သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 31 May 2012

ပြည်တွင်းမှထူးဆန်းဖွယ်သတင်းနှင့် ပြည်ပသတင်း


မိုးမိတ် မြို့နယ်၊ ဒိုးပင်ရွာတွင် ပျံလွန်သွားသော ဆရာတော် 

ဦးဝိသုဒ္ဓအား မီးသဂြိုလ်ရာမှ ရွှေရောင်အဆင်း ရှိသော ဓာတ်တော်များ
  ကျသည် ဟုဆိုကာ လာရောက် ဖူးမြော် သူ များပြားလျက်ရှိသည်။
ဆရာတော် ဦးဝိသုဒ္ဓသည် ဘဝနတ်ထံ ပျံလွန်တော်မမူမီ ခြောက်လနီးပါးခန့် (လည်ချောင်း ကင်ဆာ) ဝေဒနာကို ခံစားခဲ့ရပြီး ထိုကာလများ အတွင်း အစာရေ ဆာ မဝင်တော့ဘဲ အမြဲတမ်း တရားရှုမှတ် နေခဲ့ကြောင်း၊ ဝေဒနာကြောင့် တစ်စုံတစ်ရာ ညည်းညူမှုလည်း မရှိခဲ့ကြောင်း ဒိုးပင်ရွာဦးကျောင်း ဆရာတော် ဦးသူရိယက မိန့် သည်။
ဆရာတော် ဦးဝိသုဒ္ဓသည် မေလ ၂၅ ရက်တွင် ပျံလွန် တော်မူခဲ့ပြီး မေလ ၂၆ ရက် တွင် ရုပ်ကလပ်တော်အား မီး သဂြိုလ်ခဲ့သည်။ နောက်တစ် နေ့ မနက်တွင် ကျန်ရစ်သူ သား၊ သမီး၊ မြေးမြစ်များနှင့် ဒါယိကာ၊ ဒါယိကာမများက အရိုးကောက် သောအခါမှသာ ရွှေရောင်အတုံး အခဲများ၊ ပုံဆောင်ခဲတုံး များကို တွေ့ရှိရခြင်း ဖြစ်သည် ဟု အထက် ပါဆရာတော်က မိန့်သည်။
”သူက ရွာဦးစေတီက ဓမ္မာရုံမှာ သီတင်းသုံးတာ၊ အမြဲ တမ်းတော့ တရားမှတ်နေတာ ပဲ။ ငြီးတာငြူတာလည်း မတွေ့ ရဘူး။ အရိုးကောက်တော့မှ ဓာတ်တော်တွေ့တာ။ ဘုန်းကြီး ကတော့ ဒါမျိုး အတွေ့အကြုံ လည်း မရှိတော့ ဓာတ်တော်ကျ၊ မကျ၊ ပြောဖို့က ခက်ခဲတယ်” ဟု ရွာဦးကျောင်း ဆရာတော် ဦးသူရိယ က မိန့်သည်။
ထို့ကြောင့် ဒိုးပင်ရွာနှင့် ချောင်း သာခြားသော တောင်းကိုင်းရွာမှ ထေရ်ကြီး ဝါကြီး ဆရာတော် ဦးနန္ဒ မာလာအား ပင့်ဖိတ်၍ စစ်ဆေး ကြည့်ရှုစေရာ ဆရာတော် ဦးနန္ဒ မာလာ က ဓာတ်တော်ကျ ခြင်းမှာ မှန်ကန်ကြောင်း အတည် ပြုပေးခဲ့သည်ဟု နယ်ခံ အချို့က ဆိုကြသည်။
ဒိုးပင်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးကျော်ဟိန်းကလည်း ဓာတ်တော်ကျသည်မှာ မှန်ကန် သည်ဟု ပြောသည်။
ဆရာတော် ဦးဝိသုဒ္ဓမှာ ရဟန်းဘောင် မဝင်မီက တပ်ကြပ်ကြီး အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ လူအမည်မှာ ဦးဝင်းမြင့် ဖြစ်သည်။ ယခု ပျံလွန်တော်မူ ချိန်တွင် သက်တော် ၈၁ နှစ်၊ ဝါတော် ၁၈ ဝါရှိပြီး ထို ၁၈ ဝါ စလုံး ဒိုးပင်ရွာ ရွာဦး စေတီအနီး ဓမ္မာရုံတွင်သာ သီ တင်း သုံးခဲ့သည်ဟု ဒေသခံ များထံမှ သိရသည်။
သဒ္ဓါတရား မပြောင်းလဲသော ခိုင်မာသော ပုဂ္ဂိုလ်များ၏ နောက်ဆုံး ရုပ်ခန္ဓာ အကြွင်း အကျန်များသည် ဓာတ်တော် ပင် မဟုတ်သော်ငြား ရွှေရောင်၊ အဝါရောင်များ တောက်ပနေ တတ်သည်ဟု ကျမ်းဂန်များက ဆိုသည်။Source-Popular
----------------------------------------------------------------------------
 
တောင်အာဖရိကနှင့် ဥရောပတွင် ကျက်စားသော ဝေလငါးကို လပွတ္တာကမ်းစပ်တွင် အသေတွေ့ရ

တောင်အာဖရိကနှင့် ဥရောပနိုင်ငံများတွင်သာ ကျင်လည်ကျက်စားသော ဝေလငါးမျိုးကို ဧရာဝတီတိုင်းဒေသ ကြီးတွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့ ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။
အဆိုပါဝေလငါးသည်  ‘ Strap Toothed Beaked Whale’ အမျိုး အစားဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက် နံနက်တွင် လပွတ္တာမြို့နယ်ရှိ သောင်လေးကျေး ရွာကမ်းစပ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းကို ငါး လုပ်ငန်းဦးစီးဌာန (ဖွံ့ဖြိုးရေးနှင့် သုတေသနဌာန)နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းကာ မတ်လ ၃ ရက်တွင် သွားရောက် မျိုးခွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
”မြန်မာနိုင်ငံမှာ သောင်တင်တဲ့ ဝေလငါးတွေထဲမှာ အထူးခြားဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ဒီအမျိုးအစားက အီကွေတာအောက် တောင်လတ္တီကျူ ၃ဝ ဒီဂရီကနေ ၆ဝ ဒီဂရီအတွင်းမှာပဲ ကျင်လည်ကျက်စားကြတာပါ။ သြစတြေးလျ၊ တောင်အာဖရိက၊ နယူးဇီလန်၊ အာဂျင်တီးနားနဲ့ ဖော်ကလန်ကျွန်းစု တွေမှာပဲ တွေ့ရတတ်တာ။ ဒီလို ဝေလငါးအမျိုးအစားကို မြန်မာနိုင်ငံမှာ တွေ့ရတာကို ကြည့်ခြင်းအားဖြင့် အခြားဝေလငါးမျိုးစိတ်တွေလည်း မြန်မာ့ ရေပိုင်နက်ထဲမှာ ရှိနေနိုင် တယ်” ဟု  သားငှက်ထိန်းသိမ်းရေး အဖွဲ့မှ ဦးအောင်မျိုးချစ်ကပြောသည်။
ငလျင်လှုပ်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်းစသည့် သဘာဝဘေး အန္တရာယ်များကြုံတွေ့ရသောအခါ ဝေလငါးနှင့် လင်းပိုင်များသည် ကမ်းပေါ်သို့ တက် လာကာ သောင်တင် သေဆုံးလေ့ရှိကြောင်း သိရသည်။ ယခုတွေ့ရှိရသော ဝေလငါးသည် အရှည် ၁၇ ပေ၊ ခန္ဓာကိုယ်လုံးပတ် ၉ ပေရှိပြီး အစွယ် ၆ လက်မရှိသော ဝေလငါးအထီး ဖြစ်သည်။
”ဝေလငါးက ကမ်းပေါ်မှာ သောင်တင်တော့ မသေသေးဘူး။ ရွာသားတွေက ဝေလငါးမှန်းမသိကြဘူး၊ သူတို့က ရေထဲ ပြန်လွတ်ကြတယ်။ အမှန်တော့ ဝေလငါးက သေခါနီးနေလို့ ကမ်းပေါ်လာတင်နေတာ။ ၂ဝ၁ဝ ဇွန်လတုန်းကလည်း စစ်တွေမှာ တစ်ကောင် သောင်တင်တုန်းကလည်း အဲလိုပဲ။ ဒေသခံတွေက ဝေလငါးမှန်းလင်းပိုင်မှန်း မသိကြဘူး” ဟု အထက်ပါပုဂ္ဂိုလ် ကပြောသည်။
ထိုကဲ့သို့ သောင်တင်သော ဝေလငါးများနှင့် လင်းပိုင်များကို စနစ်တကျ မျိုးခွဲလေ့လာ မှတ်တမ်း တင်ကာ ကမ္ဘာသို့ ပြသနိုင်မည်ဆိုပါ က ဝေလငါးနှင့် လင်းပိုင်ထိန်းသိမ်း ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ သည် အရေးပါသောနိုင်ငံဖြစ်လာ မည်ဟု ၄င်းကပြောသည်။
ကမ္ဘာပေါ်တွင် ဝေလငါးနှင့် လင်းပိုင် ၈၅ မျိုးရှိပြီး မြန်မာ့ရေ ပိုင်နက်တွင် Blue Whale, Bryde’s Whale စသည့် ဝေလငါးများ ကျက်စားလေ့ရှိ ကြောင်း သိရသည်။
---------------------------------------------
အိုစမာဘင်လာဒင် မရဏလမ်းကို သွေးတစ်စက်ဖြင့် အကဲဖြတ် ပေးခဲ့သည့် ဆရာဝန်၏ နောက်ဆက်တွဲ ပြဿနာ များ

 



 
ဘင်လာဒင်ကို သုတ်သင်ခဲ့သည်မှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပေပြီ။ အမေရိကန် တို့အတွက် ပူပန်မှု စိုးရိမ်မှုများ ယနေ့ထက်ထိ မကင်းနိုင်ကြသေး ။ နောက်ဆက် တွဲပြဿနာ များ တစ်ခုပြီးတစ်ခု ရင်ဆိုင်လာ နေရသည်။ အထူးသဖြင့် ရန်သူကို မဟာမိတ် ပြုထားရသော ပါကစ္စတန် နှင့် ပြဿနာ ပို၍များလာကာ တင်း မာသည့် အနေ အထားသို့ ရောက်ရှိ လာရသည်။
ဘင်လာဒင်၏ နောက်ဆက်တွဲပြဿနာများ
အကြမ်းဖက် အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်သည် အမေရိကန် စစ်ဘက်က အသေရရ အရှင် ရရ လိုအပ်နေသူ ဖြစ်သည်။ ၄င်းပုန်း အောင်းရာနေရာ ကို ဖော် ထုတ်နိုင်ရန် အမေရိကန် ထောက်လှမ်းရေး တပ်ဖွဲ့ ဖြစ်သည့် စီအိုင်အေသည် နေ့မအိပ် ညမအိပ် အပြင်းအထန် ကြိုးစားခဲ့ကြပုံ ရသည်။ ဆယ်စုနှစ် တစ်ခုနီးပါး မျှ အချိန်ယူကာ စုံစမ်းခဲ့ ကြပြီးနောက် ပါကစ္စတန် ဆရာဝန် တစ်ဦး အကူအညီဖြင့် ဘင်လာဒင် ခိုအောင်း ပုန်းရှောင်နေသည့် နေရာ ကို အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။
ထိုဆရာဝန်၏ အမည်မှာ ဒေါက်တာ  (Dr.Shakeel Afridi) ဆိုသူဖြစ်သည်။ ထိုသူအား အမေရိကန်တို့က အကြမ်းဖက် နှိမ်နင်းရေး လုပ်ငန်းကို အထောက် အကူ ပြု ကူညီခဲ့သူ သူရဲကောင်း တစ်ဦး အဖြစ် အသိအမှတ်ပြုထားခဲ့ ကြသော်လည်း ပါကစ္စတန် အစိုးရက အာဖရီဒီအား ဘင်လာဒင် လုပ်ကြံခံ ရပြီးနောက် ချက်ချင်းပင် ထောင် ထဲ ထည့်ထားခဲ့သည်။ မေလ ၂၃ ရက် က ထိုသို့ စစ်ဆင်ရေးတွင် အကူအညီပေးခဲ့သူ ပါကစ္စတန် ဆရာဝန် ဒေါက်တာ အာဖရီဒီအား ထောင်ဒဏ် ၃၃ နှစ် စီရင်ပြစ် ဒဏ်ပေး ခဲ့ကြောင်းကို အေပီနှင့် အခြား သတင်း မီဒီယာများက ဖော်ပြလာ ကြသည်။ ထိုသတင်းမှာ ပါကစ္စတန် နိုင်ငံပက်ရှဝါ မြို့မှလာသော သတင်း ဖြစ်သည်။
၎င်းဆရာဝန်အား ပါကစ္စတန် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက် သည့်သတင်းသည် အမေရိကန်နှင့် မဟာမိတ် ပါကစ္စတန် နှစ်နိုင်ငံ အကြား ဆက်ဆံရေး မပြေလည်မှု နက်ရှိုင်းစွာ ကြီးမားလာနေကြောင်း ပြသခဲ့သည့် အချက် ပေါ်လွင်လာ ပေသည်။
အမေရိကန်တို့သည် ပြစ်ဒဏ် ကျခံဖမ်းဆီးခြင်း ခံထားရသူ ဆရာဝန်အား ပါကစ္စတန်တို့က ပြန်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုနေသည့် ကြားက ကြီးမား လှသော ပြစ်ဒဏ် ကို ပါကစ္စတန် တရားရုံးက ချ မှတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ပါကစ္စတန် ဝိဝါဒကွဲမှုများ
အမေရိကန်၏ စီအိုင်အေကို အကူအညီပေးသူ ပါကစ္စတန် ဆရာဝန် အာဖရီဒီအား ပါကစ္စတန်တို့က နိုင်ငံအပေါ် သစ္စာဖောက်သူ အဖြစ် ရှုမြင်ကြသည်။ အမေရိကန် တို့က ပါကစ္စတန် ပိုင်နက်အတွင်းသို့  လုံးဝ အသိမပေးဘဲ ဝင်ရောက်လာပြီး ဘင်လာဒင်ကို လုပ်ကြံခြင်းနှင့် နယ်စပ်တွင် ဒရုန်းမောင်းသူမဲ့ လေယာဉ်များဖြင့် ဝင်ရောက် တိုက်ခိုက်မှု ကို မလိုလားကြဘဲ ဒေါသ အမျက် ထွက်နေခဲ့ကြပေသည်။
သို့ရာတွင် အမေရိကန်နှင့် အနောက်နိုင်ငံ အားလုံးက အကြမ်း ဖက်သမား နှိမ်နင်းရေးတွင် ပူးပေါင်း ကူညီခဲ့သူ ဒေါက်တာ အာဖရီဒီအား သူရဲကောင်း တစ်ဦးအဖြစ် သဘော ထားခဲ့ကြသည်။

ဘယ်လိုကူညီခဲ့သလဲ
အမေရိကန်တို့သည် ၄င်းတို့ အကြောက်ဆုံး အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဘင်လာဒင် တစ်ယောက် ပါကစ္စတန်နိုင်ငံ အဘိုတာဘတ် မြို့ရှိနေ အိမ်တွင် ခို အောင်းနေသည်ကို သိရှိလာပြီး ဟုတ်မဟုတ် အတည်ပြုနိုင်ရန် လိုအပ်သည်။
ထိုသို့ အတည်ပြုနိုင်ရန် အတွက် ဘင်လာဒင်၏ ဒီအင်န်အေ မျိုးရိုး ဗီဇကို ရယူရန် လိုအပ်သည်။ ဒေါက်တာ အာဖရီဒီသည် သူတာဝန် ကျရာ ဒေသတွင် ကာကွယ်ဆေး ထိုးနှံပေးသည့် သူ၏ သူနာပြုများ အကူအညီဖြင့် အိုစမာဘင်လာဒင် အိမ်ကိုကောင်းစွာ ဝင်ရောက်နိုင်ခဲ့ပြီး အလွယ်တကူပင် ဘင်လာဒင်၏ မျိုးရိုးဗီဇ စစ်ဆေးနိုင် ရန် သွေးနမူနာ ရရှိ ခဲ့သည်။
ဆရာဝန်မှာ အသက် ၅ဝ အရွယ် ရှိပြီး ဘင်လာဒင် လုပ်ကြံခံရ သည့်ကိစ္စ ပေါ်ပေါက်ပြီးနောက် မကြာမီမှာပင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ ရသည်။ အာဖရီဒီအား ပါကစ္စတန်နယ် မြေဒေသဆိုင်ရာ ပြစ်မှုစီရင်ရေး စည်းမျဉ်းများ အရ အပြစ်ဒဏ်စီရင်ခဲ့ ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ ထိုစည်းမျဉ်း ဥပဒေကို အတိုအားဖြင့် (FCR)ဟု ခေါ်ဝေါ် သုံးနှုန်းထား သည်။ ထိုဥပဒေမှာ ပါကစ္စတန် နယ်စပ်ရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ လူမျိုး စုများဒေသတွင် အသုံးပြုနေကြ သော ဥပဒေ တစ်ခုဖြစ်သည်။
၎င်းတို့၏ ရိုးရာ ဥပဒေအရ စီရင်ခြင်းခံရလျှင် တရားခံသည် ပြန်လည်ထုချေခွင့် အတွက် ရှေ့နေ ငှားရမ်းခွင့် မရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူ အဖွဲ့များ ကထောက်ပြ ဝေဖန်ခဲ့သည်။ ဆရာဝန် အာဖရီဒီ အား စီရင်ချက်ချခဲ့သော နေရာမှာ ခိုင်ဘာလူမျိုးစု ဒေသတွင်ဖြစ်သည်။ သက်သေ အထောက်အထား လုံးဝတင်ပြ ခွင့်မပြု၊ တရားခံနှင့် အပြန်အ လှန် မေးမြန်းခြင်း မပြုရ။ တရားခံ သည် ထောင်ဒဏ် ၃၃ နှစ်အပြင် ငွေဒဏ် အမေရိကန်ဒေါ်လာ ၃၅ဝဝ ကိုပေးဆောင်စေ ရမည် ဖြစ်ပြီး ပျက် ကွက်လျှင် နောက်ထပ် ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံရမည် ဖြစ်သည်။ သို့ရာ တွင် တရားခံ အာဖရီဒီသည် နှစ်လ အတွင်း အယူခံ ပိုင်ခွင့်ရှိကြောင်း သိရှိရသည်။

ပါကစ္စတန်၏ နောက်ဆက်တွဲ တုံ့ပြန်မှုများ
ဘင်လာဒင် တည်နေရာကို စီအိုင်အေက သိရှိသွားပြီးနောက် အမေရိကန်တို့က ၄င်းအား လုပ်ကြံ သတ်ဖြတ်ရန် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။ ထိုဆောင်ရွက်ခဲ့ မှုကို ပါကစ္စတန် တို့ကမိမိတို့၏ အချုပ်အခြာ အာဏာကို စော်ကားခံ ရသည်ဟု ရှုမြင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံ၌ အကြမ်းဖက် တိုက်ဖျက်နှိမ်နင်းမှု အစီအစဉ် များတွင် ပါဝင်ဆောင်ရွက်နေသော အမေရိကန်များကို နှင်ထုတ် ခဲ့သည်။ တစ်ဖန်ပြီးခဲ့သော ၂ဝ၁၁ နိုဝင်ဘာလ အတွင်း အမေရိကန်တို့ ၏ ဒရုန်းမောင်းသူ မဲ့လေယာဉ်များ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နယ် စပ်တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည့် ဖြစ်ရပ်အပေါ် ပါကစ္စတန်ပြည်သူ အများ ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ တုံ့ပြန်မှုများ မှာ နေတိုးတပ်ဖွဲ့ များအထိပင် အဆစ်ပါလာခဲ့သည်။

နေတိုး တပ်ဖွဲ့များအပေါ် ပါကစ္စတန် တုံ့ပြန်မှု
အမေရိကန်နှင့် ပါကစ္စတန် တို့သည် ယခုလောလောဆယ်တွင် မဟာမိတ် အဖြစ် ရှိနေသော်လည်း လွန်ခဲ့သော နှစ်ငါးဆယ် ကာလ တစ်လျှောက်လုံး မယုံသင်္ကာ စိတ် များဖြင့် ဆက်ဆံနေခဲ့သည်။ ယခု ဖြစ်ရပ် များကြောင့် နေတိုး၏ ထောက်ပံ့ရေး လမ်းကြောင်းများကို ပိတ်ပစ်ခဲ့သည်။
နေတိုး ကုန်သေတ္တာ များအား ပါကစ္စတန် နယ်စပ်ကို ဖြတ်ကျော်ပြီး အာဖဂန်နိုင်ငံအတွင်းသို့ တင်ပို့ပေးရန် အခက်အခဲအဖြစ် ပိတ်ဆို့နေသည်။ အမေရိကန် အရာရှိ များနှင့် ပါကစ္စတန် အရာရှိများ ထိုကိစ္စကို ညှိနှိုင်းဆောင်ရွက် ဆွေးနွေးရာတွင် ပါကစ္စတန်က နေတိုး ကုန်သေတ္တာ တစ်လုံးလျှင် နယ်စပ်ဖြတ်ကျော်ခ အမေရိကန်ဒေါ် လာ ၅ဝဝဝ ကောက်ခံမည်ဟု ပြောသည်။ သို့ရာတွင် အမေရိကန်ဘက်မှ ဖြတ်ကျော်ခနှုန်း ထားကို သဘောမတူနိုင်သေးဘဲ ဖြစ်နေသည်။ အစောပိုင်းက ထို ဖြတ်ကျော် ခနှုန်းထားများကို အခမဲ့ အဖြစ် စဉ်းစားခဲ့ကြပေသည်။
အမေရိကန် အရာရှိ အချို့က ထောက်ပြသည်မှာ အမေရိကန် သည် ပါကစ္စတန် အား အကြမ်း ဖက်လုပ်ငန်းများ တိုက်ဖျက်ရေး ကြိုးပမ်းမှုများ အတွက် လျော်ကြေး ဘီလျံပေါင်း များစွာကို ပါကစ္စတန်သို့ ပေးထားပြီးဖြစ်သည်ဟု ပြောကြသည်။ ဤသို့ဖြင့် ပါကစ္စတန်နှင့် နေတိုး တပ်ဖွဲ့များကို ဦးဆောင်နေသည့် အမေရိကန်တို့၏ ဆက်ဆံရေးသည် ရှေ့အလားအလာ မကောင်းသည့် အဆင့်အထိ ပို၍ဆိုးရွားလာနေ ပေသည်။ ဤဖြစ်ရပ်များကြောင့် နေတိုး တပ်ဖွဲ့များ၏ အရေးကြီးလှသော ပံ့ပိုးမှုများကို ပို၍ ဝေးကွာပြီး စရိတ်ကြီမားလှသော ရုရှားထောက်ပံ့ရေး လမ်းကြောင်းမှ ဗဟိုအာရှဒေသ ထောက်ပံ့ရေး လမ်းကြောင်း များသို့ ပြောင်းလဲ အသုံးပြုနေကြ ရပေသည်။
အမေရိကန် တို့သည် ပိတ်ဆို့ ထားသော ထိုလမ်းကြောင်းကို ပြန် ဖွင့်ပေးရန် ဖိအားပေးလျက် ရှိသည်။ ယခု အတောအတွင်း လွန်ခဲ့သော မေလ ၂၃ ရက်တွင် အမေရိကန် တို့က နယ်စပ်တွင် ဒရုန်း လေယာဉ် များဖြင့် ထပ်မံတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြ ပြန်သည်။

နေတိုး ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး
လွန်ခဲ့သော အပတ်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် နေတိုး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့ကြသည်။ ၄င်း အစည်းအဝေးတွင် စစ်မက်ဖြစ် ပွားနေသော ပါကစ္စတန်၏ အိမ်နီးချင်း အာဖဂန် နိုင်ငံမှ နေတိုး တပ်ဖွဲ့ဝင်များ သိက္ခာ မကျဆင်းစေဘဲ ရုပ်သိမ်းထွက်ခွာ နိုင်ရေးကို အဓိက ဆွေးနွေးခဲ့ကြသည်။ သဘော တူညီမှု တစ်ခုမှာ အာဖဂန်နိုင်ငံမှ နေတိုး တပ်ဖွဲ့များ ၂ဝ၁၄ ခုနှစ်တွင် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်အားလုံး ဆက်တိုက် ရုပ်သိမ်းသွားမည်ဖြစ်သည်။
ထို့အပြင် နေတိုး ထိပ်သီး အစည်းအဝေးသို့ ပါကစ္စတန်နိုင်ငံ အားတက်ရောက်ရန် ဖိတ်ကြားခဲ့ သည်။ ထိုသို့ ဖိတ်ကြားခဲ့ခြင်းမှာ နေတိုး တပ်ဖွဲ့များအား ထောက်ပံ့ရေး လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် ရည်ရွယ်ကာ ပါကစ္စ တန်အား ထိပ်သီးအစည်းအဝေး တက် ရောက်စေခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ မှတစ်ဆင့် ကုန်းလမ်း ခရီးဖြင့် အာဖဂန်မြောက်ပိုင်းနယ်စပ်သို့ နေတိုး ထောက်ပံ့ပစ္စည်းများကို ဖြတ်သန်း ပို့ဆောင်ပေးနေခဲ့ခြင်း ဖြစ် သည်။ ထိုလမ်းကြောင်းကို ပါကစ္စတန် ဘက်က ပိတ်ထားခဲ့သည်မှာ၆လခန့်ရှိပြီဖြစ်သည်။
နေတိုး အဖွဲ့ဝင် နိုင်ငံများနှင့် အခြားသော နိုင်ငံပေါင်း ၆ဝ မှ ခေါင်းဆောင်များ ချီကာဂိုမြို့တွင် ၂ ရက်ကြာ ပြုလုပ်ခဲ့သော အစည်း အဝေးမှာ လူထု ထောက်ခံမှု မရရှိ သော အာဖဂန်စစ်မှ ထွက်ခွာရေး အတွက် သူ့နည်းသူ့ဟန် လမ်းပြ မြေပုံများ ဆွဲရန် တွေ့ဆုံခြင်းဖြစ်သည်။
နေတိုး တို့၏ လမ်းပြမြေပုံသည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုက ဆိုဗီယက်တို့ ဖရိုဖရဲ ထွက်ခွာသွား ရသကဲ့သို့ မဖြစ်စေရန် မဟာဗျူ ဟာ ချမှတ်သော အစည်းအဝေး တစ်ခုပင် ဖြစ်သည်။ ဆိုဗီယက်တို့ ဝရုန်းသုန်းကား ထွက်ခွာသွားပြီး နောက် အာဖဂန်တွင် အယ်လ်ကေဒါ အကြမ်းဖက် အုပ်စုများ ထွက်ပေါ်လာ စေရန် လမ်းပွင့် သွားခဲ့သည်ဟု နိုင်ငံ ရေးသုတေသီအများစုကမှတ်ချက်ပေးခဲ့ကြသည်။
နေတိုး တပ်ဖွဲ့ဝင် နိုင်ငံများသည် အာဖဂန်စစ်ကို နှစ်ကြာရှည်စွာ တိုက်ခိုက်ရန် အင်အား မရှိကြတော့ ချေ။ အကောင်းဆုံး နည်းလမ်းမှာ အာဖဂန်၏ လုံခြုံရေးကို အာဖဂန် တို့လက်ထဲသို့ ထည့်ပြီး ကိုယ်တိုင် တာဝန်ယူစေခြင်းပင် ဖြစ်သည်။ နေတိုး၏ တိုက်ခိုက်ရေး အဖွဲ့ အားလုံးသည် ၂ဝ၁၄ ခုနှစ် နှစ်ကုန် တွင်အားလုံး ရုပ် သိမ်းပေးရန်ပင် ဖြစ်ကြောင်းကြေညာလိုက်ပြီဖြစ် သည်။

အမေရိကန်နှင့် နေတိုးတို့ အဓိက ရင်ဆိုင်နေရသည့် ပြဿနာများ
၂ဝဝ၁ ခုနှစ် အာဖဂန်မြေပေါ်မှ တာလီဘန်နှင့် အယ်လ်ကေဒါများ ကို မောင်းထုတ်ခဲ့သည့် အချိန်နှင့် ယခုအချိန်မှာ စစ်အပေါ် အဆိုးမြင်မှု များနှင့် ငြီးငွေ့လာမှုများ သိသာ ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။ ၂ဝဝ၆ ခုနှစ်လောက်ကပင် တာလီဘန် များသည် တပ်သားများ ပြန်လည် စုစည်းပြီး စစ်ရေးအတွက် ခြိမ်းခြောက်မှုများ ကို ပြန်လည် ပြုလုပ်လာနိုင်ခဲ့ကြသည်။ အိုဘားမား အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွင်း ဒီဇင်ဘာလတွင် စစ်သည်အင်အား ၃၃ဝဝဝ ကို အာဖဂန်သို့ ထပ်မံ စေ လွှတ်ပေးခဲ့ ရသည်။ အမေရိကန် တပ်ဖွဲ့များ အင်အားဖြည့်တင်း ပေးခဲ့ရသော်လည်း အာဖဂန်နိုင်ငံ အတွင်း တာလီဘန်တို့၏ အကြမ်း ဖက်မှု လုပ်ငန်းများသည် ယခင်က ထက် ပို၍ ဆိုးရွား လာသည်ဟု မှတ်ချက်ချကြသည်။
အာဖဂန်တွင် နိုင်ငံစုံတပ်ဖွဲ့ များအတွက် တစ်နှစ် ကုန်ကျစရိတ် သည် ဒေါ်လာ ၄ ဘီလျံထက် မလျော့သော အခြေအနေရှိသည်။ နေတိုး အဖွဲ့ဝင်နိုင်ငံ အများစုမှာ စီးပွားရေး ကျဆင်းမှုအပြင် ဘတ် ဂျက်လို ငွေပြမှုများကို ရင်ဆိုင်ကြုံ တွေ့ပြီး မိမိတို့၏ နိုင်ငံအတွင်း အသီးသီး ဖြေရှင်းနေကြရပေသည်။
အာဖဂန်စစ်ပွဲတွင် အမေရိကန် တပ်ဖွဲ့ဝင် စုစုပေါင်း ၁၈၄ဝ ဦး အပါအဝင် နေတိုး တပ်ဖွဲ့ဝင် ၃ဝဝဝ  ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ ထို့အပြင် အာဖဂန် ပြည် သူထောင်ပေါင်း များစွာ အသက် ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အာဖဂန် စစ်ပွဲဆင်နွြှဲုခင်း အပေါ် အမေရိကန်နှင့် ဥရောပတို့မှာ ထောက်ခံမှု အနိမ့်ဆုံးသို့ ကျဆင်းခဲ့ရသည်။ စစ်တမ်း များအရ အမေရိကန်ပြည် သူ ၆၆ ရာခိုင်နှုန်းက စစ်ကိုဆန့် ကျင်ကြောင်း မဲဆန္ဒဖြင့် ဖော်ပြခဲ့ကြ သည်။
ထို့အပြင် ပိုလန်နိုင်ငံ ကလည်း အာဖဂန်သို့ စေလွှတ်ထားသော စစ် သား ၂၅ဝဝ အတွက် ငွေကြေး ထောက်ပံ့ရန် မတတ်နိုင်တော့သဖြင့် ပြည်လည် သုံးသပ်ရမည်ဟု ယခင်အပတ်က ပြောကြားလာခဲ့သည်။ ယခု ပြင်သစ် သမ္မတ အသစ်ဖြစ်သူ ဖရန်ဆွာဟောလန်ဒီကလည်း ဤ နှစ်နှောင်းပိုင်းတွင် အာဖဂန်မှ မိမိ တို့၏ ပြင်သစ်တပ်များကိုရုပ်သိမ်းမည်ဟုပြောကြားခဲ့သည်။
သို့သော်လည်း အာဖဂန် ဒုတိယဝန်ကြီးက နိုင်ငံခြားရေး အကူအညီ မရဘဲ အာဖဂန်ပြည်သူ တို့သည် မိမိတို့နိုင်ငံ၏ လုံခြုံရေးကို ကာကွယ် နိုင်လိမ့်မည် မဟုတ်၊ ထို့အပြင် အကြမ်းဖက်သမား များသည် ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်မှု အဖြစ် ဆက်လက် တည်ရှိနေမည်ကို အနောက် အင်အားကြီးနိုင်ငံ များအနေဖြင့် အထူး သတိပြု နားလည်သင့်သည်ဟုပြောကြားခဲ့သည်။
မည်သို့ပင် ဆိုစေ ကမ္ဘာ့ခေါင်း ဆောင်များသည် အာဖဂန်စစ်ပွဲ အပေါ် စိတ်ဝင်စားမှုကတော့ နည်းပါးလာနေပြီ ဖြစ်သည်။ သို့သော် တာလီဘန်နှင့် အယ်လ်ကေဒါ တို့ ကမူ ဤအချက် အပေါ်တွင် အလေးထား လျက် ၄င်းတို့၏ လှုပ်ရှားမှု နည်းဗျူဟာကို ပြောင်းလဲနိုင်ရန် အသင့်ရှိနေ ကြဦးမည်ဟု နိုင်ငံရေး လေ့လာသူ များက အကဲခတ် သုံးသပ်နေကြသည်။Source Popular.

-----------------------------------------------------------------




 

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်