သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 9 January 2014

တရားဝင်နိုင်ငံကူး လက်မှတ်ရှိ ဘန်ကောက်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်း-မြန်မာ နယ်စပ်တွင် နည်းအမျိုးမျိုးဖြင့် ငွေညှစ်ဖမ်းဆီး



တရားဝင်နိုင်ငံကူး လက်မှတ်ရှိသော ဘန်ကောက်မှ ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား၂၈ ဦးအား ဇန်န၀ါရီ ၂ ရက်က ထိုင်း-မြန်မာ နယ်စပ်တွင် တာဝန်ကျနေသည့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက တရားမ၀င် နယ်စပ်ဖြတ်ကျော် နင်းမှုဖြင့် ဖမ်းဆီးကာ တရားစွဲဆို ဒဏ်ရိုက်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံအတွင်း တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ထိုင်းလုပ်ငန်းရှင်များက နှစ်ဟောင်းကုန်ချိန်တွင် လုပ်ငန်းအား ခေတ္တရပ်နားကာ ခွင့်ရက်ရှည် ပေးလေ့ရှိသဖြင့် မြန်မာအလုပ်သမားများသည် မိမိတို့၏ နေရပ်ဒေသသို့ ပြန်လာလေ့ ရှိကြသည်။ ထိုသို့ ပြန်လာရာတွင် တံတားပေါ်မှတက်၍ ပြန်လာပါက
ဗီဇာတုံးထုခအဖြစ် ဘတ် ၂၅၀၀ ပေးကြရသဖြင့် မြန်မာအလုပ်သမားများက လှေဆိပ်ဟုခေါ်သော တံတားအောက်မှာ ပြန်လာလေ့ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ တံတားအောက်မှ ဖြတ်ကူးသူ ၂၈ ဦးအား ထိုင်းဘက်ခြမ်းရှိ လူဝင်မှုကြီးကြပ်ရေး ရဲများက အရပ်ဝတ်များဝတ်ကာ ဖမ်းဆီးပြီး မဲဆောက်မြို့နယ် တရားရုံးသို့ ခေါ်ဆောင်သွားကာ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုများဖြင့် တရားစွဲဆိုခဲ့သည်။ တရားစွဲဆို ခံရသူများအား တစ်ဦးလျှင် ဘတ် ၅၀၀၀ ခန့် ဒဏ်ငွေရိုက်ပြီး တရားရုံးပြေစာတွင် ဘတ် ၁၈၀၀ ဟုသာ ရေးသားဖော်ပြထားသည်။ ထိုသို့ ပြုလုပ်ခံရသူထဲမှာ တစ်ဦးဖြစ်သည့် ကိုအောင်ဝင်းက “ကျွန်တော်တို့ တံတားပေါ်ကနေ ဖြတ်သွားရင် ဗီဇာတုံးထုခက ဘတ် ၂၅၀၀ ကျတယ်။ မြန်မာငွေနဲ့တွက်ရင် တစ်သိန်းနီးပါးရှိတယ်။ ဒါကြောင့် လှေဆိပ်ကနေပဲ ပြန်ကြတာပဲ။ ဒါကို ကျွန်တော်တို့ကို ဖမ်းပြီးရုံးတင်တယ်။ ဒဏ်ငွေအဖြစ် ဘတ် ၅၀၀၀ ရိုက်တယ်။ ပြီးတော့ ဘောက်ချာထဲမှာ ဘတ် ၁၈၀၀ လို့ပဲရေးတယ်။ ကျန်တဲ့ ၃၂၀၀ ကို သူတို့စားလိုက်တာပေါ့” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်များ အဆင်မပြေသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် နေရသူ များပြားလျက်ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသူ နှစ်သန်းခန့်ရှိပြီး တရားမ၀င် လုပ်ကိုင်နေသူများအား အလုပ်သမားအရေး ဆောင်ရွက်လုပ်ကိုင်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက သုံးသန်းခန့် ရှိမည်ဟုလည်း ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ထိုင်းနိုင်ငံသားများ မလုပ်ကိုင်လိုသည့် လုပ်ငန်းခွင်များအတွင်း လုပ်ကိုင်နေကြရပြီး အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်ခြင်းများ၊ ထိုင်းရဲများ၏ အနိုင်ကျင့်ခြင်းများကို ခံနေရသောကြောင့် မြန်မာနိုင်ငံထက် လစာပိုမိုရသော်လည်း မိမိနေရင်းဒေသကို ပြန်လိုသည်ဟုလည်း စစ်တမ်းများက ဖော်ပြကြသည်။

(မြ၀တီ-မဲဆောက် သောင်ရင်းမြစ်ရှိ ကူးတို့လှေဆိပ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့အား တွေ့ရစဉ်)

EMG

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်