သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 21 October 2012

သမ္မာသင်္ကပ္ပ - မှန်ကန်စွာ ဆင်ခြင်တွေးတောခြင်း - အပိုင်း (၁)

                                   တရုတ် - မြန်မာ နယ်စပ်ရှိ တရားမ၀င် ဇိမ်ခန်းတစ်ခု 

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
Myanmar Express Website မှာ ပေးစာ ၁၇၇ ပြည့်တန်ဆာတန်း တရားဝင်ရှိသင့်သလား ဆိုတာကို ဖတ်ရပါတယ်။ မတိုင်မီကလေးကလည်း ပြည့်တန်ဆာလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့်ရရေးဆိုပြီး ဒေါ်နှင်းနှင်းယုနှဲ့ ဒေါက်တာမျိုးလွင် ဆိုသူတွေက လေသံပစ်လာတာကိုလည်း စိတ်မသက်သာစွာပဲ ဖတ်ရပါတယ်။ သူတပါးနိုင်ငံတစ်ခုကို ဟိုနိုင်ငံပြော ပြောပြီး ကိုယ့်နိုင်ငံကို အလိုလိုနေရင်း ဟိုနိုင်ငံဖြစ်ဖို့ အကြံပေးချင်တဲ့ သူတွေကလည်း ရှိနေပါသေးလားလို့ တွေးမိပါတယ်။ ပညာဘယ်လောက်တတ်တတ် သူတို့ကိုယ်သူတို့ အများတကာထက် အမြင်ကျယ်တယ်ထင်နေပေမယ့် ဒါဟာ အဟိရိက လို့ခေါ်တဲ့ မကောင်းမှုကိုကောင်းမှုထင် အကုသိုလ်အလုပ်ကို ကုသိုလ်ထင်ပြီး အတွေးအခေါ်လွဲမှား အရှက်ကင်းမဲ့တဲ့ အပြောအဆို၊ အပြုအမူကို ပြုတာပါ။



နိုင်ငံတချို့ကလုပ်တိုင်း မှန်ကန်တယ် ထင်နေကြတာကလည်း သနားစရာပါပဲ။ လူတွေကို အထိန်းအကွပ် စည်းကမ်းဥပဒေ ဘာသာတရားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာတွေကို စောင့်ထိန်းစရာမလိုပဲ လုပ်ချင်ရာလုပ်လို့ ခွင့်ပြုလိုက်ရင် ကောင်းမှုတွေ လုပ်ကြမလား မကောင်းမှုတွေ လုပ်ကြမလားဆိုတာ အလွယ်ပဲ တွေးတောနိုင်ကြမှာပါ။ မိမိတို့နိုင်ငံဟာ ညစ်ညမ်းမှုကင်းပြီး ပြည့်တန်ဆာကင်းရှင်းတဲ့ နိုင်ငံတစ်ခုဖြစ်တော့ မကောင်းဘူးလား၊ ကမ္ဘာနဲ့ ရင်ဘောင်မတန်းနိုင်တော့ဘူးလား ခေတ်များနောက်ကျနေပြီလား။ ဒါဟာ ပြည့်တန်ဆာလုပ်ငန်း စီးပွားရေးသမားတွေရဲ့ လိုလားချက်သာ ဖြစ်ဟန်ရှိပါတယ်။ လက်ရှိ နိုင်ငံတိုးတက်ကြီးပွားရေးကို အရေးတကြီး ဆောင်ရွက်နေတဲ့အချိန် အရေးကြီးကိစ္စတွေ ပြဿနာတွေကို လွှတ်တော်က စဉ်းစားလုပ်ဆောင်နေရတဲ့အချိန်မှာ ဒါဟာ ရှေ့တန်းတင် ဦးစားပေးရမယ့် ပြဿနာ လုံးဝမဟုတ်ပါဘူး။
နိုင်ငံတော်ရှေ့ရေးဟာ အစကောင်းမှအနှောင်း သေချာမှာပါ။ ယဉ်ကျေးမှုကြောင့် လက်မခံမှာတောင် စိုးတယ်ဆိုပဲ။ ပေးစာ ၁၇၇ ရေးသူရဲ့ အာဘော်ကိုတော့ သဘောကျပါတယ်။ တိုတိုရှင်းရှင်းပဲ တင်ပြချင်ပါတယ်။ အာရှမှာ ကမ္ဘာမှာ ဘယ်နှစ်နိုင်ငံ ဒီလို တရားဝင်ဖွင့်ထားသလဲ ဆိုတာကို အရင်ပြန်တွေးပါ။ ဗုဒ္ဓဘာသာနဲ့ယှဉ်တဲ့ ယဉ်ကျေးမှုကို နားလည်ပါ။ မြန်မာ့ယဉ်ကျေးမှုဟာ ထမင်းစား ရေသောက် အိမ်သာတက်တာတောင် ရှင်တော်မြတ်ဘုရား ချမှတ်ပေးခဲ့တဲ့ ဝိနည်းစည်းကမ်းတွေနဲ့ ရှေးဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်တွေက ဆင်းသက်လာတာပါ။ အချို့က ယဉ်ကျေးမှုကူးစက်ခြင်းကို အကြောင်းပြပြီး ပြောကြပါတယ်။ သူများယဉ်ကျေးမှုကို မပြောလိုပါဘူး။ မြန်မာယဉ်ကျေးမှုမှာ ဘာမကောင်းတာ ရှိပါသလဲလို့ အရင်မေးချင်ပါတယ်။ ယဉ်ကျေးမှုနဲ့ ထုံးစံ၊ ဓလေ့၊ အမူအကျင့်၊ သဘာဝ ဆိုတာတွေကိုလည်း ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် (ဒေါက်တာ) ဘဒ္ဒန္တ နန္ဒမာလာဘိဝံသရဲ့ တရားတစ်ပုဒ်မှာ ဒီလို နာကြားခဲ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ နိုင်ငံခြားသားတစ်စု မြန်မာနိုင်ငံကို လာလည်ပါတယ်။ စေတီတစ်ခုမှာ အမျိုးသမီးများ မတက်ရဆိုတဲ့ ဆိုင်းဘုတ်တစ်ခုတွေ့တော့ နိုင်ငံခြားသူ အမျိုးသမီးတစ်ယောက်က ဒါလားဗုဒ္ဓဘာသာ၊ အမျိုးသမီးတွေကို ခွဲခွဲခြားခြား လုပ်တာလားလို့ မေးပါတယ်။ ဆရာတော်က This is not a religion. This is a tradition. အဲဒါက ဘာသာတရားအရ မဟုတ်ပါဘူး၊ ထုံးစံအစဉ်အလာတစ်ခုပဲ ဖြစ်ပါတယ်တဲ့။ ဆရာတော်အဖြေတတ်ပြီး ဖြေဆိုပုံလည်းကောင်းလို့ပါ။ အဖြေမတတ်ရင်လည်း နားလည်မှု လွဲသွားနိုင်ပါတယ်။ ဒီလိုပါပဲ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ အမူအကျင့် အလေ့အထတွေကို ခွဲခြား နားလည်ကြရမှာပါ။ မြန်မာ့ယဉ်ကျေးမှုကို တန်းဖိုးထားတတ်ဖို့ အဓိက တိုက်တွန်းချင်ပါတယ်။ အတုမြင်အတတ်သင်ဆိုတဲ့ စကားကိုလည်း သဘောပေါက်သင့်ပါတယ်။
                        လိင်အလုပ်သမတစ်ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်

လူတချို့ဟာ ကိုရီးယားဇာတ်ကားတွေက အမူအကျင့်တွေ ကူးစက်ခံနေရတာကိုပြောတော့ သူများသွားမပြောပါနဲ့ဆိုပြီး လက်မခံချင်ကြဘူး။ မှန်ပါတယ် ကိုယ့်ကိုကိုယ် ကိုယ့်လူမျိုးကိုယ် အပြစ်တင်ပါ။ ဒါပေမယ့် အတုမြင်အတတ်သင်မို့ ပတ်ဝန်းကျင်ဟာ သိပ်အရေးကြီးပါတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ တရုတ်၊ ကိုရီးယားဇာတ်ကားများ ဝင်ရောက်လာပါတယ်။ တရုတ်ကတော့ သိုင်းကားက ထိုးဖေါက်ပြီး ကိုရီးယားက ဒရမ်မာဇာတ်ကားတွေနဲ့ ထိုးဖေါက်ပါတယ်။ မိန်းကလေးအရက်မူးပြတာတွေ မိန်းကလေးကစပြီး ချစ်ကြိုက်စကားပြောတာတွေက ဇာတ်ကားတိုင်းမှာပါ ပါတယ်။ အဲဒီအချိန်က ၃-၄ နှစ်ကလေးတွေဟာ လူကြီးတွေရဲ့ စွဲလန်းကြည့်ရှုမူနဲ့အတူ ကြီးပြင်းလာခဲ့ပြီး ယနေ့ အရွယ်ရောက်နေကြပါပြီ။ ဒီကလေးတွေကြားက မျိုးဆက်တွေမှာ အတုမြင်အတတ်သင်ခဲ့ကြတာကို ငြင်းမရပါဘူး။ မျိုးဆက်တစ်ဆက်ဆိုတာ တစ်ဆက်က အသက် ၆၀-၇၀ ရောက်မှာ နောက်မွေးစကို မခေါ်ပါဘူး။ အမြဲ လှိုင်းလိုဆက်နေတာကို သတိပြုရပါမယ်။ ၁၉၈၈ လောက်က တချို့ကလေးတွေတောင် အွန်လိုင်းမင်းသမီးတွေဖြစ်နေတာ ဝမ်းနည်းစရာ တွေ့မြင်ကြရမှာပါ။ အဲဒါကြောင့် စာရေးသူ ယခင်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို အပြစ်ကြီးကြီးပေး အရေးယူသင့်ကြောင်း တင်ပြခဲ့ဖူးပါတယ်။ မြန်မာဆိုရိုးစကား အတုမြင်အတတ်သင်နော်။ ယခုဆို အဋ္ဌမတန်းကျောင်းသူလေး ၁၄ နှစ်သမီး ရည်းစားနဲ့ ကျောင်းမတက်ပဲ တည်းခိုခန်းသွားတာ ၃ ကြိမ်မြောက်မှ မိဘသိလို့ တရားစွဲရတယ်။ ဒီလိုပြဿနာတွေဟာ အရင်းခံက အတုမြင်အတတ်သင်တာပါ။ လူ့အခွင့်အရေး မဟုတ်ဘူးနော်။ စည်းကမ်းမဲ့တဲ့ တည်းခိုခန်းကိုလည်း အရေးယူသင့်ပါတယ်။ မဆလခေတ်ကဆိုရင် ရန်ကုန်ကလူ ရန်ကုန်မှာ ပြန်တည်းခိုလို့ မရတဲ့အတွက် အဲဒီလို ပြဿနာတွေ မကင်းပေမယ့် အတော်လေး ရှားပါးပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေး၊ စာရိတ္တပိုင်း ကိုယ်ကျင့်တရားပိုင်းတွေနဲ့ ပညာပေးကာ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်မှုတွေနဲ့ ထိန်းရပါမယ်။
ဒီကြားထဲ တရုတ်ဘက်က ကလေးတစ်ယောက်မွေးပေးပြီးတဲ့အထိ မိန်းမခဏယူ ကျပ်သိန်း ၃၀ ဆိုပြီး အန္တရာယ်ပေးနေတာလည်း လိင်ကျွန်လုပ်ငန်းအဖြစ် ထင်ထင်ပေါ်ပေါ်ပဲ ပေါ်ပေါက်နေပါတယ်။ (မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုတိယ ရဲမှူးကြီးညွန့်လှိုင်က ပြောကြားသည်။ အင်တာနက်သတင်း -) စီးပွားရေး မပြေလည်မှုတွေက ဒီလိုမကောင်းမှု အန္တရာယ်များအကြားကို တွန်းးပို့နေသလို ဖြစ်နေပါတယ်။ ဒီလိုအခြေအနေ အန္တရာယ်အကြားထဲမှာကို ဒေါ်နှင်းနှင်းယုနဲ့ ဒေါက်တာမျိုးလွင်က အူကြောင်ကြောင်ထပြောတာ မြန်မာတစ်ယောက်အတွက်တော့ အတော်လေးကို ဒေါသဖြစ်စရာပါပဲ။ မြန်မာတိုင်းရင်းသူ အမျိုးကောင်းသမီးများ သိက္ခာရှိရှိနဲ့ သမာအာဇီဝ အလုပ်အကိုင် ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက်သာ နိုင်ငံတော်အနေနဲ့ အမြန်ဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေကို အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်ပေးသင့်ပါတယ်။ ပြည့်တန်ဆာပြဿနာဟာ ယဉ်ကျေးမှုနဲ့ မဆိုင်ပါဘူး။ သမာအာဇီဝ မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှု မဟုတ်လို့ ပြောကြတာပါ။ မြန်မာ့ဓလေ့ကိုက မကောင်းမှုပြုတာလို့ သတ်မှတ်ထားကြတာပါ။ ကိုယ့်လူမျိုးရဲ့ဂုဏ်ကို ထိန်းသိမ်းဖို့ ကိုယ်တိုင်ရဲ့ကိုယ်ကျင့်တရား ကောင်းမွန်မှုကို တန်ဖိုးထားဖို့ လိုပါတယ်။
ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ သမ္မာသင်္ကပ္ပ - မှန်ကန်စွာ ဆင်ခြင်တွေးတောခြင်း - အပိုင်း (၂) ကို http://photayokeking.org မှဆက်လက် ဖော်ပြသွားပါမည်။



No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်