ဘုန်းသျှံ လန်ဒန်ဝိဟာရ၊
အောက်တိုဘာ ၅၊ ၂၀၁၂
"အလောင်းမင်းတရားကြီး၏
နှစ်ပေါင်း ၂၅၀ ကျော်သက်တန်းရှိ ရွှေပေလွှာ ပုံစံတူနေပြည်တော်တွင် ထားရှိရန်
ဂျာမနီကူညီမည်"
အထက်ပါသတင်းကို ဖတ်လိုက်ရတော့
အတိုင်းမသိ ဝမ်းသာသွားမိပါတယ်၊ တတိယ မြန်မာနိုင်ငံတော်ကို
ထူထောင်သွားခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ဒုတိယမြောက်
ဂျော့ခ်ျဘုရင်ထံသို့ ၁၇၅၆ ခုနှစ်တွင် ပေးပို့ခဲ့သော နှစ်ပေါင်း ၂၅၀
သက်တန်းရှိပြီဖြစ်သည့် ရွှေပေလွှာ ပုံစံတူကို နေပြည့်တော်ရှိ
အမျိုးသားပြတိုက်တွင် ထားရှိနိုင်ရန် ဂျာမနီနိုင်ငံမှ ကူညီသွားမည်ဖြစ်ကြောင်း
ဂျာမနီသံရုံး၏ ထုတ်ပြန်ချက်အရ သိရတယ်လို့ ဆိုပါတယ်။
အဆိုပါရွှေပေလွှာသည် လက်ရှိအချိန်တွင်
ဂျာမနီနိုင်ငံ Hanover မြို့ တွင်ရှိနေပြီး ပြည်ထောင်စု
သမ္မတဂျာမနီနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကော်နယ်လီယာပီပါနှင့်
မြန်မာနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်တို့
လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်း
ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကျေညာချက်တွင်ပါရှိသည့် ဂျာမနီဒုတိယဝန်ကြီး အနေဖြင့် ၎င်း၏
အရှေ့ တောင်အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ
ရောက်ရှိခဲ့သည့် အချိန်က လက်မှတ်ရေးထိုးခဲ့တာပါ။
၁၇၅၆ ခုနှစ်မှာ မြန်မာဘုရင်
အလောင်းမင်းတရားကြီးသည် အင်္ဂလန်နိုင်ငံ၏ ဘုရင်တစ်ပါးဖြစ်သော ဒုတိယမြောက်
ဂျော့ခ်ျဘုရင်ထံ ချစ်ကြည်ရေး ကမ်းလှမ်းတဲ့ ရွှေပေလွာတစ်ဆောင်ပေးပို့ခဲ့ပါတယ်။
အဲဒီပေလွှာရဲ့ ပုံသဏ္ဌာန်က ထောင့်မှန်စတုဂံပုံ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့
ရွှေပြားချပ်ဖြစ်ပြီး မျက်နှာပြင်ပေါ်မှာ မြန်မာစာလုံးတွေ ရေးထွင်းထားကာ
အစွန်းနှစ်ဖက်မှာ ပတ္တမြား ၁၂ လုံးစီ မြှုတ်နှံထားပါတယ်။
ရွှေပေလွှာဟာ ဂျော့ခ်ျဘုရင်မင်း၏ဇာတိ
ဂျာမနီနိုင်ငံ Hanover မြို့ ကလေးမှာရှိတဲ့ Gottfried Wilhelm Leibniz
စာကြည့်တိုက်၏စတိုခန်းကလေးမှာ နှစ်ပေါင်း ၂၅၀ ကျော်တိုင် လူမသိ သူမသိ
ရှိနေခဲ့ရာမှ စာကြည့်တိုက်မှူးက တွေ့ရှိခဲ့ပြီး ရှေးဟောင်းအသုံးအဆောင်
ပစ္စည်းတွေမှာ ထွင်းထုထားတဲ့ ကျောက်စာတွေကို အထူးပြုလုပ်လေ့လာတဲ့ ပြင်သစ်လူမျိုး
သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါထံ အကူအညီတောင်းခံရာက အလောင်းမင်းတရားကြီး
ပို့ခဲ့တဲ့ ရွှေပေလွှာ ဖြစ်ကြောင်းကို ၂၀၀၇ ခုနှစ်မှာ
ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“သမိုင်းတန်ဖိုး အလွန်ကြီးမားပြီး
အနုပညာလက်ရာမြောက်တဲ့ ရွှေပေလွာ ဖြစ်တဲ့အပြင် နိုင်ငံရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့
ရွှေပေလွှာတစ်ခု ဖြစ်ပါတယ်” လို့ မစ္စတာ ဂျက်လိုင်ဒါက သူလေ့လာဖေါ်ထုတ်ခဲ့တဲ့
ရွှေပေလွှာဖြစ်ကြောင်းကို ပြောပြပါတယ်။
“ရွှေပေလွှာ ဘယ်ကလာသလဲဆိုတာ
ဖေါ်ထုတ်ပေးဖို့ ပြတိုက်မှူးက အကူအညီတောင်းတယ်၊ ရွှေပေလွှာက နှစ်ကာလ
တော်တော်ကြာပြီဆိုတော့ ဟောင်းနွမ်းနေပြီဒါပေမဲ့ ပေလွှာပေါ်က စာလုံးတွေနဲ့ ပေလွှာရဲ
့ပုံစံအနေအထားကတော့ မပျက်ပါဘူး၊ ဒါပေမဲ့ သူရဲ့ မူရင်းပိုင်ဆိုင်သူကို သိရဖို့
နာရီပေါင်းများစွာ မှန်ဘီလူးသုံးပြီး တော်တော်လေး ကြိုးစားဖော်ထုတ်ခဲ့ရတယ်”
လို့သူကဆိုပါတယ်။
“ဒီလို လေ့လာဖော်ထုတ်မှုကနေတဆင့်
ဒေါက်တာ ဂျက်လိုင်ဒါက အလောင်းမင်းတရားကြီးမှ ဂျော့ခ်ျဘုရင်ထံ ပေးဖို့စာ (၁၇၅၆
ခုနှစ်၊ မေလ ၇ ရက်နေ့) ဆိုတဲ့ စာတမ်းကို ၂၀၀၉ ခုနှစ်မှာ
သူရေးသားပြုစုခဲ့တယ်လို့ ဆိုပါတယ်၊ စာမျက်နှာ ၁၄၁ မျက်နှာ ပါဝင်တဲ့
အဲဒီစာတမ်းမှာ အလောင်းမင်းတရားကြီး အုပ်စိုးစဉ်က စစ်ပွဲအကြောင်းတွေနဲ့
သံတမန်ဆက်ဆံရေး အကြောင်းတွေကိုပါ အသေးစိတ် လေ့လာစိတ်ဖြာပြီး ရေးသားခဲ့တာ
ဖြစ်ပါတယ်။ ဒါကြောင့် ဂျော့ခ်ျဘုရင်ထံ အလောင်းမင်းတရားကြီး ပေးပို့တဲ့အချိန်မှာ
မင်းတရားကြီး၏ မြန်မာနိုင်ငံတော်ဟာ မြောက်ပိုင်းကနေစလို့
တောင်ပိုင်းအထိနိုင်ငံရေးခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်”
လို့ဒေါက်တာဂျက်လိုင်ဒါက ဆိုပါတယ်။
၁၇၅၄ ခုနှစ်မှာ အင်းဝနေပြည်တော်ကို
သိမ်းယူအပြီး အထက်မြန်မာပြည်ရဲ့  ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ အလောင်းမင်းတရားကြီးဟာ
တောင်ပိုင်းကို သိမ်းယူနိုင်ဖို့အတွက် စစ်လက်နှက်တွေ လိုအပ်တယ်လို့တွေးကာ
အင်္ဂလိပ်ဘုရင်နဲ့ မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ပြီး အဲဒီအချိန်တုန်းက လိုအပ်တဲ့
ထောက်ပံ့မှုတွေအတွက် အားကိုးနေရတဲ့ အရှေ့  အိန္ဒိယ ကုမ္ဗဏီကနေတစ်ဆင့်
အိန္ဒိယနိုင်ငံ မဒရပ်မြို့ ကနေ ၁၉ ၅၆ ခုနှစ်မေလမှာ ချစ်ကြည်ရေး
ရွှေပေလွှာကိုပေးပို့လိုက်ပါတယ်။
“အဲဒီ ရွှေပေလွှာကို
၁၉ ၅၈ ခုနှစ်ကျမှ အင်္ဂလန်ဘုရင် ဒုတိယမြောက် ဂျော့ခ်ျထံကို ရောက်ရှိခဲ့ပါတယ်၊
စာအိပ်ပေါ်မှာလည်း မဒရပ်ကနေ ရောက်လာတဲ့ အိန္ဒိယမင်းသားထံက စာဆိုပြီး
မှားယွင်းဖော်ပြထားပါတယ်တဲ့။ အင်္ဂလိပ်ဘုရင်ကလည်း စာမပြန်ခဲ့တဲ့အပြင် သူ့ဇာတိ
Hanover မြို့ က စာကြည့်တိုက်ဆီ အဲဒီစာကို တန်းပို့လိုက်ပါတယ်။
ဂျော့ခ်ျဘုရင်ကလည်း တိုင်းတပါးကလာတဲ့ အနုပညာလက်ရာမြောက်တဲ့ စာအဖြစ်လောက်သာ
အသိအမှတ်ပြုခဲ့ပြီး နိုင်ငံရေးအရတော့ စိတ်ဝင်စားခဲ့ပုံမရပါဘူးတဲ့။
နောက်ပြီးတော့ အင်္ဂလိပ်
ဂျော့ခ်ျဘုရင်က စာမပြန်တဲ့အတွက် အလောင်းမင်းတရားကြီး၏ ချစ်ကြည်ရေး
ပဏာမချဉ်းကပ်မှုဟာ ပျက်ပြယ်သွားခဲ့ရသလိုသြဇာတိက္ကမ ကြီးမားတဲ့သူမို့သူ့ကို
အသိအမှတ်မပြုဘူးဆိုပြီး ထိခိုက်ခံစားရလိမ့်မယ်လို့ ယူဆရတယ်” လို့ ဒေါက်တာ
ဂျက်လိုင်ဒါက ပြောပါတယ်။
အငြိမ်းစား စာကြည့်တိုက်မှူး ဒေါက်တာ
သော်ကောင်းကလည်း အင်္ဂလိပ်ဂျော့ခ်ျဘုရင်ဟာ မြန်မာဘုရင်ဘယ်လောက် သြဇာအာဏာရှိပြီး
အောင်မြင်တယ်ဆိုတာ မသိတဲ့အပြင် ဘုရင်တစ်ပါးက နောက်ဘုရင်တစ်ပါးဆီ ချစ်ကြည်ရေးစာ
ကမ်းလှမ်းတဲ့အခါ စာပြန်ကို ပြန်သင့်တယ်လို့ သူ့၏အမြင်ကိုဆိုခဲ့ပါသေးတယ်။
“ချစ်ကြည်ရေး စာလွှာဟာ
မအောင်မြင်ခဲ့ဘူး၊ စာပြန်ခြင်းလည်း မခံခဲ့ရဘူး၊ ဒီဘက်က စိတ်ရင်း စေတနာကောင်းနဲ့
ကမ်းလှမ်းတာကို ဟိုဘက်က တန်ဖိုးမသိဘူး၊ အရေးကြီးမှန်းလည်း မသိဘူး၊
အလောင်းမင်းတရားကြီးဘက် ကြည့်ပြန်တော့ ငါလိုဘုရင်တစ်ပါးရဲ့ စာကိုတောင်
မပြန်ဘူးဆိုပြီး တော်တော် စိတ်နာသွားပုံရတယ် လို့ ပြောပါတယ်။
ရွှေပေလွှာပေါ်ကစာကို အလောင်းမင်းတရားကြီးရဲ့  ယုံကြည်အားကိုးရတဲ့ စာရေးဆရာ၊
ကဗျာဆရာ၊ မှတ်တမ်းရေးဆရာ လက်ဝဲနော်ရထာက ရေးခဲ့တာ ဖြစ်ပါတယ်။
အလောင်းမင်းတရားကြီး ရွှေနုတ်နဲ့
မိန့်တာကို သူက စာချောအောင် ပေပုရပိုက်ပေါ်မှာ ရေးခဲ့ပုံ
ပေါ်ပါတယ်၊ ပြီးတော့မှ ဘုရင့်အိမ်တော်မှာ
ကျွမ်းကျင်အမှုတော်ထမ်းတွေက ရွှေအစစ်ပေါ်မှာ လက်ဝဲနော်ရထာ စပ်ဆိုထားတဲ့စာကို
ပြန်လည်ရေးထွင်းပြီး ဆင်စွယ်နဲ့ ပြုလုပ်ထားတဲ့ ကြုတ်ထဲမှာ ထည့်ပြီး ပို့တာပါ”
လို့ ဒေါတာဂျက်လိုင်ဒါ၏ ၁၄၁ မျက်နှာပါတဲ့စာတမ်းမှာ ဆိုခဲ့ပါတယ်။
“သတ္တဝါ မှန်သရွေ
့တရားတွေ့ချမ်းမြေ့သာယာ ရှိကြပါစေ”
(၀၄. ၁၀. ၂၀၁၂)
(ဒုတိယမြောက်ဂျော့ခ်ျဘုရင်ထံ
ချစ်ကြည်ရေး သဝဏ်လွှာ ပေးပို့ခဲ့သည့် အလောင်းမင်းတရားကြီး၏
ရတနာကျောက်စီရွှေပေလွှာအား အနီးကပ်တွေ့မြင်ရပုံ)
No comments:
Post a Comment