တွံတေးဆရာတော်ကြီး၏ ပြတ်သားသော အလှူတော်ကြီး 
 
 ၂ဝ၁၃
 ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ နံနက်ပိုင်း (၉းဝဝ) နာရီအချိန်ခန့်တွင် ဥက္ကဌ 
ဦးကျော်သူ ထံသို့ တွံတေးဆရာတော်ကြီးမှ “ဒကာကြီးကျော်သူ အသင်းတွင်ရှိသလား … 
ရှိလျှင် ဘုန်းဘုန်း ဒကာကြီး ထံလာချင်လို့” ဟူ၍ မိန့်ကြားခဲ့ပြီးသည့်နောက် 
ယင်းနေ့ နေ့လည် (၂း၃ဝ) နာရီအချိန်တွင် သီရိမင်္ဂလာ မဟာစည်ရိပ်သာကြီး၏ 
ဦးစီးပဓာနနာယက တွံတေးဆရာတော် အရှင်ဣန္ဒ (ဓမ္မကထိက ဗဟုဇနဟိတ ဓရ)၏ (၅၁) နှစ်ပြည့် မွေးနေ့မင်္ဂလာအတွက်ရည်စူးပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (သာ/၁၂၂၄) MITSUBTSHI PAJERO (MODEL – 94) ကားတစ်စီး လာရောက်၍ လှူဒါန်းသွားခဲ့ပါသည်။
 (၂ဝ၁၂ ခုနှစ်တွင် တွံတေးဆရာတော် အရှင်ဣန္ဒ (ဓမ္မကထိက ဗဟုဇနဟိတဓရ)၏ (၅ဝ) နှစ်ပြည့် မွေးနေ့အလှူအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့
 အလှူငွေကျပ် (၁ဝ) သိန်းတိတိအား လာရောက် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။)နာရေး 
ကူညီမှုအသင်း(ရန်ကုန်) လိုအပ်သည့်နေရာတို့တွင် အသုံးပြုနိုင်ရန် 
ဆရာတော်၏ကားအား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် 
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူကိုယ်တိုင် လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ (သာ/၁၂၂၄)
 MITSUBTSHI PAJERO (MODEL – 94) မော်တော်ယာဉ်ာအး ၂ဝဝ၈ ခုနှစ်၊ မေလပိုင်း 
(နာဂစ်ဖြစ်ပြီးပြီးချင်းနောက် (၂) ရက်) တွင် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း 
ဆရာတော်မှ ပြောကြားသွားခဲ့ပါသည်။
 တွံတေးဆရာတော်ကြီး၏ 
လှူဒါန်းမှုအစုစုတို့သည် ကြီးကျယ်ခမ်းနားလှသော လှူဒါန်းမှုအခမ်း 
အနားများနှင့် ကျင်းပခဲ့ခြင်းမဟုတ်။ ရိုးရှင်းပြတ်သားလှသော 
သာမန်လှူဒါန်းမှုမျိုး ဖြစ်ခဲ့ရသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက်မှု အများအကျိုး ရွက်သယ်ပိုးရာတွင် အသုံးဝင်လှ၍ အဖိုးမဖြတ် နိုင်သော လှူဘွယ်ပစ္စည်းတစ်ခု ဖြစ်ခဲ့ရတော့သည်။
 တွံတေးဆရာတော်ကြီးသည် သာသနာပြုလုပ်ငန်းများတွင် အသုံးပြုစီးနင်းနေသော 
မော်တော် ယာဉ်ကြီးအား လှူဒါန်းပြီးသည်နှင့် သူ၏ သာသနာပြု 
သီတင်းသုံးနေထိုင်သော (သီရိမင်္ဂလာ မဟာစည် ရိပ်သာကြီး)ကျောင်းတော်သို့
 အငှားယာဉ် (Taxi) စီးနင်း၍ ပြန်မည်ဟုပြတ်သားလှသော အလှူဒါန 
ကုသိုလ်လုပ်ရပ်တို့ ကြားသိရသောအခါ ကျွန်တော်တို့သည် အလွန်အံ့သြမိကာ 
ဆရာတော်ကြီး လှူဒါန်းခဲ့ သော မော်တော်ယာဉ်ဖြင့် ဆရာတော်ကြီးအား 
ကျောင်းတိုက်သို့ ပြန်လည်၍ ပင့်ဆောင်ကာ ပို့ဆောင် ပေးခဲ့သည်။
 
“ကိုယ်ပြုသောကံ ပဲ့တင်သံ၊ ကိုယ့်ထံ ပြန်လာမည်” ဟူသော ယောဆရာတော်ကြီး၏ 
ဆုံးမသြဝါဒ စကားအရ တရားစာအုပ်၊ စာပေကုသိုလ်၊ ကျန်းမာရေး အခမဲ့ 
ကုသမှုကုသိုလ်၊ နာရေးကူညီမှုကုသိုလ်၊ ပညာရေးကုသိုလ် စသည့် ကောင်းမှုအလှူဒါန 
အသီးသီးတို့၏ အကြောင်းကြောင့် မိမိတို့ထံ ကုသိုလ်ကံ အကျိုးတရားများ 
အချိန်ကာလတစ်ခုခုတွင် ပြန်လည်ခံစားရမည်ဟု ယုံကြည်မိခဲ့သလို တွံတေးဆရာတော် 
အရှင်ဣန္ဒ၏ ရိုးရှင်းပြတ်သားလှသော မော်တော်ယာဉ်လှူဒါန်းမှုကုသိုလ်သည်ကား
 အချိန်ကာလတစ်ခု တွင် မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းမည့် 
မဂ်ဖိုလ်ယာဉ်ကြီးကို တွံတေးဆရာတော်ကြီး ပြန်လည် ရရှိခံစား ရလိမ့်မည်ဟု 
ယုံကြည်မိကာ ယခုကဲ့သို့ ပြတ်သားလှသော ကောင်းမှုအလှူတော်ကြီးအား သမာဒေဝ 
နတ်ကောင်း နတ်မြတ်များနှင့်တကွ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ၊ 
အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများမှ သာဓု … သာဓု … သာဓု ဟူ၍
 နက်ရှိုင်းစွာခေါ်ဆို လိုက်ရပါ တော့သည်။
 Popular Journal
 
 
 
          
      
 
 
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
  
No comments:
Post a Comment