သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 22 December 2012

စိန်ခေါ်မှုများ၊ အလားအလာများနှင့် တရုတ်နိုင်ငံ၏ မြန်မာ့မူဝါဒ

Written by ဒေါက်တာ ရန်မျိုးသိမ်း
ha-17-12-3
 ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်း ဆိပ်ကမ်းသစ် တိုးချဲ့ရန် ပိုင်တိုင်များကို
 နိုဝင်ဘာလအတွင်းက တွေ့ရစဉ်
မြန်မာ့အပြောင်းအလဲများ လမ်းကြောင်းမှန်ရေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းတွင် သေနတ်သံများ ဆိတ်သုဉ်းရေး၊ ယုံကြည်ချက် အကျဉ်းသားတစ်ဦးမျ မရှိရေးတို့သည် အရေးကြီးသည့်အလျောက် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန်လည်း အလွန်အရေးကြီးသည်။ နှစ်နိုင်ငံဆက်ဆံရေး၏ လတ်တလော စိန်ခေါ်မှုများကို နှစ်နိုင်ငံစလုံးက နည်းလမ်းတကျ ချဉ်းကပ် အဖြေရှာပြီး ရေရှည်အမြင်အပေါ် အခြေခံသည့် သူနိုင်ကိုယ်နိုင် မူဝါဒတစ်ရပ်ကို ချမှတ်နိုင်ရန် အထူးလိုအပ်လျက်ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အခြေခံအားဖြင့် မဟာဗျူဟာ အကျိုးစီးပွားသုံးရပ်ပေါ် အခြေခံလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံနေသည်။ အဆိုပါ မဟာဗျူဟာ အကျိုးစီးပွားသုံးရပ်မှာ စွမ်းအင်ဝယ်ယူရေးနှင့် စွမ်းအင်လုံခြုံရေး၊ အိန္ဒိယသမုဒ္ဒရာသို့ လမ်းပွင့်ရေးနှင့် နယ်ခြားဒေသလုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့ ဖြစ်သည်။


စွမ်းအင်ဝယ်ယူရေးနှင့် စွမ်းအင်လုံခြုံရေး
မြန်မာနိုင်ငံနှင့်ဆက်စပ်သော တရုတ်နိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားများတွင် စွမ်းအင်အရေးသည် နံပါတ်တစ်ဖြစ်သည်။ စွမ်းအင်လိုအပ်ချက်သည် တရိပ်ရိပ်မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်သည့်အပြင် လုံခြုံစိတ်ချရမှု လျော့နည်းလာခြင်း စသည့်အကြောင်းများကို အခြေခံလျက် တရုတ်နိုင်ငံသည် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကို ဗျူဟာမြောက် ပုံဖော်ခဲ့သည်။ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရှာခြင်းသည် တစ်ချက်ခုတ်၊ နှစ်ချက်မကပြတ် ဆိုသကဲ့သို့ ကုန်းပိတ်ပြည်နယ်ဖြစ်သော ယူနန်ပြည်နယ်အတွက်လည်း ပင်လယ်ထွက်ပေါက်တစ်ခု ရရှိနိုင်သည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံစိမ်းပိုက်လိုင်းတို့သည် မြန်မာနိုင်ငံကို ခါးလယ်မှဖြတ်လျက် တရုတ်နိုင်ငံနှင့် ချိတ်ဆက်မည့်အပြင် နယ်ခြားဒေသတွင်လည်း ရေအားလျပ်စစ် ဓာတ်အားပေးစက်ရုံများကို တည်ဆောက်မည်ဖြစ်သည်။ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံက တည်ဆောက်နေသည့်အပြင် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကမှ ရေနံစိမ်းကို ပိုက်လိုင်းမှတစ်ဆင့် ယူနန်ပြည်နယ်သို့ ပို့ဆောင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးကို အဆိုပြုထားသည့်အပြင် ကျောက်ဖြူ-ကူမင်း ကားလမ်းနှင့် ရထားလမ်းများဖောက်လုပ်ကာ လမ်းတစ်လျောက် အထူးစီးပွားရေးဇုန်များ ထူထောင်ရန် ပြင်ဆင်ဆောင်ရွက်နေသည်။ ၂၀၁၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရွှေသဘာဝဓာတ်ငွေ့တွင်းမှ သဘာဝဓာတ်ငွေ့များ စတင်တင်ပို့နိုင်ရန် မှန်းဆထားရာ မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန် လေးဆယ်ရာခိုင်နှုန်းကို ကိုယ်စားပြုသော သဘာဝဓာတ်ငွေ့ရောင်းအားသည် ပိုမိုမြင့်တက်လာဖွယ်ရှိကာ တိုင်းပြည်၏နိုင်ငံခြားငွေ၊ ၀င်ငွေပမာဏသည်လည်း မြင့်တက်လာမည် ဖြစ်သည်။
မြန်မာနိုင်ငံ နယ်ခြားဒေသတွင် ရေအားလျပ်စစ်ထုတ်မည့်ဆည်များ တည်ဆောက်ပြီး တရုတ်နိုင်ငံကို လျပ်စစ်ဓာတ်အား ပြန်လည်ရောင်းချနိုင်မည့်အလားအလာမှာလည်း မြင့်တက်လာနေသည်။ ၆၀၀ မီဂါဝပ် ရွှေလီ ၁ ရေအားလျပ်စစ်စက်ရုံသည် ဓာတ်အားထုတ်စက်ရုံကြီးများထဲတွင် တစ်ခုဖြစ်ပြီး၊ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားအများစုကို တရုတ်နိုင်ငံသို့ ရောင်းချနေသည်။ ထို့အပြင် တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းသည် ဧရာဝတီမြစ်ဖျားပိုင်းတွင် ရေအားလျှပ်စစ်ရေကာတာ ခုနစ်ခုတည်ဆောက်ရန် စီစဉ်ခဲ့သည်။ လတ်တလော မြန်မာနိုင်ငံအနှံ့ ဓာတ်အားပေးစက်ရုံ ၄၈ ရုံ တည်ဆောက်ရန်ပြင်ဆင်ထားပြီး၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄၅ ရုံအပြင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံတို့ ပါဝင်သည်။
အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရှာခြင်း
တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် နယ်စပ်ဒေသလုံခြုံရေးတို့အတွက် မြန်မာနိုင်ငံကို ဖြတ်ကျော်ကုန်းမြေတံတားထိုးလျက် အိန္ဒိယသမုဒ္ဒရာနှင့် ဆက်သွယ်ရေးသည် အလွန်အရေးကြီးသည်။ ထို့ကြောင့် ယူနန်ပြည်နယ်မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရှာခြင်းသည် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ဒုတိယမြောက် မဟာဗျူဟာ အကျိုးစီးပွားဖြစ်သည်။ ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်နိုင်မည့်လမ်းကြောင်း နှစ်ခုရှိပြီး၊ ပထမလမ်းကြောင်းမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ ဆက်သွယ်သည့် ကားလမ်းနှင့်မီးရထားလမ်း ဖောက်လုပ်မည့်အစီအစဉ် ဖြစ်သည်။ ဒုတိယလမ်းကြောင်းမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မြစ်တွင်းဆိပ်ကမ်းတည်ဆောက်ပြီး ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းတစ်လျောက် ရန်ကုန်မြို့နှင့်သီလ၀ါဆိပ်ကမ်းသို့ စုန်ချီ၊ ဆန်ချီပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံကို ပထ၀ီတံတားအဖြစ် အသုံးပြုမည့် အယူအဆသည် တရုတ်နိုင်ငံ၏ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာနှစ်ခုလုံးကို ချိတ်ဆက်နိုင်မည့် သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးနှင့် နယ်ခြားလုံခြုံရေး
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၏ လုံခြုံရေးနှင့် နယ်စပ်ဒေသများတည်ငြိမ်ရေးသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော တတိယမြောက် အကျိုးစီးပွားဖြစ်သည်။ မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး၊ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးသည် နှစ်နိုင်ငံကုန်သွယ်ရေး၏ အဓိက အင်ဂျင်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ဆက်စပ်သော တရုတ်နိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားများတွင် စွမ်းအင်အရေးသည် နံပါတ်တစ်ဖြစ်သည်။ စွမ်းအင်လိုအပ်ချက်သည် တရိပ်ရိပ်မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်သည့်အပြင် လုံခြုံစိတ်ချရမှု လျော့နည်းလာခြင်း စသည့်အကြောင်းများကို အခြေခံလျက် တရုတ်နိုင်ငံသည် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကို ဗျူဟာမြောက် ပုံဖော်ခဲ့သည်  . . .

တရုတ်နိုင်ငံသည် ပို့ကုန်သွင်းကုန်ပမာဏတွင် အသာစီးရနေပြီး နယ်စပ်ပို့ကုန်နှင့် သွင်းကုန်နှစ်မျိုးစလုံးတွင် ၂၀၁၁ ခုနှစ်၌ ပိုမိုမြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံ၊ ကူမင်းအကောက်ခွန်ဌာန၏ ခန့်မှန်းတွက်ချက်မှုအရ၊ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၄၈၀.၇ သန်းရှိပြီး၊ ၅၀.၈ ရာခိုင်နှုန်းသည် နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့သည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၆၁ သန်းရှိပြီး၊ ၆၆.၇ ရာခိုင်နှုန်းသည် နယ်စပ်မှ တင်ပို့ခဲ့သည်။ ၂၀၁၁ခုနှစ်တွင် တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၈၂၅ သန်းရှိပြီး၊ ၄၇.၂ ရာခိုင်နှုန်းကို နယ်စပ်မှတင်သွင်းခဲ့သည်။ မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၆၇၇.၄ သန်းပမာဏ ပို့ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး၊ ၃၉.၁ ရာခိုင်နှုန်းကို နယ်စပ်မှတင်ပို့ခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးသည် နှစ်နိုင်ငံစလုံးအတွက် အရေးကြီးသည့်အလျောက် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးကိုလည်း အလေးထားရမည် ဖြစ်သည်။ နယ်စပ်ဒေသများ မငြိမ်းချမ်းလျင် နယ်စပ်ကုန်သွယ်ရေးသည် ခရီးမပေါက်ဖြစ်နိုင်သည်။ ထို့ကြောင့် နယ်စပ်ဒေသများ ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပူးပေါင်းအဖြေရှာသည့် လမ်းစဉ်မျိုးကို လာမည့်ကာလများတွင် မဟာဗျူဟာမြောက် စဉ်းစားသင့်သည်ဟုလည်း ထောက်ပြကြသည်။
 ha-17-12-1
ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာအနီးရှိ အိုဂျီတီဓာတ်ငွေ့ သန့်စင်စက်ရုံလုပ်ငန်းခွင်ကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ်
---------------------------------------------------------------

တရုတ်နိုင်ငံ၏ မြန်မာ့ရေးရာမူဝါဒ
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွင် သွင်ပြင်လက္ခဏာသုံးရပ်ကို အဓိက ဆွေးနွေးဖော်ပြထားသည်။ ပထမသွင်ပြင်လက္ခဏာကို ထိပ်သီးအဆင့် သံတမန်ဆက်ဆံရေးဟု အမည်တပ်သည်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုနိုင်ငံရေး ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ကိုးဦးအနက် လီချန်ချွန်း၊ ဇီဂျင်ပင်းနှင့် ၀မ်ကျားပေါင်တို့သုံးဦး မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့သဖြင့် ထိပ်သီးအဆင့် သံတမန်ဆက်ဆံရေး၏အရှိန် အမြင့်ဆုံးကာလဟု သတ်မှတ်နိုင်သည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊ အထွေထွေရွေးကောက်ပွဲများမတိုင်မီ စက်တင်ဘာလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပြီး သုံးရက်အကြာ ၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ဥက္ကဋ္ဌ ဂျန်ကွင်လင်း အလည်အပတ်လာရောက်ခဲ့ပြီး၊ ဗဟိုစစ်ကော်မရှင်၊ ဒုတိယဥက္ကဌ ဇူကိုင်ဟိုသည် မေလ ၁၂ ရက်နေ့တွင် လာရောက်လည်ပတ်ခဲ့သည်။ အပြန်အလှန်အားဖြင့် သမ္မတဦးသိန်းစိန်သည် မေလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ထို့ကြောင့် ထိပ်သီးအဆင့်သံတမန် ဆက်ဆံရေးသည် ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းအထိ အလုပ်ဖြစ်ခဲ့သည်ဟု သတ်မှတ်နိုင်သည်။
သမ္မတဦးသိန်းစိန်၏ မြစ်ဆုံဆည်တည်ဆောက်ရေးကို ဆိုင်းငံ့ကြောင်း၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက် ထွက်လာပြီးနောက်ပိုင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ ထိပ်သီးအဆင့် သံတမန်ဆက်ဆံရေး သွင်ပြင်လက္ခဏာသည် မှေးမှိန်ခဲ့ရသည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုနိုင်ငံရေး ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင်တစ်ဦးမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်း မရှိသည်ကို သတိပြုမိသည်။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ကာကွယ်ရေးဦးစီးချူပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် မြန်မာနိုင်ငံ၏ ထိပ်သီးကိုယ်စားလှယ်အဖွဲ့များသည် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင်၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် ရဲချုပ်မင်ဂျီအန်ဇူတစ်ဦးသာ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ယခင်အဆိုပြုခဲ့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှု လုံးဝမရှိခဲ့သော်လည်း၊ ကချင်ပြည်နယ်နှင့် ဆက်စပ်သော လုံခြုံရေးအခြေအနေများကို ဆွေးနွေးပြောဆိုခဲ့ပြီး နယ်စပ်ဒေသလုံခြုံရေးအတွက် တောင်းဆိုခဲ့သည်။ ဤသို့ဖြင့် တရုတ်နိုင်ငံ၏ ထိပ်သီးအဆင့်သံတမန် ဆက်ဆံရေးသည် မိန်းမောလျက်ရှိသည်ဟု သုံးသပ်နိုင်သည်။
ဒုတိယသွင်ပြင်လက္ခဏာမှာ မြန်မာနိုင်ငံ၏ စစ်တပ်အုပ်ချုပ်ရေးကာလတစ်လျောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ခြင်းပင်ဖြစ်သည်။ စစ်အစိုးရလက်ထက် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီးသုံးဦး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်း ၃၅ ခုကို သဘောတူခဲ့သည်။ တရုတ်နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် သယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းရန်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်နှစ်ရပ်ကို အထောက်အပံ့ဖြစ်စေခဲ့သော အခါ၊ တရုတ်နိုင်ငံ၏ အထောက်အပံ့များ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ၏ သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် ကုပ်သွေးစုပ်နေမှုကို လည်းကောင်း၊ နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် လိုအပ်လင့်ကစား တရုတ်နိုင်ငံ၏ အထောက်အပံ့များနှင့် လည်ပတ်စေခဲ့ပြီး၊ စစ်တပ်အစိုးရကို ဆက်လက်ပံ့ပိုးပေးနေခဲ့မှုကို လည်းကောင်း မြန်မာပြည်သူလူထုက ဝေဖန်ရှုတ်ချခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အလျင်အမြန် မြင့်တက်လာနေခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ၊ ဧပြီလမှဇူလိုင်လအတွင်း၊ မြန်မာအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆ ဘီလျံခန့် ခွင့်ပြုခဲ့သည်။
သရုပ်မှန် သံတမန်ဆက်ဆံရေးသည် တတိယသွင်ပြင် လက္ခဏာဖြစ်သည်။ သရုပ်မှန် သံတမန်ဆက်ဆံရေးကို တရုတ်နိုင်ငံသည် နယ်စပ်ဒေသများတွင် လုံခြုံရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဆွေဖြစ် ဆက်ဆံရေးကို ထိန်းသိမ်းရေးနှင့် စွမ်းအင်လုံခြုံရေး စသည့်မဟာဗျူဟာ အကျိုးစီးပွားများကို ပကတိအတိုင်း သိမြင်နားလည်နိုင်ရန် အသုံးပြုသည်။ တစ်ဖက်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီရေးဆိုင်ရာတန်ဖိုး သံခင်းတမန်ခင်းတွင် အခြားနိုင်ငံများ၏ ပြည်တွင်းရေး၌ ၀င်မစွက်ရေးမူကို ကိုင်စွဲလျက်၊ တရုတ်နိုင်ငံသည် ၀င်ရောက်ဆောင်ရွက်ခဲ့ခြင်း မရှိပေ။
ဂျပန်၏ မူဝါဒသက်ရောက်မှု
စစ်အစိုးရခေတ်တစ်လျောက်၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု မရှိခဲ့သော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင် ထိတွေ့ဆက်ဆံမှုများကို တဖြည်းဖြည်း လျော့ချလာခဲ့သည်။ ဂျပန်နိုင်ငံ၏ ပိတ်ဆို့မှုလည်းမလုပ်၊ ပြည်တွင်းမှာလည်း ၀င်မလုပ်သော မကျက်တကျက် မူဝါဒကြောင့် မြန်မာနိုင်ငံအစိုးရအပေါ် ဂျပန်နိုင်ငံ၏ သြဇာသည် ကျဆင်းလာခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ သက်တမ်းလွန်ကြွေးမြီ ယန်းငါးရာဘီလျံကို အလျင်အမြန် လျော်ပစ်ခဲ့ပြီး၊ စီးပွားရေးအထောက်အပံ့များ အပြည့်အ၀ပေးရန် ဆောင်ရွက်ခဲ့သည်။သို့ဖြင့် ဂျပန်နိုင်ငံသည် မြန်မာ့အပြောင်းအလဲထဲကို အလုံးအရင်းနှင့် ခြေစုန်ပစ်ဝင်လာသည်ဟု ဆိုနိုင်သည်။ မြန်မာလူမျိုးတို့သည် ဂျပန်နိုင်ငံကို စက်မှုဖွံ့ဖြိုးတိုးတက်သော၊ မိတ်ဆွေနိုင်ငံအဖြစ် ရှုမြင်ကြသည့်အပြင် ဂျပန်လူမျိုးတို့ကိုလည်း မိတ်ဆွေကောင်းများအဖြစ် သတ်မှတ်ကြသည်။ စီးပွားရေးနယ်ပယ်တွင်လည်း ဂျပန်လုပ်ငန်းရှင်များကို ယုံကြည်စိတ်ချရသော လုပ်ဖော်ကိုင်ဖက်များအဖြစ် သတ်မှတ်ကြသည်။ ဂျပန်အ၀င်သည် တရုတ်ကို အတိုင်းအတာတစ်ခုအထိ လှုပ်သွားစေခဲ့သည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။
မဟာဗျူဟာ မူဝါဒအပြောင်းအလဲ
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆက်ဆံရေးသည် အကျပ်အတည်းအခြေအနေတွင် ရှိနေသည်။ တရုတ်နိုင်ငံဖက်က လက်ရှိမူဝါဒကို အလျင်အမြန်သုံးသပ်၊ ပြုပြင်ရန် လိုအပ်သကဲ့သို့၊ မြန်မာနိုင်ငံကလည်း တရုတ်စီမံကိန်းများ၏ အချက်အလက်များ၊ စာချုပ်များကို ပြည်သူလူထုသိရှိအောင် ထုတ်ပြန်ပေးရမည် ဖြစ်သည်။ လာမည့်ကာလများတွင် နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူလူထုအတွင်း ပွင့်လင်းမြင်သာသောပုံစံ ဖြစ်လာရန် ပြင်ဆင်ဆောင်ရွက်ရမည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ကို စဉ်းစားပုံဖော်ရာတွင် အလျင်အမြန်တိုးတက်လာနေသော မြန်မာနိုင်ငံ၏ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး၊ ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးတို့ကို ထည့်သွင်းစဉ်းစားရမည့်အပြင်၊ မြန်မာနိုင်ငံ၏ အရှေ့တောင်အာရှဒေသ၊ တောင်အာရှဒေသနှင့် အိန္ဒိယသမုဒ္ဒရာဒေသတို့တွင် မဟာဗျူဟာမြောက် အရေးပါလာနိုင်ခြေကိုလည်း ပထ၀ီနိုင်ငံရေးရှုထောင့်မှ၊ မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။

တရုတ်နဂါးကြီးအနေဖြင့် သူ၏သမုဒ္ဒရာနှစ်စင်းမူဝါဒ၊ စွမ်းအင်မူဝါဒနှင့် ကုန်သွယ်ရေးမူဝါဒများ လန်းဆန်းအသက်ဝင်နေအောင် မည်သို့မည်ပုံဆောင်ရွက်မည်ကို လေ့လာစောင့်ကြည့်ရဦးမည် ဖြစ်သည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ကို ဦးဆောင်မောင်းနှင်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မျိုးကို တရုတ်နိုင်ငံအစိုးရအနေဖြင့် တာဝန်ပေးနိုင်ရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားသင့်သည်။ အထူးကိုယ်စားလှယ်မှတစ်ဆင့် တရုတ်နိုင်ငံသည် မြန်မာအစိုးရ၊ အစိုးရနှင့်ဆက်စပ်သော အဖွဲ့အစည်းများသာမက၊ နိုင်ငံရေးပါတီများနှင့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများနှင့်လည်း ထိထိရောက်ရောက် ထိတွေ့ဆက်ဆံခြင်းဖြင့် နှစ်နိုင်ငံအစိုးရနှစ်ခုကြားသာမက နှစ်နိုင်ငံပြည်သူလူထု နှစ်ရပ်အကြား နားလည်မှု၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ မြှင့်တင်နိုင်အောင် ချဉ်းကပ်ဆောင်ရွက်သင့်သည်ဟု ထင်မြင်မိသည်။
လွန်ခဲ့သောကာလတစ်လျောက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံအစိုးရ၊ အစိုးရနှင့်ဆက်စပ်အဖွဲ့အစည်းများနှင့်သာ ထိတွေ့ဆက်ဆံခဲ့သည်။ အဆိုပါမူကို ပြန်လည်ဆန်းစစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားနိုင်ငံရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံရေးကို အလျင်အမြန်ထူထောင်ရမည် ဖြစ်သည်။ တစ်လမ်းမောင်းစနစ်မှ နှစ်လမ်းမောင်းစနစ်သို့ ကူးပြောင်းရမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံစသည့် အာရှနိုင်ငံများတို့သည် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံသည့် တစ်ချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအင်အားစုများနှင့်လည်း ထိတွေ့ဆက်ဆံနေသည်။ တရုတ်နိုင်ငံသည် အမေရိကန်အပါအ၀င် အခြားနိုင်ငံများ၏ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးသစ် တည်ဆောက်နေမှုကို အလျင်မီလိုက်နိုင်ရန် အထူးအရေးကြီးသည်။ သို့မဟုတ်ပါက နောက်ကျကျန်ရစ်ခဲ့မည်မှာ အသေအချာဖြစ်သည်။
ထို့အပြင် လွှတ်တော်အနေဖြင့် လွတ်လပ်သောပညာရှင်များ ပါဝင်သည့် သီးခြားကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအကြား ယခင်အစိုးရများလက်ထက်က သဘောတူညီ၊ လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ၊ သဘောတူညီချက်များအားလုံးကို ပြန်လည်စိစစ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ ပြန်လည်စစ်ဆေးခြင်းများကို ပြုလုပ်သင့်သည်ဟု အကြံပြုလိုပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မည့် စီမံကိန်းများအားလုံးနှင့် ပတ်သက်သော အားနည်းချက်များ၊ အားသာချက်များ၊ အလားအလာများ၊ ပြဿနာများကို စနစ်တကျလေ့လာပြီး နိုင်ငံတကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်နိုင်ငံလုံးနှင့် ပြည်သူလူထုနှစ်ရပ်လုံးအတွက် သူနိုင်ကိုယ်နိုင်ဖြစ်မည့် အခင်းအကျင်းမျိုးကို ပြုပြင်ပုံဖော်နိုင်ရန် ပြင်ဆင်အားထုတ်ရမည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ သမုဒ္ဒရာနှစ်စင်းမူဝါဒသည် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နိုင်ငံနှင့် အမေရိကန်တို့ ထိပ်တိုက်တွေ့မှုထက်၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ထိပ်တိုက်တွေ့မှုကို ပိုဖြစ်စေနိုင်သည်ဟု နိုင်ငံတကာဆက်ဆံရေးပညာရှင် ရောဘတ်ဒီကပ်ပလင်က ၂၀၀၉ ခုနှစ်တွင် သုံးသပ်ခဲ့သည်။ လက်တွေ့တွင် သမုဒ္ဒရာနှစ်စင်းမူဝါဒကို အကြောင်းပြုလျက်၊ အိန္ဒိယသမုဒ္ဒရာတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား သုံးပွင့်ဆိုင်အားပြိုင်မှုသည် ပိုမိုထင်ရှားလာဖွယ် ရှိနေသည်။
၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံ၏ ခေါင်းဆောင်အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်ပိုင်း၌ တရုတ်ထိပ်တန်းခေါင်းဆောင်များသည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ် ချမှတ်ရေးကို အလျင်အမြန် ကိုင်တွယ်ဆုံးဖြတ်လာဖွယ် ရှိသည့်အပြင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်ရန် ဖိတ်ကြားလာနိုင်ဖွယ် ရှိနေသည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလတွင်၊ နှစ်လမ်းသွားမူဝါဒသစ်နှင့် အမေရိကန်ပြည်ထောင်စုသည် တရှိန်ထိုး ချဉ်းကပ်ဝင်ရောက်လာသည်နှင့်တပြိုင်နက်၊ ဂျပန်နိုင်ငံသည်လည်း မဟာဗျူဟာမြောက် စီပွားရေးမူဝါဒများနှင့် ခြေစုံပစ်ဝင်လာသည့် အချိန်တွင်၊ အိန္ဒိယနိုင်ငံသည်လည်း အရှေ့မျော်မူဝါဒကို ချူသံပါအောင် အော်လာနေပြီဖြစ်ရာ၊ တရုတ်နဂါးကြီးအနေဖြင့် သူ၏သမုဒ္ဒရာနှစ်စင်းမူဝါဒ၊ စွမ်းအင်မူဝါဒနှင့် ကုန်သွယ်ရေးမူဝါဒများ လန်းဆန်းအသက်ဝင်နေအောင် မည်သို့မည်ပုံဆောင်ရွက်မည်ကို လေ့လာစောင့်ကြည့်ရဦးမည် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဟာဗျူဟာအကျိုးစီးပွား သုံးရပ်ကို ထိန်းညှိနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့် အပေးအယူများ ပြုလုပ်ပြီး နှစ်နိုင်ငံနှင့် ပြည်သူလူထု နှစ်ရပ်လုံးအတွက် သူနိုင်ကိုယ်နိုင်ဖြစ်စေမည့် အခင်းအကျင်းသစ်တစ်ခုဆီ ဦးတည်သည့် ခိုင်မာသောခြေလှမ်းများကို ၂၀၁၃ ခုနှစ်အတွင်း ပုံဖော်ချမှတ်လာနိုင်ဖွယ် ရှိသည်ဟု သုံးသပ်ကောက်ချက်ပြုမိပါသည်။
Source By Eleven Media Group...

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်