ဆိုလို့ ရှိရင် ပြည်သူလူထုနဲ့ အချိန်မရွေး လက်တွဲနိုင်ပါတယ်။ ဒါပေမဲ့ ဦးနေဝင်းလမ်းစဉ်အပေါ်မှာ လျှောက်သွားချင်တယ်ဆိုလို့ ရှိရင်တော့ ပြည်သူလူထုနဲ့ လမ်းခွဲရမှာ ဖြစ်ပါတယ်။
နောက်တစ်ခု ကျမ ပြောချင်ပါတယ်။ ဗိုလ်ချူပ်မှူးကြီးစောမောင်ဟာ ဦးနေဝင်း အငြိမ်းစားယူ သွားပြီလို့ ပြောပါတယ်။ ဦးနေဝင်း အငြိမ်းစားယူသွားပြီလို့ ပြောလို့ရှိရင် ဘာဖြစ်လို့ အစိုးရရုံးတွေမှာ၊ တရားရုံးတွေမှာ ဦးနေဝင်းရဲ့ ဓာတ်ပုံကို ဆက်ပြီးတော့ ချိတ်ဆွဲထားသလဲဆိုတာ ကျမမေးချင်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ဒါကို ကန့်ကွက်စေချင်ပါတယ်။ အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဦးနေဝင်းရဲ့ ဓာတ်ပုံကို အစိုးရရုံးများ၊ တရားရုံးများမှာ မချိတ်ပါနဲ့တော့။ ကျမတို့ဟာ ထုံးထမ်းစဉ်လာအရ နိုင်ငံခေါင်းဆောင်ကြီးရဲ့ ဓာတ်ပုံကိုသာ ချိတ်ပါမယ်။ ဒါကတော့ ထုံးတမ်းစဉ်လာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ချိတ်ချင်လို့ရှိရင် ဗိုလ်ချူပ်မှူးကြီးစောမောင်ရဲ့ ဓာတ်ပုံကိုတော့ ချိတ်နိုင်ပါတယ်။ ဦးနေဝင်းရဲ့ ဓာတ်ပုံကိုလည်း ဖြုတ်ချပါတော့။ ဦးနေဝင်းရဲ့ အမိန့်အာဏာအောက်ကလည်း လွတ်မြောက်အောင်လို့ တပ်မတော်နဲ့ နဝတဟာ ရုန်းထွက်ပါတော့လို့ ကျမ ဒီကနေ မေတ္တာ ရပ်ခံလိုက်ချင်ပါတယ်။ Primary Source Phoetayoke King Blog.
***************************************************************

                              ဦးသန်းရွှေဘယ်လိုသဘောနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေသံပစ်ခိုင်းနေတာလဲ

ဦးခင်အောင်မြင့်၏ပုံ
မကြာသေးမီ ကလေးကမှ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဗိုလ်ချူပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေနဲ့ လေးစားအကြည်ညိုဆုံး ဖြစ်ရတဲ့ ပုဂ္ဂိုလ်ဟာ ဗိုလ်ချူပ်အောင်ဆန်း ဖြစ်ပါတယ်လို့ လေသံပစ်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ရုံးနဲ့ နီးစပ်သူတစ်ဦးက အခုလို ထောက်ပြ ပြောဆိုသွားပါတယ်။
“ဦးခင်အောင်မြင့်ဟာ စစ်တပ်မှာ ကကပြန်ညွှန်မှူး ဗိုလ်ချူပ်အဆင့်နဲ့ နေခဲ့သူ ဖြစ်တယ်ဗျ။ သူဟာ OTS - 40 ကျောင်းဆင်းပြီး ဦးသန်းရွှေ ခလရ (၁) တပ်ရင်းမှူးဖြစ်ခဲ့တုံးက AD၊ IO လုပ်ခဲ့ဖူးလို့ သားအရင်း တပည့်ရင်းတစ်ယောက်ဆိုရင် မမှားဘူးပေါ့ဗျာ၊ ဖအေဖြစ်သူရဲ့ နိုင်ငံရေးထွက်ပေါက်မို့ ဦးခင်အောင်မြင့်က FOLLOW လိုက်ပြီး ပြောတာပေါ့။ ဦးခင်အောင်မြင့်ဟာ သူ့ရဲ့ တပ်မတော်စည်းရုံးရေး ကော်မတီ ROLL ကို မြင့်သထက်မြင့်အောင် ဦးသန်းရွှေအားကိုးနဲ့ တိုင်းမှူး တပ်မမှူးတွေကို ဖိအားပေးခဲ့လို့ သူ့ကြောင့် တပ်မတော်သားတွေ ခေါင်းကိုက်ခဲ့ရဖူးတယ်ဗျ။ အခု ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် မြန်မာ့တပ်မတော်ရဲ့အဖေရင်း ဖြစ်သူကို အလေးစားဆုံး၊ အကြည်ညိုဆုံးလို့ ဆိုပြန်တော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ရင် မလိုလားအပ်တဲ့ ပြဿနာ မဖြစ်ပွားစေဖို့ ကြိုကာတဲ့ သဘောနဲ့ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာအရ စကားပစ်ကြည့်တဲ့ သဘောပါ။ ဖြစ်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုမျိုး တရားမဝင် ဦးသန်းရွှေထံ လာပြီး တွေ့လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တပည့်ခင်အောင်မြင့်ကို ဒီလို လေသံပစ်ခိုင်းတာ ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ပေါ့ဗျာ ၁၉၉၂ ခုနှစ် ဦးသန်းရွှေ တက်ခါစက ဗိုလ်ချူပ်အောင်ဆန်း ဓါတ်ပုံတွေကို ဖြုတ်ခိုင်းခဲ့တဲ့ သမိုင်းကြောင်းက အထင်အရှား ရှိနေလေတော့ အပြောနဲ့လက်တွေ့ မညီလို့ စိတ်ပျက်စရာပါဘဲ။ ဦးသန်းရွှေရဲ့ အတွင်းစိတ်က ခန့်မှန်းရခက်ပြီး စိုးရိမ်ဖို့လည်းကောင်းတယ်” လို့ ပြောဆိုသွားပါတယ်။Primary Source Phoetayoke King Blog.
*************************************************************

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်