သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 19 November 2013

စစ်ကြောရေးစခန်းနှင့် ထောင်တွင်းသေဆုံး သွားကြသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုထောက်ပံ့မည်



စစ်ကြောရေးစခန်းနှင့် ထောင်တွင်းသေဆုံး သွားကြသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုထောက်ပံ့မည်

စစ်ကြောရေးစခန်းနှင့် ထောင်တွင်းသေဆုံး သွားကြသည့် နိုင်ငံရေး အကျဉ်းသားများအား အမှတ်တရ ဆွမ်းသွတ်ပြီး ဂုဏ်ပြုထောက်ပံ့မည့် အစီအစဉ်ကို နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့နှင့် AAPP တို့ ပူးပေါင်းကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

AAPP မှ ဦးတိတ်နိုင်က ''နိုင်ငံတကာ အလှူရှင်တွေက ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ လှူဒါန်းကြတာဆိုတော့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်သူမှ မထောက်ပံ့ နိုင်ကြဘူး။ တချို့လည်း အရမ်းဒုက္ခ ရောက်ကြတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်။ ဒါကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အခုလို ဂုဏ်ပြုထောက်ပံ့ချင်တာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထိုသို့ဂုဏ်ပြု ထောက်ပံ့ရန်အတွက် အလှူရှင်က ပေးအပ်သည့် ငွေကြေးမှာ လူဦးရေသတ်မှတ်ချက် ရှိနေသဖြင့် ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ထောင်တွင်းနှင့် စစ်ကြောရေးတွင် သေဆုံးသွားသည့် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများအား ပထမဦးစားပေး အနေနှင့် ဂုဏ်ပြုပေးအပ်မည်ဖြစ်ပြီး ဒုတိယဦးစားပေး အနေဖြင့် ထောင်တွင်းမှ ရရှိလာသည့် ရောဂါဝေဒနာများဖြင့် လွတ်မြောက်ပြီး တစ်လအကြာတွင် ကွယ်လွန်ခဲ့သူများအား ဦးစားပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အထက်ပါ သတ်မှတ်ချက်များနှင့် ပြည့်စုံပါက တိုက်ရိုက်သက်ဆိုင်သည့် ဇနီး၊ ခင်ပွန်းများအား ပေးအပ်မည်ဖြစ်ပြီး အကယ်၍ ကွယ်လွန်သူမှာ အိမ်ထောင်မရှိသူ ဖြစ်ပါက မိဘအရင်းထံ ပေးအပ်မည်ဖြစ်ကာ ဇနီး၊ ခင်ပွန်း ကွယ်လွန်ပြီး ဖြစ်ပါက သားသမီးများထံသို့ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကောက်ယူထားသည့် စာရင်းအရ သေဆုံးပြီး နိုင်ငံရေး အကျဉ်းသား ၁၆၀ ကျော်ရှိပြီး AAPP မှကောက်ယူရရှိသည့် စာရင်းမှာ ၁၅၉ ယောက်ရှိကာ အရေအတွက် အနေနှင့် ဒီထက်မက ရှိနိုင်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။

ဦးတိတ်နိုင်က ''ကျွန်တော်တို့ ရဲဘော်ထဲက မချယ်ရီဆိုရင် သူကိုယ်တိုင်လည်း ထောင်ထဲကနေလွတ်ပြီး မကြာခင်မှာ ကွယ်လွန်ခဲ့တယ်။ သူ့ဖခင် ကိုယ်တိုင်ကလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် ထောင်ထဲမှာ ကွယ်လွန်ခဲ့တယ်။ ကျန်ခဲ့တဲ့ သူ့မိခင်က ဘ၀မှာ ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပြီး အခုအချိန်မှာ အသက်အရွယ် အရလည်း ကြီးနေပြီ၊ ရှာဖွေကျွေးမွေးနိုင်တဲ့ မိသားစုဝင်လည်း မရှိတော့ဘူး။ သူတို့အရမ်းဒုက္ခရောက်နေတာကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရတယ်'' ဟု ကွယ်လွန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား မိသားစု၏ အခြေအနေကို ပြောကြားသည်။

ထောင်တွင်း ကွယ်လွန်ခဲ့သည့် ကိုစည်သူ၏ အစ်ကိုဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးခင်မောင်ဇော်က ''ကျွန်တော့်ညီက ထောင်တွင်း ၁၉၉၀ ပြည့်နှစ်က အဖမ်းခံရပြီး ၂၀၀၁ ခုနှစ်ရောက်တော့ ထောင်တွင်းမှာ ကွယ်လွန်သွားခဲ့တယ်။ သူ့လိုပဲ သေဆုံးသွားတဲ့လူတွေ အများကြီး ရှိခဲ့ပါတယ်။ သေချာစာရင်း ကောက်ယူမယ် ဆိုရင် အခုပြောနေတဲ့ လူ ၁၀၀ ကျော် ဆိုတာထက် ကျော်နိုင်တယ်'' ဟု ဆိုသည်။

ဦးတိတ်နိုင်က မြိတ်နှင့်ထားဝယ် မြို့နယ်အတွင်း စစ်တပ်မှအာဏာ သိမ်းပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၅ ဦးမှာ ပျောက်ဆုံးခဲ့ရပြီး နှစ်ပေါင်း ၂၅ နှစ်အတွင်း အချို့လူများအား ဆက်သွယ်၍ မရတော့ကြောင်း သိရသည်။ ထို့ပြင် ၂၀၀၇ သံဃာ့ အရေးအခင်းအတွင်း သေဆုံးသွားသည့် ရဟန်းတော်များ၏ ရုပ်အလောင်းများလည်း ပေါ်ထွက်လာခဲ့ပြီး စစ်ကြောရေးနှင့် ထောင်တွင်း သေဆုံးခဲ့သည့် သံဃာတော် အရေအတွက်မှာလည်း ၁၀ ပါးကျော်ရှိကြောင်း AAPP ၏ စာရင်းအရ သိရသည်။

၁၉၈၈ ခုနှစ်မှ စတင်ပြီး ဖမ်းဆီးခံရသူများ၊ စစ်ဆေးခံရသူများ အများအပြားရှိခဲ့ပြီး အရေးအတွက်ကို မည်သူမျှ တိတိကျကျ ဖော်ပြနိုင်ခဲ့ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများ၏ စာရင်းကို တိတိကျကျ ကောက်ယူနိုင်ရေး အတွက်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် AAPP တို့ ပူးပေါင်းကာ ကောက်ယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

(နိုဝင်ဘာ ၁၅ ရက်က တောင်ငူအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်))
eleven media

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်