သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 27 February 2013

မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ပြောကြား




Wednesday, February 27, 2013

လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။


"ရဲတပ်ဖွဲ့တွေအနေနဲ့ ရာဘာဒုတ်နဲ့ ခုခံကာကွယ်ခဲ့ တဲ့အတွက် တပ်ဖွဲ့ဝင်တွေ ဒဏ်ရာ အများအပြား ရရှိခဲ့တယ်။ဒေသခံတွေက အရမ်း ကြမ်းလာတဲ့ အတွက် လက်နက်သုံးခဲ့တယ် ဆိုပေမယ့် ရာဘာကျည်
လေးတောင့်နဲ့ ခဲကျည် တစ်တောင့်သာ အသုံးပြု ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ပစ်တဲ့ ခဲသီးက တစ်ယောက်ရဲ့ ပါးစပ်မှန်ပြီး နောက် တစ်ယောက် လက်မောင်းကို မှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြတယ်။ ဒေသခံများ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရင် ခြောက်လှန့် ခြိမ်းခြောက်မှုမျိုး ဘယ်တော့မှ မပြုလုပ်ပါဘူး" ဟု ဦးထွန်းမင်းက ပြောပါသည်။

"ဒီဒေသခံတွေက ငါးကန်တွေကို ဖောက်ချတယ်။ ငါးတွေဖမ်းတယ်။
ကုမ္ပဏီ ၀န်ထမ်း တွေကို ရန်ရှာတဲ့ အတွက် ကုမ္ပဏီ ၀န်ထမ်းတွေ
ထွက်ပြေး ကြရတယ်။ ဖေဖော်ဝါရီလ ၂၅ရက်နေ့က အရမ်း ကြမ်းလာတဲ့ အတွက် ဖေဖော်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ တစ်နာရီမှာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရခြင်း ဖြစ်တယ်။ အဲဒီလို ပုဒ်မ ၁၄၄ထုတ် ပြန်ခဲ့ပေ မယ့်
ဒေသခံတွေက လိုက်နာခြင်း မရှိတဲ့အတွက် သက်မှတ်ထားတဲ့ နေရာက ဖယ်ပေးဖို့ နှစ်ကြိမ် သတိပေးခဲ့တယ်။ ဒေသခံရွာ သူ ရွာသား တွေကို လည်း ခေါ်ပြီး ညှိနှိုင်းခဲ့ပေမယ့် သူတို့ရဲ့ တောင်းဆိုချက်က လယ်မြေတွေကို ခုချက်ခြင်း ပြန်ပေးပါဆိုတဲ့အတွက် ဘယ်လိုမှ လိုက်လျော မပေးနိုင်တဲ့ အတွက်ကြောင့် ဒေသခံတွေက ဒုတ်တွေ ဓားတွေ နဲ့ ဂျင်ကလိတွေ ကိုင်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ၀င်ရောက် အကြမ်းဖက်ခဲ့တယ်”ဟု ဦထွန်းမင်းက ဆိုပါသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာ ရရှိခဲ့သူများအနက်
ဒေသခံ ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦးကို မအူပင် ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့သည့် ရဲတပ်သား ရဲကျော်သူမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့
နံနက် ၉ နာရီအချိန်က သေဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆေးရုံကို ရောက်လာတဲ့ လူနာအားလုံးကို ဆေးကုသ
ပေးပါတယ်။ အဲဒီဘက်မှာ ဖြစ်တဲ့ ကိစ္စတွေကို ကြားကတည်းက ဆေးရုံမှာ လူအင်အားစုပြီး တပ်လှန့်ထားပါတယ်။ ဓာတ်ခွဲခန်းတွေ ခွဲစိတ်ခန်းတွေ အဆင်သင့် ဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ကျန်းမာရေး အဖွဲ့တစ်ဖွဲ့နဲ့ အရေးပေါ် လူနာတင်ယာဉ် ကားတစ်စီးကိုလည်း အခင်းဖြစ်တဲ့ နေရာ
ကိုသွားပြီး အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်စေ ပါတယ်။
ဆေးရုံမှာရှိတဲ့ ဆရာဝန် ဆရာမ အင်အားတွေနဲ့ ကုသပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဦးခေါင်းခွံရိုး အက်သွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်” ဟု မအူပင်
ပြည်သူ့ဆေးရုံ၊ဆေးရုံအုပ်ကြီးက ပြောသည်။

လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် မအူပင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ လာသူများအနက် ပြင်ပ လူနာဌာနတွင် ကုသပေးပြီး ဆေးရုံမှ ပြန်လည်စေလွှတ်ခဲ့သူ ၁၆ဦး
ရှိခဲ့ပြီး ကျန်ရှိသူများမှာ ဒဏ်ရာမပြင်းထန်ကြောင်း မအူပင်ဆေးရုံအုပ်ကြီး
က ပြောကြားခဲ့သည်။

ယင်းပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူများအား ဆေးရုံသို့ရောက်ရှိ
လာရေးအ တွက် မအူပင်မြို့နယ်ရှိ လူမှုအဖွဲ့အစည်းများကလည်း အကူအညီများပေးခဲ့ကြောင်းနှင့် ကျေးရွာများတွင် ဖမ်းဆီးထိမ်းသိမ်း
ခံရမည်ကို ကြောက်ရွှံ့သောကြောင့် ဒဏ်ရာရရှိသော်လည်း
ရှောင်ပုန်းနေသူများလည်းရှိကြောင်း မအူပင်မြို့နယ်ရှိ ပျိုးခင်းသစ် လူမှုကူညီရေးအဖွဲ့မှ ကိုထိုက်ထိုက်က ပြောပြခဲ့သည်။

''ရွာသားတွေက ဒီမြေတွေကို သူတို့ပိုင်တယ်ဆိုပြီး ကုမ္ပဏီက ငါးကန် တာဘောင်ငါးခုကို ဖောက်ချလိုက်တယ်။ အဲဒါကို မဖောက်ချဖို့ မလက်တို ရွာသားတွေကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ပြောပေမယ့် လူစုမကွဲဘူး။ ညနေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပြဿနာ
ဖြစ်တယ်။ နှစ်ဖက်စလုံး ဒဏ်ရာရတာတွေ့ရတယ်'' ဟု ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပက်သက်ပြီး Orchard စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုမ္ပဏီမှ ဦးငယ်လေးက ပြောပါသည်။

''လယ် သမားတွေက လယ်ပြန်ရဖို့ တောင်းဆိုတာ ခြောက်ရက်လောက် ရှိပါပြီ။ ဒီနေ့ နေ့လည်တစ်နာရီမှာ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်လို့ သိရတယ်။ လယ်သမားတွေကို လူစုခွဲခိုင်းတယ်။ လူစုက ကွဲမသွားဘူး။ ညနေခြောက်နာရီလောက်မှာ လယ်သမားတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ကြတယ်''ဟု ကိုထိုက်ထိုက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက ပြောပါသည်။

လက်ရှိ အချိန်တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့ ညနေပိုင်းက ပဋိပက္ခ ဖြစ်ပွားသည့် နေရာတွင် ဒေသခံများ ဆက်လက် ရှိနေပြီး ရပ်တပ်ဖွဲ့ဝင်များကလည်း လူစုခွဲရန်နှင့် လူစုမခွဲပါက အရေးယူ
မှုများဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

ဓာတ်ပုံ - မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုတွင် လုံခြုံရေး
တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က
တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်