သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 7 November 2012

ဓါတ်ငွေ့ပိုက်လိုက် ခြေမွသွားသော ပလောင်မြေ

 
ရှမ်းပြည်နယ်တနေရာကို ဖြတ်သွားသော ရေနံ နှင့် ဓာတ်ငွေ့ပိုက် (ဓာတ်ပုံ - ဧရာဝတီ) ရခိုင်ပြည်နယ်မှ  တရုတ်နိုင်ငံသို့ သွယ်တန်း ဖောက်လုပ်နေသည့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ရှမ်းပြည် မြောက်ပိုင်း  ပလောင်တိုင်းရင်းသား ဒေသတွင် ပြည်တွင်းစစ်နှင့်လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဆိုးရွားစွာဖြစ်ပေါ်နေမှုအကြောင်း  တအောင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး TYSO က ယနေ့ ထိုင်း-မြန်မာနယ်မဲဆောက်မြို့တွင် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။ 




ပိုက်လိုင်းအိပ်မက်ဆိုး
TSYO ၏ ပတ်ဝန်းကျင်ထိန်းသိန်းရေးဌာန တာဝန်ခံ မိုင်းအေဲမ်းညိုဝ်းက “မြန်မာအစိုးရကို နိုင်ငံရေး ပြုပြင် ပြောင်းလဲတာတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာက ယုံကြည်နေပေမဲ့ ဒီအပြောင်းအလဲတွေ ဟာ တိုင်းရင်းသားဒေသတွေကိုမရောက်ဘူး ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတလျှောက် စစ်ရေးအင်အား တိုးချဲ့တာပဲ ရှိတဲ့အတွက် မြန်မာတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာတယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ များလာတယ် ဒီအခြေအနေတွေကို နိုင်ငံတကာက သိရှိနိုင်ဘို့ အတွက် အစီရင်ခံစာ ထုတ်ပြန်ရတာဖြစ်တယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
 
  မဲဆောက်တွင်ပြုလုပ်သည့် TSYO သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပလောင်ဒေသများဖြစ်သည့် နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခန်း၊ မန်တုံ မြို့နယ်များတွင် ဒေသခံများ၏လယ်ယာနှင့် တောင်ယာမြေဧက ၂၀,၀၀၀ ကျော် အဓမ္မသိမ်းဆည်းခံရပြီး အချို့ နေရာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် လျော်ကြေးငွေ အနည်းအကျဉ်းသာ ပေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

  မိုင်းအေဲမ်းညိုဝ်းက ”ဒီစီမံကိန်း ရပ်ဆိုင်းသွားနိုင်ဘို့ တတ်နိုင်တဲ့ဘက်က ကြိုးစားသွားမယ်/ ဒေသခံတွေအတွက် လုံးဝ အကျိုးမရှိတဲ့ ဒီစီမံကိန်းဟာ တရုတ်-မြန်မာ အစိုးရနဲ့ကုပ္မဏီတွေဘဲအကျိုးရှိမှာဖြစ်တယ်။ ဒီ ပိုက်လိုင်းလမ်းကြော ဆက်စပ်ဒေသတွေမှာ မြန်မာစစ်တပ်၊ ကချင် လွတ်လပ်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ တအောင်းပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ ဒေသတွေမှာ ပလောင် စစ်ပြေးဒုက္ခသည် ၁,၀၀၀ ကျော် ခိုလုံနေရ တယ် လက်ရှိသူတို့ရဲ့ကျန်းမာရေးနဲ့  စားဝတ်နေရေး အခြေအနေက အတော့်ကို ဆိုးဝါးနေတယ်” ဟု ထပ်လောင်း ပြောကြားသည်။ 


ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ဖိအားပေါ်ရန်၊ ပိုက်လိုင်းစီမံကိန်းနှင့် တရုတ် အလုပ်သမားများကို လုံခြုံရေးပေးရန်အတွက် စစ်စခန်းများ တိုးချဲ့လာရာ လက်ရှိတွင်စစ်စခန်း ၂၆ ခု အထိ ရှိလာကြောင်း။ ထို့အပြင်မြို့ ၆ မြို့နှင့်ရွာပေါင်း ၅၁ ရွာတွင် ပိုက်လိုင်း လုံခြုံရေး တာဝန်ကျသည့် စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် အသေးစိတ် ဖေါ်ပြထားသည်။

ဒေသတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် စက်တင်ဘာလ ၅ ရက်နေ့က နမ့်ခမ်းမြို့တွင် ကျောင်းမှ ပြန်လာသည့် ၁၃ နှစ်အရွယ် ကျောင်းသူတဦးကို တရုတ် အလုပ်သမား ၁၀ ဦးက အဓမ္မပြုကျင့်ခဲ့ရာ သေဆုံးသွားသော်လည်း ဒေသခံ အာဏာပိုင်များက တစုံတရာ အရေးယူခြင်းမရှိဘဲ သေဆုံးသူအတွက် ငွေကျပ် ၁၀ သိန်းကိုသာ ပေးအပ်ခဲ့သည့် အမှုတခု ဖြစ်ပွားခဲ့သည်ဟုလည်း TSYO အဖွဲ့ က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပိုက်လိုင်းကြောင့် ထိုသို့သော ဆိုးကျိုးများ ဖြစ်ပေါ်နေသော်လည်း အစိုးရက လာမည့်နှစ်ပေါင်း ၃၀ အတွင်း ဒေါ်လာ ၂၉ ဘီလီယံ ၀င်ငွေရမည်ဟု ရေးထားသည်။ 


၅၆ မျက်နှာ ပါရှိသည့် အစီရင်ခံစာတွင် ၂၀၁၀ ခုနှစ်မှ လုပ်ငန်း စတင်ခဲ့သည့်  ပိုက်လိုင်း စီမံကိန်းနှင့် သက်ဆိုင်သော ရှားပါး မှတ်တမ်းဓာတ်ပုံများ၊ မြေပုံအညွှန်းများ၊ ကိန်းဂဏန်းများ၊ အသေးစိတ် အချက်အလက်များ ပါရှိသည့်စာအုပ်ကို ရောင်စုံဓာတ်ပုံများဖြင့် ယနေ့  ထုတ်ဝေခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို TSYO က မဲဆောက်နှင့် ဘန်ကောက်ရှိ နိုင်ငံခြား သတင်းထောက်များကလပ် FCCT တွင် တပြိုင်တည်း ကျင်းပခြင်းဖြစ်သည်။

ref: ဧရာဝတီ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်