သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 4 February 2014

မြန်မာ့ တပ်မတော်က ရေငုတ်သင်္ဘောဝယ်တယ်ဆိုတာ စစ်မှန်ရဲ့ လား



Is Burma really buying submarines?

သြစတြေးလျအခြေစိုက် Lowy Institute for International Policy က ထုတ်ဝေတဲ့ The Interpreter စာစောင်မှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ(၂၉) ရက်စွဲနဲ့ Is Burma really buying submarines? ခေါင်းစဉ်တပ် ဆောင်းပါး ပါလာပါတယ်။ ဆောင်းပါးရှင်က Dr.Andrew Salth ဖြစ်ပြီး မြန်မာဘာသာပြန်ကို ပြည်တွင်းဂျာနယ်နှင့် သတင်းစာအချို့မှာ တွေ့ရပါတယ်။

သတိပြုမိစေတဲ့ အကြောင်းအရာကတော့ အဓိကနှစ်ချက်ပါ ။
ပထမအချက်က မြန်မာရေတပ်အနေနဲ့ ရေငုပ်သဘောင်္ ဝယ်ယူပိုင်ဆိုင်ခဲ့မယ်ဆိုရင
ဒေသတွင်းသာမက ယင်းထက်ကျယ်ပြန့်တဲ့ နိုင်ငံတကာအဝန်းအဝိုင်းအထိပါ အရေးကြီးတဲ့ သက်ရောက်မူတွေ ရှိလာမယ်လို့ဆိုပါတယ်။

ဒုတိယအချက်က မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမူ နိဒါန်းပျိုးနေတဲ့ အမေရိကန်၊ဗြိတိန် နှင့် သြစတြေးလျတို့ကလည်း ၎င်းကိစ္စနဲ့ပတ်သက်ရင် ကြိုဆိုလက်ခံ နှစ်ခြိုက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ကျန်ဖော်ပြချက်တွေကတော့ Submarine ပိုင်ဆိုင်ဖို့ အရင်းအမြစ်နဲ့ ကျွမ်းကျင်မူအခက်အခဲများ အဓိကလိုအပ်နေကြောင်း၊ ကာကွယ်ရေးအသုံးစရိတ် အခက်အခဲရှိကြောင်း နဲ့ အခြားအတည်မပြုနိုင်တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ နိုင်ငံတိုင်းရဲ့ ရေတပ်တိုင်းမှာ Submarine Arm စမယ်ဆိုရင် အနည်းနဲ့အများ တွေ့ကြုံရမဲ့ အခက်အခဲတွေပါ။ ကိုယ့်နိုင်ငံကာကွယ်ရေးအတွက် ရင်ဆိုင်ကျော်လွှားသင့်တဲ့ ကိစ္စရပ်တွေပါပဲ။ ကိုယ့်ကျမှာဖြစ်နေတဲ့ အရာတွေတော့ မဟုတ်ပါဘူး။

ဒီအတွက် လွယ်လင့်တကူ မြင်သာနေတဲ့ အခြေအနေတွေက ရှည်ရှည်ဝေးဝေး ချိန်ထိုးပြနေရန်ပင် မလိုအပ်ပါ။ ဒါသည်ပင်လျင် မြန်မာ့တပ်မတော်(ရေ)ရဲ့ Submarine Arm ဖြစ်တည်ရေးတွန်းအားလို့တောင် ခေါ်ထိုက်ပါတယ်။

ယနေ့ ဘင်္ဂလားရေတပ်ကို ကြည့်ပါ။
ရေငုပ်သင်္ဘော မှာပြီးပြီ။လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပြီ။၂၀၁၉ ခုနှစ်ဆို Ming Class Submarine နှစ်စီးပိုင်မယ်။ ASW ရဟတ်နဲ့ Maritime Patrol Aircraft - MPA တွေလည်း အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်နေပြီ။Surface Platform ကြီး/ငယ် ဟောင်း/သစ် မျိုးစုံ ပိုင်ဆိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပြီ။
သူ့နိုင်ငံအကျိုးစီးပွား ကာကွယ်ရန်အတွက်ဖြစ်သည်ဟု ခိုင်ခိုင်မာမာဆိုသည်။ နောက်ကွယ်တွင်လည်း မဟာဗျုဟာရည်ရွယ်ချက်များ ရှိနိုင်သေးသည်။
ကဲ ဒါတွေက မသိနိုင် မကြားနိုင်စရာမှ မဟုတ်တာ။

ထိုင်းရေတပ်ကိုလည်း ကြည့်ပါ။
Surface အပြည့်အစုံ ၊ Above Surface (Naval Aviation) သူ့ဟာနဲ့သူ အစုံအလင်။
ဒီကြားထဲ Anti Submarine Warfare-ASW က ခရီးအတော်ရောက်နှင့်ပြီး ဒီနှစ် Budget မှာ အလုံးအရင်းနဲ့ တိုးချဲ့ဖို့ဆောင်ရွက်ဆဲ။
Submarine Base နဲ့ Training Centre ဖွင့်လှစ်ပြီး HRD ကို ဆောင်ရွက်နေပြီ။
၂၀၂၀ အတွင်း ဂျာမနီ(သို့မဟုတ်) အနောက်နိုင်ငံမှ ရေငုပ်သင်္ဘောအမျိုးအစား တစ်ခုခု ပိုင်ဆိုင်တော့မည်။
တောင်တရုတ်ပင်လယ်မှ ပဠိပက္ခများ ထိုင်း Gulf အနီးသို့ ကျွံမဝင်လာစေရေး၊ ထိုင်း Gulf အား တင်းပြည့်လွှမ်းမိုးထားရေးနဲ့ ကပ္ပလီပင်လယ်ပြင်ဘက်ရှိ အကျိုးစီးပွားများ ကာကွယ်ရေးအတွက်ဟု ဆိုသည်။
ကဲ ဒါတွေကကော ဘာလဲ ။

ဗီယက်နမ်ရေတပ်ကို ကြည့်ပါဦး။
Surface မှာ ရုရှားလုပ် Gepard Frigate များဖြင့် အားဖြည့်ထားသည်။
Naval Aviation ကိုလည်း လတ်လတ်ဆတ်ဆတ် ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်သည်။
ရှရှားလုပ် Improved Kilo Class (၆)စီး မှာယူထားပြီး ပထမနှစ်စီး လက်ခံရရှိထားသည်။ဒါ့အပြင် Midget Submarine ငယ် Project ကို ပြည်တွင်းမှာ Research လုပ်နေသည်။ကမ်းခြေမှ ရေပြင်ပစ် Coastal Missile Battery များ ပိုင်ဆိုင်ဖြန့်ကျက်ထားနိုင်သည်။
တရုတ်နဲ့ရေပြင်ပိုင်နက် အငြင်းပွားမှုတွင် Active Defence ဖြင့် မာမာတင်းတင်းတုန့်ပြန်ရန် အရှိန်ကောင်းကောင်းနဲ့ ရေတပ်ကိုတည်ဆောက်နေသည်။ အမေရိကန်ကလည်း Non-Combat Naval Exchange Activities ခေါင်းစဉ်ဖြင့် ထဲထဲဝင်ဝင် ဆက်ဆံနေသည်။
ကဲ ဒါတွေကကော ။

စင်္ကာပူ/ မလေးရှား / အင်ဒိုနီးရှား ရေတပ်များကို ကြည့်ပါဦး။
Surface / Above Surface နဲ့ Sub Surface သူ့အတိုင်းသူ့အထွာနဲ့ ဘက်ညီမျှတစွာ ရှေ့ရောက်နေကြသည်။

စင်္ကာပူရေတပ်က Challenger Class Submarine (၄)စီးနဲ့ Archer Class Submarine (၂)စီး ပိုင်ဆိုင်ထားသည်။ ဆက်လက်၍ Challenger များနေရာတွင် Archer များ အစားထိုးသွားရန် ဆောင်ရွက်နေသည်။ နိုင်ငံငယ် ရေပြင်နည်းသော်လည်း တစ်လက်မမှ ပဲ့ပါမသွားစေရန်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည့်အဝအားကိုးနေရသော ရေကြောင်းဆိုင်ရာအကျိုးစီးပွားများ ကာကွယ်ရန် ရေတပ်အင်အားကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်နေသည်။

မလေးရှားရေတပ်က ပြင်သစ်(DCNS)လုပ် အဆင့်မြင့် အသစ်စက်စက် Scorpène Class Submarine နှစ်စီး ပိုင်ဆိုင်ထားသည်။ မိမိရေပြင်ပိုင်နက်အတွင်းသာမက ဒေသတွင်းရှိ အကျိုးစီးပွားများကို ကာကွယ်ရန်၊Malacca Strait စောင့်ကြပ်မူများ ဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် အင်အားချိန်ခွင်လျှာညှိရန် ရေတပ်အင်အားကို တိုးချဲ့နေသည်။

အင်ဒိုနီးရှားရေတပ်က ဂျာမနီလုပ် U209 Submarine နှစ်စီး ပိုင်ဆိုင်ထားပြီး တောင်းကိုရီးယားလုပ် Chang Bogo Class Type 209 သုံးစီး မှာယူထားသည်။ ထပ်မံ၍ Kilo Class များ ဝယ်ယူရန် သတင်းများထွက်ပေါ်လျက်ရှိသည်။ကျယ်ပြန့်သော ကျွန်းစုများနှင့် ရေပြင်ကျယ်အား ကာကွယ်စောင့်ရှောက်ရန်၊ မဟာဗျုဟာကျကျအရေးပါသော Malacca Strait အား လိုအပ်သလို စောင့်ကြပ်ရန် ၎င်းရေတပ်ကို တည်ဆောက်နေသည်။

ကဲ ဒါတွေကကော မသိနိုင် မမြင်နိုင်အောင် လုပ်စရာမှ မဟုတ်တာ။

မိမိတို့နဲ့ ရေပြင်ချင်းထိစပ်နေတဲ့ အိန္ဒိယရေတပ်အင်အားကတော့ ပြောရန်ပင်မလိုတော့။ Regional Navy အဆင့် ရောက်ရှိပြီးဖြစ်သည်။

ထို့အတူ နှစ်သက်လက်ခံမှာမဟုတ်ဘူးဆိုတဲ့ အမေရိကန်၊ဗြိတိန် နှင့် သြစတြေးလျတို့ရဲ့ ရေတပ်အင်အားကလည်း မသိနိုင် မမြင်နိုင်စရာ မဟုတ်။

နိုင်ငံတိုင်း ရေတပ်တိုင်း မိမိနိုင်ငံ မိမိရေပြင်ကာကွယ်ရေးအတွက် ရေပြင်/ရေပေါ်/ရေအောက် တပ်ဖွဲ့များကို ကာကွယ်ရေးမူဝါဒနဲ့အညီ သင့်တင့်မျှတသလို တည်ဆောက်ခြင်းဟာ သက်ဆိုင်ရာနိုင်ငံရေတပ်ရဲ့ ခိုင်မာသော Right ဖြစ်ပါတယ်။ ( ဒီနေရာမှာ အရှည်သွားရမဲ့ Defence Project ဖြစ်ပြီး Operation Cost လည်း အတိုင်းအတာတစ်ခုရှိတာမို့ တိုင်းပြည်တည်ဆောက်ရေးအောက်မှာရှိနေတဲ့ ကာကွယ်ရေး Budget နဲ့ချိန်ထိုးပြီး နည်းလမ်းတကျ စနစ်တကျ ဆောင်ရွက်ဖို့သာ လိုပါတယ်။ )

ဒါမှမဟုတ် ကုန်းတွင်းပိတ်လာအိုနိုင်ငံမှာ Submarine Arm ပေါ်မှ မြန်မာရေတပ်ကို Submarine ပိုင်ဆိုင်စေချင်တာလား ....
သို့မဟုတ် စစ်ရေးဆက်ဆံရေး ခေါင်းစဉ်နောက်ကွယ်က ရေမုတ်တစ်ခွက် မီးစတစ်ဖက် Smart Power မဟုတ်တဲ့ အကြပ်ကိုင်ဗျုဟာနဲ့ နိုင်ငံရေးကြိုးထုံးတွေကို ဖြည်စရာဖြည် ထုံးစရာထုံးပြီးမှ Submarine ပိုင်ဆိုင်စေချင်တာလား ....
သို့မဟုတ် ပတ်ဝန်းကျင်နိုင်ငံတွေ ထုံးလိုကျေ ရေလိုနှောက်ပြီးမှ Submarine လမ်းကြောင်းကို စမ်းတဝါးဝါးလျှောက်စေချင်တာလား ....
သို့မဟုတ် ကမ်းရိုးတန်းရှည် ရေပြင်ပိုင်နက်ကျယ်ကို ကာကွယ်စောင့်ရှောက်နေတဲ့ Coastal Navy အဆင့်သာရှိနေတဲ့ မြန်မာရေတပ်ကို Submarine Arm ဘယ်အချိန်ကျမှ ပိုင်စေချင်တာလဲ .....
သို့မဟုတ် မြန်မာရေတပ်ကို အထင်တကြီး တွက်ဆနေတာလား သို့တည်းမဟုတ် လျှော့တွက်နေတာလား ..... ဆိုတာ

မြန်မာပြည်မှာ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး Burma's Armed Forces: Power Without Glory (EastBridge, Norwalk, 2002) စာအုပ်အပါအဝင်
မြန်မာနိုင်ငံအကြောင်းနှင့် ပတ်သက်၍ Research Paper ၊ Working Paper ၊ Article ၊ Book Chapter စသဖြင့် စာအုပ်စာစောင် အများအပြားရေးသားခဲ့သူ Griffith Asia Institute မှ ဆောင်းပါးရှင် Dr.Andrew Salth ကတော့ သုံးသပ်နိုင်ပါလိမ့်မည် ။

မောင်မုတ်သုန်(Myanmar Navy)


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်