သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 23 June 2013

မြန်မာလုပ်သား ၂၀ ဦးနှင့် ဒုက္ခသည် ၆၅ ဦး မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ



မလေးရှားနိုင်ငံမှ မြန်မာလုပ်သား ၂၀ ဦးနှင့် ဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၆၅ ဦးသည် MAI လေကြောင်းလိုင်းဖြင့် ယနေ့ မွန်းလွဲ ၂ နာရီခွဲ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ Public Relation Director ဖြစ်သူ ဦးရဲမျိုးဟိန်းက ပြောကြား သည်။

ရောက်ရှိသော မြန်မာလုပ်သား ၂၀ ဦး အနက် ဒဏ်ရာရရှိသူ ၄ ဦး ပါဝင်ပြီး ယင်းတို့မှာ ကိုကိုမောင်၊ ကိုခင်မောင်ဝင်း၊ ကိုဝေအောင် သိန်းနှင့် ကိုရာမ
တို့ ဖြစ်ကြောင်း၊ ဒုက္ခသည် ၆၅ ဦးတွင် တစ်ဦးမှာ အခြေအနေ ဆိုးရွားလျက်
ရှိပြီး စကားပင်မပြောနိုင်ကြောင်း သိရသည်။

“ပြန်လာတဲ့ မြန်မာလုပ်သားတွေထဲမှာ ၄ ဦး ဒဏ်ရာရတယ်။ တစ်ဦးက ကမ့်ထဲက ခေါ်ထုတ်လာပြီး လေယာဉ်ပေါ်ရောက်မှ အခြေအနေ ဆိုးမှန်း သိရတာ။ သူ့စိတ်က ပုံမှန်မဟုတ်ဘူး။ အမည်တွေ ဘာတွေလည်း မေးလို့
မရသေးဘူး”ဟု ယင်းက ဆက်လက် ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ်တူတူ သွားရောက်လုပ်ကိုင်ပြီး ပဋိပက္ခဖြစ်စဉ်များ
အတွင်း ယောက်ကျားသေဆုံးသွားပြီးနောက် မြန်မာပြည်သို့အပြီးပြန်လာခဲ့သူ
မညွှန့်ညွှန့်ရီက “မလေးမှာ လက်ရှိအခြေအနေကတော့ အေးအေးဆေးဆေး
ပါပဲ။ ကျွန်မကတော့ ယောက်ကျားလည်း မရှိတော့ဘူး၊ ဟိုနိုင်ငံမှာလည်း စိတ်မချရဘူးဆိုတော့ ကိုယ့်နိုင်ငံကိုယ် အပြီးပြန်လာတာပါ။ ကျွန်မက အချဉ်ရည် စက်ရုံမှာ လုပ်တယ် သူက ကုန်တိုက်တစ်ခုမှာ လုပ်ပါတယ်။ သူ့ကိုလည်း ဆုံးပြီးဆိုမှ သိတာ ဘယ်လိုဆုံးတယ်ဆိုတာလည်း မသိဘူး”ဟု ပြောကြားသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံနေဆဲ မြန်မာဦးရေ ၁၀၀၀ ခန့်ရှိပြီး မြန်မာပြည်သို့ ပြန်မလာချင်သူများလည်း ရှိကြောင်း သိရသည်။

“တစ်ချို့က UN Card စောင့်နေတဲ့ သူတွေလည်း ရှိတယ်။ UN Card ရှိတယ်ဆိုရင် အပြင်ထွက်သွားရင်လည်း အလုပ်ပြန်လုပ်လို့ ရတယ်။ UN Card နဲ့ stay လုပ်လို့ ရတယ်။ ဒါကြောင့် ပြန်မလာချင်ကြတာလည်း ဖြစ်နိုင်
တယ်” ဟု ဧရာဝတီဖောင်ဒေးရှင်းမှ Protocol & Interna tional Relation Officer ဦးအောင်မျိုးစောက ပြောကြားသည်။

မလေးမှ ပြန်ရောက်သည့် မြန်မာလုပ်သားများအား အလုပ်ပေးမည့် ကိစ္စများနှင့် ပတ်သက်၍ “မလေးက ပြန်လာတဲ့သူတွေကို အလုပ်ပေး သွားဖို့ ဆိုတာ ပြောဖို့ နည်းနည်းခက်နေသေးတယ်။ ပထမ လာတဲ့သူတွေလည်း သူတို့ကျွမ်းကျင်တဲ့ အပိုင်း သူတို့လုပ်ချင်တဲ့အပိုင်း ကျွန်တော်တို့က ပေးနိုင်
တဲ့ အလုပ်အခွင့်အလမ်း အဆင်ပြေရင်တော့ အလုပ်ရမှာပါ” ဟု ကိုရဲမျိုးဟိန်း
က ပြောကြားသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မွန်၊ ကရင်၊ ချင်း၊ ရခိုင်၊ ကချင် စသည့် တိုင်းရင်းသားများစွာ ရှိနေကြပြီး အချို့မှာ မြန်မာစကားပင် ကောင်း
စွာ မပြောတက်ကြောင်း၊ အချို့နေရာများတွင် ဘာသာပြန်များငှားကာ CI ဖြည့်ပေးရသည်မျိုးလည်း ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကို ထားတဲ့နေရာက တော်တော်ဆိုးတယ်။ ကြက်ခြံလိုလို ဝက်ခြံလိုလိုနေရာမျိုးမှာ။ အစာကျွေးခါနီးကျရင် တံခါးလေး လာဖွင့် ပြီး ကျွေးတယ်။ အခန်းကျဉ်းလေးထဲမှာ အယောက် ၁၀၀ လောက်ထား
တယ်။ အိမ်သာရေချိုးခန်း အကုန်တစ်ပြေးထဲပဲ။ အိပ်တဲ့အခါ တစ်ယောက်
အပေါ် တစ်ယောက်ထပ်အိပ်ရတယ်။ အရမ်းလည်း မိုက်ရိုင်းတယ်။ ခုလည်း ကမ့်ထဲမှာ ပြန်ချင်တဲ့သူတွေ အများကြီးရှိသေးတယ်။ ဒါပေမယ့် မြန်မာပြည်
မှာ အလုပ်မရှိဘူးဆိုရင် ပြန်တော့ သွားချင်သေးတယ်”ဟု ဒုက္ခသည်စခန်းမှ
မြန်မာပြည်သို့ ပြန်လည်ရောက်ရှိ လာသူတစ်ဦးက ပြောကြားသည်။

ယခုလက်ရှိ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရန် CI လျှောက်ထားသူ ၇၀၀ ခန့်ရှိပြီး မြန်မာလုပ်သား ၁၅၀၀ ခန့် ကျန်ရှိနေသေးကြာင်း၊ ဧရာဝတီဖောင်ဒေးရှင်းမှ မြန်မာလုပ်သား ပြန်ပို့ပေးခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယင်းဖောင်ဒေးရှင်းအနေဖြင့် ၄၅ဦးခန့် မြန်မာ နိုင်ငံသို့ ပြန်ပို့ပြီးဖြစ်ကြောင်း သိရသည်။


The Myanma Age

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်