သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 19 April 2014

ကချင်ပြည်နယ်၌ ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တစ်သောင်းကျော်အထိ ရောက်ရှိလာ



ကချင်ပြည်နယ်အတွင်း ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ တစ်သောင်းကျော်အထိ ရှိလာကြောင်း စစ်ပြေးဒုက္ခသည်များကို အကူအညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

တိုက်ပွဲများကြောင့် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မိုးမောက်မြို့နယ် အရှေ့မြောက် ဧရိယာတွင် ရှိနေသော ကျေးရွာများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်လျှောက် ဒေသများမှ ကချင်နှင့်ရှမ်းတိုင်းရင်းသားများမှာ နေရပ်စွန့်ခွာပြီး စစ်ပြေးဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။

“မန်ဝိန်းကြီး ဒုက္ခသည်စခန်းကို ပြေးလာတဲ့သူက ၃၀၀၀ ကျော်လောက်ရှိတယ်။ တရုတ်ပြည်ဘက် ပြေးသွားတာရော၊ နမ့်ခမ်းဘက် ပြေးသွားတာတွေလည်း ရှိပါတယ်” ဟု ဗန်းမော်အခြေစိုက် ကရုဏာ လူမှုကူညီရေးအဖွဲ့ (KMSS) မှ ဦးနော်ဒင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဗန်းမော်ခရိုင်အတွင်းရှိ မန်ဝိန်းကြီး ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူများတွင် လဂတ်ယန် ဒုက္ခသည်စခန်းမှ စစ်ပြေးဒုက္ခသည်များလည်း ပါဝင်ကြောင်း သိရသည်။

လဂတ်ယန် ဒုက္ခသည်စခန်းတွင် စစ်ပြေးဒုက္ခသည် ၈၀၀ ခန့်ရှိပြီး ထိုစခန်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်လာသဖြင့် စခန်း၌ရှိနေသော ဒုက္ခသည်များမှာ မန်ဝိန်းကြီးသို့ ထွက်ပြေးတိမ်းရှောင်ခံခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မန်စီမြို့နယ်၊ မိုးမောက်-လွယ်ဂျယ်၊ မူဆယ်-နမ့်ခမ်းမြို့နယ်များနှင့် ဆက်စပ်ဒေသများ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထိုသူများအနက် ၃၀၀၀ ကျော်မှာ မန်ဝိန်းကြီး ဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ပြီး ၅၀၀၀ ကျော်မှာ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ လာရောက်ခိုလှုံခဲ့ကြကြောင်း သိရှိရသည်။ ကျန်ရှိသူများမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်တော့ ထောင်ကြီးလောက်ရှိတယ်။ ထောင်ကြီးဆိုတော့ တစ်သောင်းလောက် ရှိတာပေါ့။ အထူးသဖြင့် မန်ဝိန်းကြီးနဲ့ အနီးတ၀ိုက်မှာရှိတဲ့ ရွာ ၃၀၊ ၄၀ လောက်ကလူတွေက စစ်ပြေးဒုက္ခသည်တွေ ဖြစ်ကုန်တယ်” ဟု လိုင်ဇာရှိ KIO ဗဟိုဌာနချုပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။

မန်ဝိန်းကြီး ဒုက္ခသည်စခန်းနှင့် မူဆယ်၊ နမ့်ခမ်းသို့ ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များအား ဒေသခံ လူမှုကူညီရေး အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ကူညီထောက်ပံ့မှု ပေးနေသော်လည်း တရုတ်နိုင်ငံဘက်သို့ ရောက်ရှိသွားသူများမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“တရုတ်က နေစရာတော့ပေးတယ်။ စားစရာမပေးဘူး။ အဲဒီအတွက် အခက်အခဲ အများကြီး တွေ့နေရတယ်” ဟု တိုက်ပွဲများ ဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်သွားရောက် သတင်းရယူနေသည့် အလွတ်တန်းသတင်းထောက် ကိုဂျွန်စံလင်းက ပြောကြားသည်။

စစ်ပြေးဒုက္ခသည်များကို ကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့များက စစ်ပြေးဒုက္ခသည် အရေအတွက် တစ်သောင်းကျော်ရှိသည်ဟု ပြောဆိုသော်လည်း ထိုအရေအတွက် မရှိနိုင်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောပါသည်။

“တစ်သောင်းလောက်တော့ မရှိနိုင်ဘူး။ အထူးသဖြင့် မန်ဝိန်းကလူတွေပဲ များမယ်။ မန်ဝိန်းမှာ ရှိနေတဲ့သူတွေက နမ့်လင်းပါက ရောက်နေတဲ့သူတွေ။ မူဆယ်၊ နမ့်ခမ်းဘက် ပြေးသွားတဲ့သူတွေမှာ အများစုက ရှမ်းရွာတွေက။ တချို့လည်း သူတို့ရွာသူတို့ ပြန်နေကြပြီ” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ဆိုသည်။

ဧပြီ ၁၀ ရက်မှ စတင်ပြီး ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးဒေသ၊ ဗန်းမော်-မိုးမောက်မြို့နယ် အထက်ပိုင်းနှင့် မူဆယ်-နမ့်ခမ်းမြို့နယ်များနှင့် ဆက်စပ်နယ်မြေများတွင် အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

အစိုးရတပ်များက KIA တပ်မဟာ-၃၊ တပ်ရင်း ၂၇ နယ်မြေရှိ နယ်စပ်စခန်း တစ်ခုကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပြီး သင်္ကြန်ကာလ အတွင်းမှာပင် တပ်ရင်း ၂၇ နယ်မြေနှင့် နယ်စပ်စခန်းကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှိနေသော KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေများသို့ပါ အစိုးရတပ်များ ဖြန့်ကြက်ဝင်ရောက်လာသဖြင့် ဧပြီ ၁၆ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

“ဖြစ်တာက ဧပြီ ၁၀ ရက်နေ့ကပဲ။ သူတို့က တပ်ရင်း ၂၇ နယ်မြေထဲက နယ်စပ်စခန်းကို လိုချင်တယ်။ တပ်ရင်း ၂၇ ရဲ့ ယာယီဌာနချုပ် ဖျက်ဆီးခံလိုက်ရတယ်။ နယ်စပ်စခန်းကို ပေးလိုက်ရတယ်။ ဒါပေမဲ့ ရပ်မသွားဘူး။ တပ်ရင်း ၁ ဘက်ကို ဆက်ဝင်လာတယ်။ သူတို့ ဆက်တိုးမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ” ဟု လိုင်ဇာရှိ KIO ဗဟိုဌာနချုပ်မှ အရာရှိက ဆိုသည်။

ဗန်းမော်-မိုးမောက် အထက်ပိုင်းတွင် ရှိနေသော KIA တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများအပါဝင် စီးပွားရေးနှင့် သက်ဆိုင်သော လုပ်ကွက်များ ရှိနေကြောင်း သိရှိရသည်။

သီးခြားအတည်ပြုချက် မရရှိခဲ့ အခြားသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် KIA တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီး ဗန်းမော်နှင် လွယ်ဂျယ်အကြားတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၀ ရက်မှ ၁၇ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နှစ်ဖက်စလုံး၌ အကျအဆုံးများရှိခဲ့ပြီး မည်မျှအရေအတွက် ရှိသည်ဆိုခြင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

(တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျွန်စံလင်း))

Copy to  Eleven Media News

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks