သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 20 February 2013

နော်ခမ်းကို မောင်းသူမဲ့ လေယာဉ်သုံး ချေမှုန်းရန် တရုတ် စီစဉ်ခဲ့




မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှု၌ ဦးဆောင်ခဲ့သူ မူးယစ်ရာဇာ နော်ခမ်းနှင့် အဖွဲ့ကို တရုတ် အာဏာပိုင်များက မောင်းသူမဲ့ လေယာဉ် အသုံးပြု၍ ချေမှုန်းရန် စီစဉ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စီစဉ်ခဲ့သော်လည်း နော်ခမ်းကို အရှင်ဖမ်းရမည် ဟူသော အထက်အမိန့်ကြောင့် ပယ်ဖျက်ခဲ့သည်ဟု တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဒါရိုက် တာ Liu Yuejin က ပြောကြောင်း South China Morning Post သတင်းတွင် ဖော်ပြ ထားသည်။ နော်ခမ်းကို ၂၀၁၂ ဧပြီလအတွင်း လာအို နိုင်ငံတွင် ဖမ်းမိခဲ့ပြီး တရုတ် နိုင်ငံသို့ လွှဲပြောင်းယူ၍ နိုဝင်ဘာလ၌ ယူနန်တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။ တရုတ် သဘောင်္သား ၁၃ ဦးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ က မဲခေါင် မြစ် အတွင်း သတ်ဖြတ်ခံရခြင်း ဖြစ်သည်။





UNFC နှင့် အစိုးရ ဆွေးနွေးပွဲ စတင်

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းမှ စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနေကြောင်း သတင်းရသည်။ အစိုးရဘက်မှ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးထွန်းထွန်းဦး၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဦးကျော်ရင်လှိုင်၊ ဦးမင်းဇော်ဦး၊ ဦးဖြိုးဝေကျော် စသည့် ၁၀ ဦးခန့် တက်ရောက် ကြောင်း၊ UNFC ဦးခွန်ဥက္ကာ၊ ဦးအောင်ဆန်းမြင့်၊ နိုင်ဟံသာ၊ ဒေါက်တာ လဂျာ၊ ခူးဦးရယ်၊ ဦးပန်ဖ အစရှိသည့် ၁၂ ဦးခန့် တက် ရောက် ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ပြောသည်။ ဆွေးနွေးပွဲ ပြီးဆုံးသည့် ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဂျပန် နီပွန်ဖောင်ဒေးရှင်း က ကူညီခြင်း ဖြစ်သည်ဟု လည်း ဆိုသည်။





နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ပေါ်ပေါက်လာရေး အတွက် အကြိုညှိနှိုင်းမှုအဖြစ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ

ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ နိုင်ငံရေး ဆွေးနွေးရာတွင် အခြေခံသင့်သည့် မူဘောင်များ ပေါ်ပေါက်လာရေးအတွက် အကြိုညှိနှိုင်းမှုအဖြစ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn တွင် ဆွေးနွေးမှုများ စတင်ပြုလုပ်လျက် ရှိနေပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို သမ္မတရုံး ပြည်ထောင်ဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး အခြား ပြည်ထောင်စု ၀န်ကြီးများ ဖြစ်သည့် ဦးခင်ရီ၊ ဦးအုန်းမြင့်တို့ အပြင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးကျော်စိုးလှိုင်၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဦးဝေဖြိုးကျော် အစရှိသူတို့ ပါဝင်ခဲ့ကြသည်။
UNFC ၏ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ဟံသာ (UNFC ၏ အထွေထွေ အတွင်းရေးမှူးနှင့် NMSP) က ဦးဆောင်ခဲ့ပြီး ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာ လဂျာ(KIO)၊ အဖွဲ့ဝင်များအဖြစ် ဖဒို ဒေါ့လေးမူ (KNU)၊ ဦးအောင်ဆန်းမြင့်(KNPP) ၊ ခူဦးရယ်(KNPP)၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO)၊ ဒေါက်တာ ခင်မောင်(ANC-NUP)၊ တာအိုက်ဖုန်း(PSLF)၊ ဒုတိယ ဗိုလ်မှူးကြီး ဆင်ဝါ(KIA)၊ ဗိုလ်မှူးကြီး ဆော်လမွန် (LDU) အစရှိသဖြင့် စုစုပေါင်း (၁၂) ဦး ပါဝင်ခဲ့ပါသည်။
"နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ချမှတ်ရမယ့် အခြေခံ မူဘောင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာပါ"ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC တို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ပထမအကြိမ် တွေ့ဆုံထားခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် အချိန်က UNFC မှ ချမှတ်ထားသော ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆) ရပ်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က မူအနေ ၆ ချက်ကို ကိုင်ထားတယ်။ ဒါပေမဲ့ အဲတာကို တရားသေ ကိုင်ထားတာမျိုး မဟုတ်ဘူး။ အတိုးအလျော့ လုပ်နိုင်ဖို့ အစိုးရအဖွဲ့နဲ့ ငြှိနှိုင်းပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း အဲတာတွေကို ဆွေးနွေးမှာပါ” ဟု နိုင်ဟံသာက ဆက်လက် ပြောကြားခဲ့ပါသည်။
ယခုပြုလုပ်နေသော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော UNFC ကိုယ်စားလှယ်အဖွဲ့တွင် ချင်းအမျိုးသား တပ်ဦး (CNF) နှင့် "၀" အမျိုးသား အဖွဲ့ချုပ် (WNO) တို့မှ လွဲ၍ ကျန်အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲ၌ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှု၊ ရှမ်းပြည်နယ် အတွင်း တပ်မတော်နှင့် SSPP/SSA တပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲ ဖြစ်မှုများကို ဆွေးနွေးမည် ဖြစ်သော်လည်း ယေဘုယျ အနေဖြင့်သာ ဆွေးနွေးမည်ဟု နိုင်ဟံသာက ပြောသည်။
"အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး။ ဆွေးနွေးပွဲ အခြေအနေ ကောင်းပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့ နိုင်ပါတယ်”ဟု UNFC ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO) ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထောက်များကို ပြောပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC တို့၏ ချင်းမိုင် ဆွေးနွေးပွဲကို နီပွန်ဖောင်ဒေးရှင်းမှ ကမကထ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး မီဒီယာများ သတင်းရယူခွင့်ကို နီပွန်ဖောင်ဒေးရှင်းမှ တားမြစ်ခဲ့သည့် အပြင် ဆွေးနွေးပွဲ တက်ရောက်လာသူ ကိုယ်စားလှယ်များနှင့် မီဒီယာများ တွေ့ဆုံခြင်း မပြုရန်လည်း သတိပေးမှုများ လုပ်ဆောင်ခဲ့ပါသည်။
ဆွေးနွေးပွဲကို ဆက်လက် ကျင်းပနေပြီး ညနေ ၅ နာရီ ခန့်အချိန်တွင် ပြီးဆုံးနိုင်ဖွယ် ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော UNFC ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ထိုသို့ ပြန်လည် ဖွဲ့စည်းလိုက်သော UNFC တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ( MNSP)၊ ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU) နှင့် '၀' အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်ခဲ့ကြပါသည်။




ကချင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀၀ အသုံးပြုနိုင်သည့် စားနပ်ရိက္ခာ ကုလသမဂ္ဂ ပေးပို့

ကချင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀၀ ၀န်းကျင် အသုံးပြုနိုင်သည့် စားနပ်ရိက္ခာများကို ကုလသမဂ္ဂက ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
"လွန်ခဲ့တဲ့ နှစ်ရက်က ထောက်ပံ့ရေးယာဉ်တန်း ဖားကန့်ကို ထွက်ခွာသွားတာပါ။ အရင်တုန်းကလည်း ဒေသခံတွေကတစ်ဆင့် အကူအညီပေးရေး လုပ်ငန်းစဉ်တွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ်အကူအညီတွေ ဆက်ပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်။ ဖားကန့်တင် မဟုတ်ပါဘူး။ တခြားနေရာတွေက ဒုက္ခသည်စခန်းတွေကိုလည်း အကူအညီပေးဖို့ ဆောင်ရွက်သွားမှာပါ။ အကူအညီပေးဖို့ လုပ်ဆောင်မယ်ဆိုရင် နောက်ထပ် သတင်းထုတ်ပြန်သွားမှာပါ" ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သတင်းနှင့်ပြန်ကြားရေး ဌာနမှ ဦးအေးဝင်းက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ရှိန်မြှင့်ခဲ့ပြီးနောက်ပိုင်း စစ်ဘေးရှောင် ဒုက္ခသည်များအား အကူအညီပေးမည့် ကုလသမဂ္ဂ၏ ပထမဆုံး ထောက်ပံ့ရေး မော်တော်ယာဉ်တန်း ကချင်ပြည်နယ် ဖားကန့်သို့ ဖေဖော်ဝါရီ ၁၇ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးစခန်း ၄၁ ခုမှ ဒုက္ခသည်ပေါင်း ၅၀၀၀ အသုံးပြုနိုင်ရန် ဆန်၊ ဆီ၊ ဆား စသည့် မီးဖိုဆောင်သုံး ပစ္စည်းများနှင့် ခြင်ထောင်၊ တာလပတ်များ၊ စောင်၊ ဆေးဝါးနှင့် ရေသန့်စက်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၀ စီးသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့မှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ညပိုင်းတွင် ဖားကန့်ဒုက္ခသည် စခန်းများသို့ ရောက်ရှိခဲ့သည်။
ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ashok Nigam က "ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာမှု အကူအညီများကို အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့မှ လက်ခံခွင့်ပြုခဲ့ခြင်းအား ကြိုဆိုကြောင်း" ဟု ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့အကြား ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန် စစ်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၈၀၀၀၀ ကျော်ရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းကမူ ကချင်ပြည်နယ်၌ ဒုက္ခသည်စုစုပေါင်း တစ်သိန်းကျော်ရှိသည်ဟု ဇန်န၀ါရီလကုန်ပိုင်းက ပြောကြားထားသည်။





မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးမရှိဟု အစိုးရ တရားဝင်ငြင်း

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဟူ၍ တရားဝင်မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောဆို လိုက်သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါသလား ဆိုသော မေးခွန်းကို ဦးကျော်ကျော်ဝင်းက အထက်ပါ အတိုင်း ပြန်လည် ဖြေဆိုလိုက်ခြင်း ဖြစ်သည်။ ဘင်္ဂါလီ ဆိုသည်မှာ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာ သူများကို ခေါ်ဆိုခြင်း ဖြစ်သည်ဟုလည်း ဦးကျော်ကျော်ဝင်းက ရှင်းလင်းပြောဆိုသွားသည်။


NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်