
ချန်ချန် စီစဉ်တဲ့ မိဘမဲ့ကလေးများ အတွက် အနုပညာရှင်များရဲ့ ရန်ပုံငွေဈေး ရောင်းပွဲ အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ချန်ချန်ရဲ့ ဖခင်ဖြစ်သူ ဇော်ဝင်းထွဋ်လည်း တက်ရောက်လာပါတယ်။ ဇော်ဝင်းထွဋ်ကို တွေ့တွေ့ချင်းမှာပဲ ပြောင်းလဲစ ပြုလာပြီ ဖြစ်တဲ့ တိုင်းပြည်နဲ့ ပတ်သက်ပြီး သူ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုတွေကို သိရဖို့ အတွက် သူ့ကို မေးခွန်းတွေ မေးချင်လာ မိပါတယ်။ ဒါနဲ့ပဲဇော်ဝင်းထွဋ်ကို ပြောင်းလဲလာတဲ့ တိုင်းပြည် အကြောင်း၊ ရွေးကောက်ပွဲ အကြောင်း တွေကို မေးမြန်းဖြစ် ခဲ့ပါ တယ်။
မေး- ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ သူတွေ လွတ်လာတဲ့ အပေါ် ကိုညီထွဋ် ရဲ့အမြင်ကိုလည်း သိချင်ပါတယ်။ သူတို့တွေ လွတ်မြောက်လာခြင်းက တိုင်းပြည် နဲ့ ပြည်သူ့ အတွက် ဘယ်လို အင်အားတွေဖြစ်စေမယ် ထင်ပါသလဲ။
ဖြေ-
 တိုင်းပြည်တစ်ပြည်မှာ ပစ္စည်းမဲ့ လူတန်းစား ရှိသလို အုပ်ချုပ်တဲ့ 
အခွင့်ထူးခံ လူတန်းစားလည်း ရှိတယ်။ ဒါသမိုင်း အဆက်ဆက်မှာ ရှိခဲ့တာပါ။ 
အခြေခံ လူတန်းစား ကို လည်း သဘောပေါက်သလို အထက်လွှာ လူတန်းစား ကိုလည်း 
သဘောပေါက်တဲ့ ပညာတတ် လူတန်းစား ဆိုတာ သတ်သတ်ရှိတယ်။ ဒါပေမဲ့ ခေတ်အဆက်ဆက် 
မှာတော့ အဲဒီလူတွေက ကျွန်တော်ကြားဖူးတာက ထောင်ထဲမှာရောက် ရောက်နေတာ 
များတယ်။ အခုကျတော့ ဒီခေတ်မှာ ဘာမှ မရှိတော့ဘူး။ အကုန်လုံး က Fair Type ပဲ။
 ဒါဟာကောင်းတဲ့ အလားအလာပါ။ ကျွန်တော်တို့မှာ ဒီလိုဥာဏ်ရည် ရှိတဲ့ 
လူတွေလိုပါတယ်။ ပြည်သူ အားလုံးနဲ့ ဆိုင်တဲ့ ပါဝါကို ထိန်းညှိပေးဖို့ 
လိုပါတယ်။ ဒီလို အခြေ အနေ တစ်ခုကိုရတော့မယ် လို့လည်းထင်ပါတယ်။ ကျွန်တော် 
မျှော်လင့်တာကတော့ ကောင်းကောင်းမွန်မွန်နဲ့ ဘာမှအုတ်အော်သောင်းတင်း 
ရုန့်ရင်းဆန် ခတ်မဖြစ်ဘဲ နဲ့ အခြေအနေ တစ်ခုကိုရောက် 
ချင်ပါတယ်။ကျွန်တော့်တို့ အရွယ်တွေရဲ့ ဆန္ဒပေါ့။
မေး-
 ဧပြီ ၁ ရက်နေ့မှာ စတင်တော့မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် 
ယှဉ်ပြိုင်ကြမယ့် ပါတီတွေ အပေါ်မှာ ပြည်သူ တစ်ယောက် အနေနဲ့ ကိုညီထွဋ် ဘာတွေ 
မျှော်လင့် ထားပါသလဲ။
ဖြေ-
 အရင်တုန်းကဆိုရင် အရင်အစိုးရနဲ့ ဆန့်ကျင်လိုက်ရင် မဲကတော်တော် 
များနေပြီပေါ့။ အခုက အစိုးရနဲ့ ပေါင်းစည်းပြီး အတူတူ လုပ်မယ်ဆိုရင် တကယ် 
ဟုတ်ဖို့ လိုပါတယ်။ ပြည်သူတွေ ကတော့ ညှာမှာ မဟုတ်ပါဘူး။ ဒီသက်တမ်း 
တစ်ခုလုံး ဘယ်လိုနေခဲ့ရလဲ ဆိုတာ ကျွန်တော်တို့ အသိဆုံးပါပဲ။ အားလုံးက 
မျက်စိဖွင့် နား စွင့်ပြီးတော့ ဘယ်သူကတော့ ငါတို့ကို လူလည်ကျမယ်။ 
ဘယ်သူကတော့ ငါတို့ကို ကောင်းအောင် လုပ်ပေးမယ်ဆိုတာ ပြည်သူတွေ အကုန်လုံးက 
သိပါတယ်၊၊ ကျွန်တော် က တော့ ဘယ်သူ့ဘက်မှ လိုက်ပြီး နေမှာ မဟုတ်ပါဘူး၊၊ 
ရွေးကောက်ပွဲမှာ တကယ် မှန်မှန်ကန်ကန်ဖြစ်တဲ့ လူပဲတက်လာမယ်လို့ ကျွန်တော် 
မျှော်လင့်ပါတယ်၊၊ အဓိကက စနစ်တစ်ခု ကောင်းတယ် ဆိုရင် အဲဒီ စနစ်အောက်မှာ 
အကုန်လုံးက ဟန်ချက်ညီညီနဲ့ ဒီမိုကရက်တစ် သဘောဆောင်တဲ့ လုပ်ဆောင်မှုမျိုး 
လိုတယ်၊၊ အဆင့်ဆင့် အုပ်ချုပ်နှင့် သွားတဲ့ စနစ်မျိုးဆိုတော့ ဒီမိုကရက်တစ် 
ဖြစ်တဲ့ဟာလည်း လိုပါတယ်။ အဲဒီလို စနစ်မျိုး တကယ်ရှိရင်တော့ 
ဘယ်ခေါင်းဆောင်ပဲ အုပ်ချုပ်အုပ်ချုပ်၊ ဒီခေါင်းဆောင်ဟာ တိုင်းပြည်ကောင်း 
တာကို သူမလုပ် လို့ကို မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူတွေက 
စောင့်ကြည့်နေမှာလေ။
မေး – ဒီလိုအချိန်မှာ တိုင်းပြည် အတွက် အလိုအပ်ဆုံးက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။
ဖြေ-
 အခုချိန်မှာ အလိုအပ်ဆုံးက အားလုံးပြန်လည် ပေါင်းစည်း ညီညွတ် ဖို့ပါပဲ။ 
အရင်တုန်းကလို တစ်ယောက်တစ်ပေါက်နဲ့ ပြောနေရမယ့် အချိန် မဟုတ်တော့ပါဘူး။ 
အရင်တုန်းကဆိုရင် နိုင်ငံရေး လုပ်တဲ့သူက သတ်သတ်၊ ရိုးရိုး သာမန်လူတွေက 
သတ်သတ်ပေါ့။ အမှန်တော့ အဲဒီလို မဖြစ်ရပါဘူး။ လူတိုင်း လူတိုင်းရဲ့ စိတ်ထဲ 
မှာနိုင်ငံရေး အသိစိတ်ဓာတ် ရှိရမယ်ဆို တဲ့ခေတ်ရောက်တော့မှာပါ၊၊ 
လူငယ်တွေကလည်း နိုင်ငံရေး အသိစိတ် ပျောက်ဆုံးနေကြတယ်။ နိုင်ငံရေး 
ဆိုတာအားလုံး နဲ့ဆိုင်တယ်။ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ကိုယ့်ရဲ့လူမှုရေး 
ဒီထက်ပိုကောင်း လာအောင်၊ ပိုဖူလုံလာအောင် လူတိုင်းမှာ အခွင့်အရေး ရှိတယ်။ 
ဒါနိုင်ငံရေးပဲလေ။ ပြောရရင် အနီရောင်ခေတ် ကပြီး သွားပြီ၊၊ အခုက 
အဖြူရောင်ခေတ်ပေါ့၊၊ အဖြူရောင်ခေတ် ကိုဖြတ်တဲ့ နေရာမှာ အားလုံးက 
သိမ်မွေ့တဲ့နည်းတွေ နဲ့ဖြတ်ရမှာကိုး အားလုံးက ဥာဏ်ရည်ချင်း ယှဉ်ပြိုင် 
ရမယ့် ခေတ် ဖြစ်သွားတာပေါ့၊၊
ဆက်လက်ဖော်ပြပါမည်။       
လင်းအက္ခရာ
လင်းအက္ခရာ
 popularmyanmar
No comments:
Post a Comment