သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 2 October 2012

မောင်ရင်လောင်းကို နတ်ပြဖို့လိုသလား



{ စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) }
 ဘုန်းဘုန်းတို့ မြန်မာပြည်မှာ နွေရာသီ
ကျောင်းပိတ်ရက် ရောက်လာပြီဆိုရင် မြို့လည်းမြို့အလျောက်
တောလည်းတောအလျောက်
ရှင်လောင်းလှည့်ပွဲတွေနဲ့ စည်ကားနေလေ့ ရှိပါတယ်။ ကားနဲ့တစ်မျိုး၊ ဆင်တွေမြင်းတွေနဲ့တစ်ဖုံ၊ လှည်းနဲ့တစ်လှည့်၊ လူနဲ့တစ်ထမ်း စီတန်းကာ လှည့်လည်လေ့ရှိကြတဲ့ ရှင်လောင်းလှည့်ပွဲမှာ ဘုရားကျောင်းကန်အနားသွားပြီး ဘုရားကိုပတ်လို့ နတ်စဉ်ရှာကာ မောင်ရင်လောင်းကို နတ်ပြကြတဲ့ အလုပ်ကလည်း အဟုတ်ကိုဖြစ်ပြီး အရှုတ်တွေနဲ့ ညစ်နေကြတော့တာ ဖြစ်ပါတယ်။ ဘယ်ကဘယ်လို စလိုက်တယ်မသိတဲ့ ဒီရှင်လောင်း နတ်ပြတဲ့ ကိစ္စဟာ အတော့်ကိုအရိုးစွဲနေပြီး ကန်တော့ပွဲကိုစီနဲ့ မပြမဖြစ်ဘဲ တန်းတန်းစွဲကာ အလွဲကြီး လွဲနေကြတော့တာ ဖြစ်ပါတယ်။
ဘာကြောင့်ပြရတာလဲလို့မေးရင် မသေချာတဲ့ အဖြေတွေနဲ့ နတ်ကိုင်မှာဆိုးလို့ပါလို့လည်း ပြောတတ်ကြပါသေးတယ်။ ဘယ်နတ်က ဘယ်ဟာကို ကိုင်မှာလဲလို့ မေးတော့ အရှင်ဘုရားကလည်း ရှာရှာဖွေဖွေ မေးနေပြန်ပါပြီဆိုပြီး မသိမသာ ရှောင်ထွက်သွားတာတွေလည်း ခဏခဏကြုံနေရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လွဲနေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

 


မြန်မာပြည်ရဲ့ ရှင်ပြုရဟန်းခံတွေကို ကြည့်မယ်ဆိုရင် ရဟန်းလောင်း ကိုရင်လောင်းတွေကို ရှင်ဘုရင်လို၊ အိမ်ရှေ့မင်းသားလေးတွေလို ပြင်ဆင်ပြီး မြင်းတွေဆင်းတွေ၊ မြို့တွေမှာဆို ကားတွေနဲ့ လှည့်လည်တဲ့ အစဉ်အလာတွေဟာ ဘုရားအလောင်း တောထွက်တဲ့ ပုံစံကို အတုယူပြီး လိုက်လုပ်တာဖြစ်တဲ့အတွက် ဖြေမယ်ဆိုရင် ဖြေလို့ရပါသေးတယ်။ ဒါလည်းပဲ မလိုအပ်လှတဲ့ အပိုအလုပ်ပဲ ဖြစ်ပါတယ်။ ရှင်ပြုရဟန်းခံတဲ့ အဓိကရည်ရွယ်ချက်က ရှင်ရဟန်းအဖြစ်ကို အမှန်အကန် ရရှိဖို့အဓိက ရည်ရွယ်ချက်ပါ။ ကျန်တာတွေက ပကာသနနဲ့ ချဲ့ထွင်မှုတွေပဲ ဖြစ်ပါတယ်။ ခက်တာက အဲဒီလိုပွဲတွေမှာ ဘာမဆိုင်ညာမဆိုင် ကန်တော့ပွဲကိုင်ပြီး ရဟန်းလောင်း၊ ကိုရင်လောင်းတွေကို နတ်စဉ်ရှေ့သွားပြီး ပြတာကတော့ တကယ့်ကို သဘာဝမကျတဲ့ လွဲချော်မှုပဲ ဖြစ်ပါတယ်။ နတ်ကိုင်မှာဆိုလိုး နတ်ကိုမကိုင်အောင် သွားပြရအောင်လည်း မကောင်းတာ လုပ်တာမှမဟုတ်ဘဲ
ကောင်းတာလုပ်တဲ့အပေါ်မှာ ဘာများကြောက်စရာ လိုသေးလို့လဲပေါ့။ ဒါမှနတ်ကိုင်တယ်ဆိုရင် ဒီနတ်ဟာ နတ်အစစ်မဟုတ်တဲ့ နတ်ဆိုးနတ်ညစ်ပဲ ဖြစ်မှာပါ။ တကယ်တော့ ကြောက်တယ်ဆိုတာ မဟုတ်တာလုပ်တဲ့သူမှ အရာရာကို ကြောက်နေရပြီး ဟိုအားကိုးဒီအားကိုးလုပ်ရတာပါ။ ကောင်းတာလုပ်တဲ့ သူတွေအတွက် ဒါတွေက မလိုပါဘူး။ ကောင်းမှုက စောင့်ရှောက်ပြီးသားပဲ
ဖြစ်ပါတယ်။ နတ်ပြလို့ နတ်ကစောင့်ရှောက်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်တောင်မှ သူများကို အမှီပြုပြီး ဟိုအပင်မှီနေရ၊ ဒီအပင်မှာမှီနေရ စသဖြင့် နေနေရတာ ဘယ်လိုလုပ် စောင့်ရှောက်နိုင်မှာလည်းပေါ့။

တကယ်တော့ ကိစ္စတစ်ခုဟာ အကြောင်းမရှိဘဲ ဘာအကျိုးမှ ဖြစ်လာစရာ မရှိပါဘူး။ နတ်ကိုင်မှာ တကယ်ကြောက်ရင် ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်ဖို့ပဲ လိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းတို့ နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါတယ်။ နယ်က ရှင်ပြုပွဲတစ်ခုမှာ အဲဒီလို မောင်းရင်လောင်းလှည့်ပြီး နတ်ကိုင်မှာဆိုးလို့ နတ်ကိုသွားပြကာ ဘုန်းကြီးကျောင်း ရောက်ခါနီး ရှင်းလောင်းဖွက်ကြတုန်း အဖွက်ခံရတဲ့ မောင်ရင်လောင်းလေး တစ်ယောက် သေသွားခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရဖူးပါတယ်။ ဖြစ်ပုံက နတ်ပြပြီးအပြန်မှာ ခပ်ငယ်ငယ် မောင်ရင်လောင်းကို ထမ်းလာတဲ့ လူငယ်တစ်ချို့က အဲဒီရှင်လောင်းကို ထမ်းပြီး အိမ်တစ်အိမ်ရဲ့ ရာဝင်အိုးကြီးထဲမှာ ထည့်ကာ အပေါ်က အလေးအပန်တွေနဲ့ပိတ်ပြီး အလှူရှင်တွေဆီ မုန့်ဖိုးတောင်းဖို့ သွားရာက အပြန်မှာ စင်းအိုးကြီးကို ဖွင့်ကြည့်တော့ ကလေးက အသက်မွန်းပြီး သေနေတာကို တွေ့ရတော့တာ ဖြစ်ပါတယ်။ အဲဒီမှာ မိဘတွေရော အလှူရှင်တွေပါ ယူကြုံးမရ ဖြစ်ကြတဲ့ အဖြစ်အပျက်တစ်ခု လက်တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကလေးသေရတာ အကြောင်းကြောင့် အကျိုးဖြစ်ခဲ့ရခြင်း ဖြစ်ပေမယ့် ကပ်ပြီးပြောကြေးဆိုရင် နတ်တွေကိုစောင့်ရှောက်ဖို့ နတ်ပြပြီးမှ ဒီကိစ္စ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ နတ်ကဘာလို့ မစောင့်ရှောက်တာလဲပေါ့။ မကိုင်အောင်၊ မနှောက်ယှက်အောင် သူ့ကို ပြထားပေးရဲ့သားနဲ့ ဘာလို့ မကာကွယ်တာလဲပေါ့။ မေးမယ်ဆိုရင် မေးစရာတွေ အများကြီးပါပဲ။

ပြောချင်တာကာ ရှင်လောင်းနတ်ပြတဲ့ ကိစ္စက ရဟန်းခံ ရှင်ပြုပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ ကိစ္စဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ ဘုရားလက်ထက် သားတော်ရာဟုလာကို ကိုရင်ဝတ်ပေးတုန်းက၊ ရှင်သာရိပုတ္တရာရဲ့ ညီတော် ရှင်ရေဝတလေးကို ကိုရင်ဝတ်ပေးတုန်းက ဘာမှရှင်လောင်းလှည့်တာ၊ နတ်ပြတာတွေ မရှိခဲ့ပါဘူး။ ကျောင်းတော်ကို ခေါ်သွားပြီး ဆံချသင်္ကန်းတောင်းစေပြီး ဥပဇ္ဈာယ်ယူစေကာ ရှင်သာမဏေ သီလတွေကိုပေးလို့ ရှင်အဖြစ် ချီးမြှောက်ခဲ့တာတွေပဲ ရှိခဲ့ပါတယ်။ ရှင်ပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ရှင်ဖြစ်ဖို့၊ ကုသိုလ်ရဖို့စတာတွေက အဓိကပဲ ဖြစ်ပါတယ်။ ကျန်တာတွေက အပိုတွေပဲ ဖြစ်ပါတယ်။ ဒါကို ဒီနေ့ခေတ် ဗုဒ္ဓဘာသာ မြန်မာတွေက ပုံကြီးချဲ့ပြီး ရှင်ပြုအလှူလုပ်မှာကိုပဲ ဟိုဆရာ၊ ဒီဆရာဆီသွားပြီး ဟိုရက်ဒီရက် ရွေးရတာနဲ့၊ ဟိုပြဒီပြ လုပ်ရတာနဲ့ မလိုအပ်တာတွေမှာ ငွေကုန်လူပန်းနေကြတာ ဖြစ်ပါတယ်။ အဓိက တရားနာရမယ့်အချိန်ကျတော့ ပင်ပန်းပြီး တရားမနာနိုင်ဘဲ တရားပွဲမှာ ငိုက်ကုန်ကြတော့တာ ဖြစ်ပါတယ်။ ဒါဟာ တစ်လွဲဆံပင်ကောင်းပြီး မလိုအပ်တာတွေမှာ ချဲ့ထွင်ကြတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ရဟန်းလောင်း၊ ရှင်လောင်းတွေကို နတ်ပြတဲ့ ကိစ္စဟာလည်း မလိုအပ်တဲ့၊ အဓိပ္ပါယ်မရှိတဲ့ အလွဲတစ်ခုလို ပေါ်ပေါ်ထင်ထင် ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးတွေကို ရှောင်ကြဉ်ပြီး ရဟန်းခံရခြင်း၊ ရှင်ပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်လောက်ပဲ အနှစ်သာရရှိရှိ လုပ်နိုင်အောင် ကြိုးစားရင်း မလိုအပ်တဲ့ ကန်တော့ပွဲထိုးတာတို့၊ နတ်ပြတာတို့ စတာတွေကို မလုပ်မိအောင် သတိပြုဆင်ခြင်ကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြရခြင်း ဖြစ်ပါတယ်။ ဒီလိုအလွဲတွေကို ဆင်ခြင်ပြီး နောက်နောင် မိမိတို့ရဲ့ သားသမီးတွေကို သာသနာ့ဘောင်ကို သွပ်သွင်းတဲ့အခါမှာ ရှင်သာမဏေဖြစ်ဖို့၊ ရဟန်းဖြစ်ဖို့ အဓိကနဲ့ အဲဒီရှင်သာမဏေဘဝ၊ ရဟန်းဘဝမှာ အမှန်တကယ် ကုသိုလ်ရစေဖို့ စတာတွေကိုသာ ရှေးရှုဆောင်ရွက်ကြဖို့ မလိုအပ်တဲ့အရာတွေမှာ မရောင်ရာဆီမလူးကြဖို့ စေတနာစကား မေတ္တာအားနဲ့ ထပ်မံပြီး အသိပေးတိုက်တွန်း လိုက်ရပါတယ်။

{ စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) }
http://www.facebook.com/BuddhismBeams

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်