သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday, 23 February 2013

မိတ်ဆွေတစ်ယောက်က “ ‘တတ်သိပညာ၊ မနေသာ’ ဆိုတဲ့ မြန်မာဆိုရိုးစကားက

 

 

မိတ်ဆွေတစ်ယောက်က “ ‘တတ်သိပညာ၊ မနေသာ’ ဆိုတဲ့ မြန်မာဆိုရိုးစကားက တကယ်တော့ ကိုယ်တတ်၊ ကိုယ်သိထားတာတွေဟာ ကိုယ့်ကို အသာမနေရဘူးလို့ ပြောခဲ့တာ ဖြစ်မယ်”ဟု သူ့ထင်မြင် ယူဆချက်ကို အစချီပြီး စကားဝိုင်းလေးကို စတင်လိုက်ပါသည်။ ထိုမိတ်ဆွေ ဘာကိုဆိုလိုချင်သည်ဆိုတာကို ကျွန်ုပ်တို့အနေဖြင့် အတူနေမိတ်ဆွေများဖြစ်သည့်အလျောက် နည်းနည်းပါးပါး တီးမိခေါက်မိ ရှိကြသည်။

အဘယ့်ကြောင့်ဆိုသော် ထိုမိတ်ဆွေကား ကွန်ပျူတာပိုင်းဆိုင်ရာ၊ ဖုန်းပိုင်းဆိုင်ရာ တော်တော်များများမှာ ကျွန်ုပ်တို့ထက် ပိုမိုနားလည်တတ်ကျွမ်းသောကြောင့် ကျွန်ုပ်တို့အနေဖြင့် ကွန်ပျူတာ သို့မဟုတ် ဖုန်းတစ်စုံတစ်ခု ချွတ်ယွင်းပြီဆိုပါက သူ့အထံသို့သာ အပြေးအလွှားသွားပြီး အကူအညီတောင်းကြ ရစမြဲပင်။ ထို့ကြောင့်လည်း သူ့အနေဖြင့် အဖိုးမရ အခမရနှင့်နေ့စဉ်နီးပါး သူတစ်ပါးကိစ္စဖြင့်သာ အချိန်ကုန်နေရ၍ ထိုသို့ဆိုခြင်းဖြစ်ပေသည်။ မှန်ပါသည်။ သူ့အခန်းထဲတွင် ထိုအကူအညီတောင်းထားသော ပစ္စည်းများဖြင့် ပြည့်နေတတ်သည်ကို တွေ့ရတတ်သည်။

ထိုမိတ်ဆွေက အထက်ပါအတိုင်း အစချီပြီး သူ၏မအားမလပ်ဖြစ်နေရသည့်အကြောင်းကို သူ့ဘာသာသူ အဓိပ္ပာယ်ဖွင့်ပြီးသည့်အခါမှာ အခြားမိတ်ဆွေတစ်ယောက်က “ကိုယ့်လူ့ရာ ‘ကျားကြီးလို့ ခြေရာကြီးတယ်’လို့ပဲ သဘောထားလိုက်ပေါ့ကွာ”ဟု ဆိုသည်။ သူကပဲ “ကိုယ့်လူတို့ ကြားဖူးမလားတော့ မသိဘူး။ အသီးသီးတဲ့ သရက်ပင်နဲ့ မသီးတဲ့ သရက်ပင် ပုံပြင်ကိုလေ” ဟု ပြောပြီး သူ့ထုံးစံအတိုင်း ပုံပြင်ကို ဆက်ပြောပြသည်။

“တစ်ခါက သူငယ်ချင်းနှစ်ယောက် ခရီးတစ်ခုကို အတူသွားခဲ့ကြတယ်။ သူတို့သွားတဲ့ ခရီးလမ်းမပေါ်မှာ သရက်ပင်ကြီးနှစ်ပင်အပြိုင်ပေါက်နေတာကို တွေ့ခဲ့တယ်။ အဲဒီနှစ်ပင်အနက်မှာ တစ်ပင်က သရက်သီးအကင်းလေးတွေနဲ့ ပြည့်နှက်နေသလောက် ကျန်တဲ့တစ်ပင်မှာတော့ အကင်းမပြောနှင့် တစ်ပွင့်တလေတောင်မှ မရှိရှာဖူးတဲ့လေ။ ခရီးသွားနှစ်ယောက်ဟာ အဲဒီသရက်ပင်ကြီးတွေရဲ့ အရိပ်အာဝါသကောင်းကောင်းအောက်မှာ အတန်အသင့်နားခိုပြီး သူတို့ခရီးကို သူတို့ဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ နောက်ရက်ပေါင်းအတော်ကြာတဲ့အခါမှာ ခရီးက ပြန်လာခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ အဲဒီသရက်ပင်ကြီးနှစ်ပင် ရှိတဲ့နေရာကို တဖန်ပြန်ရောက်လာခဲ့ကြသတဲ့။ ဒါပေမဲ့ သူတို့လာတုန်းက အရိပ်အာဝသကောင်းကောင်းနဲ့ အပြိုင်အဆိုင်လှပနေကြတဲ့ သရက်ပင်ကြီးနှစ်ပင်အနက်က အသီးကင်းလေးတွေ သီးနေတဲ့ အပင်ကြီးဟာ အခုအချိန်မှာတော့ ဒဏ်ရာဒဏ်ချက်တွေ ဗလပွအတိဖြစ်နေပြီး အသီးမသီးတဲ့အပင်ကြီးကတော့ သူ့အကိုင်းအခက်အလက်တွေနဲ့ ဝေေ၀ဆာဆာလှပနေတာကို အံ့သြစွာတွေ့လိုက်ရတယ်တဲ့။ ဒီတော့ နားမလည်နိုင်ဖြစ်နေကြတဲ့ ခရီးသွားနှစ်ယောက်ဟာ သူတို့ရဲ့ပဟေဠိကို အဖြေရှာဖို့အတွက် ဒဏ်ရာဒဏ်ချက်တွေအပြည့်ဖြစ်နေတဲ့ သရက်ပင်ကြီးကို သွားမေးကြည့်ခဲ့ကြတယ်။ ဘယ်လိုဖြစ်လို့ အခုလို မရှုမလှပုံစံဖြစ်နေရတာလဲလို့ မေးကြည့်ကြတော့ သရက်ပင်ကြီးက ပြန်ပြောသတဲ့။ သူ့အနေနဲ့ သူ့မှာရှိတဲ့အစွမ်းအစတွေကို အများအတွက် အသုံးဝင်အောင်၊ အကျိုးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသီးလေးတွေ သီးပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအသီးလေးတွေကို သီးတဲ့အတွက် လူတွေက သူ့ထက်ငါ အလုအယက်လာပြီး ဆွတ်ခူးခဲ့ကြလို့ သူ့အနေနဲ့ အခုလို မရှုမလှပုံဖြစ်နေရတယ်ဆိုတဲ့အကြောင်းကို ပြောပြလိုက်ပါသတဲ့။ အဲဒီရဲ့အဆုံးမှာတော့ ခရီးသွားနှစ်ယောက်ဟာ သရက်ပင်ကြီးရဲ့အဖြစ်ကို စာနာတဲ့အနေနဲ့ လူတွေကလည်း အခုလိုမျိုးတော့ မလုပ်သင့်လှပါဘူး။ ဘယ်လိုဖြစ်သင့်တယ်။ ညာလိုဖြစ်သင့်တယ်စသဖြင့် သရက်သီးခူးသွားတဲ့လူတွေကို အပြစ်တင်လေသံနဲ့ ပြောနေတဲ့အခါမှာ အခြားအသီးမသီးတဲ့ သရက်ပင်ကြီးက အဲဒီခရီးသွားနှစ်ယောက်ကို အခုလိုဖြစ်ရတဲ့အကြောင်းမှာ တကယ်တော့ လူတွေရဲ့အပြစ်မဟုတ်ရပါဘူးဗျာ….။ ကျုပ်လို မသီးဘဲ မပွင့်ဘဲ နေကြည့်ပါလား။ သူတို့ဘယ်လိုနည်းနဲ့မှ ဒဏ်ရာဒဏ်ချက်တွေရအောင် လုပ်ကြမှာ မဟုတ်ရပါဘူးဗျာလို့ လှမ်းပြောလိုက်တယ်တဲ့။”

မိတ်ဆွေက သူပြောချင်သည် ပုံပြင်ကို ပြောပြီးတဲ့အခါမှာ သူဆိုလိုရင်းအဓိပ္ပာယ်ကို အဆုံးသတ်မပေးဘဲ ရပ်တန့်ပြစ်လိုက်သည်။ ကျန်သည့်အပိုင်းကို မိမိတို့အနေဖြင့် ကြိုက်သလို နိဂုံးအုပ်သင့်နိုင်ကြောင်း၊ ကောက်ချက်ချနိုင်ကြောင်းကို ဖွင့်ပေးလိုချင်သည့် သဘောရှိဟန်တူပါသည်။

ထိုအခါ အခြားမိတ်ဆွေတစ်ယောက်က သူ့မှာလည်း ထိုနည်းတူ ပုံပြင်လေးတစ်ပုဒ်ရှိကြောင်းကို အောက်ပါအတိုင်း ဖွင့်ချပြပါသည်။

“တစ်ခါက တဖက်သားကို အင်မတန်မှကို ကူညီချင်တဲ့ နွားလားဥဿဘကြီးတစ်ကောင်ရှိခဲ့တယ်။ ဒီနွားလားဥဿဘကြီးဟာ တစ်ရက်မှာ တစ်ခုခု၊ တစ်ဦးဦးကို မကူညီလိုက်ရဘူးဆိုရင် သူ့မှာ စားမ၀င်အိပ်မပျော်ဖြစ်တတ်တဲ့ ရောဂါရှိသတဲ့။ နွားလားဥဿဘကြီးဟာ အကူအညီလိုချင်တဲ့ သူတွေကို ကူညီနိုင်ဖို့အတွက် တောတောင်တခွင်ကို ထွက်လာခဲ့တယ်။ ဒီလိုနဲ့ တစ်နေရာအရောက်မှာတော့
ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည် ဆိုသလိုပဲ အဘိုးအိုတစ်ယောက်ရဲ့ လှည်းဟာ နွံဗွက်ထဲမှာ နစ်နေရှာသတဲ့။ နွားလားဥဿဘကြီးဟာ အဘိုးအိုရဲ့လှည်းမှာ တပ်ထားတဲ့ နွားတွေကို လှမ်းကြည့်လိုက်တော့ ပိန်ရှုံးချိနဲ့နေတာကို တွေ့လိုက်ရတဲ့အတွက် ဘယ်လိုနည်းနဲ့မှ သူတို့ အဘိုးအိုရဲ့လှည်းကို လွတ်အောင်ရုန်းပေးနိုင်ကြမှာ မဟုတ်ဘူးဆိုတာကို သူသဘောပေါက်လိုက်တယ်။ အဲဒီအချိန်မှာ သူကူညီခွင့်ရတော့မှာမို့ ၀မ်းသာသွားတာပေါ့။ ဒီနောက် သူဟာ အဘိုးအိုရဲ့လှည်းနဲ့ မလှမ်းမကမ်းနေရာမှာ သွားပြီး အစာစားချင်ယောင်ဆောင်နေခဲ့တယ်။ အဘိုးအိုဟာ သူ့လှည်းနွံထဲက မလွတ်နိုင်တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ လှည်းပေါ်ကဆင်းပြီး သူ့နွားတွေကို အနားပေးတဲ့အနေနဲ့ အရိပ်တစ်ခုမှာ နားနေလိုက်တယ်။ ဒီအခါမှာ မလှမ်းမကမ်းတွင် အစာစားနေတဲ့ နွားလားဥဿဘကြီးကို တွေ့လိုက်ရတယ်။ အဘိုးအိုဟာ ဒီနွားကြီးကိုသာ ငါ့လှည်းတပ်ပြီး ရုန်းခိုင်းလိုက်ရလို့ကတော့ ငါ့လှည်း ဒီနွံဗွက်ထဲက သေချာပေါက်လွတ်မြောက်နိုင်လောက်တယ်။ ဒီနွားကြီးကို ရအောင်ဖမ်းပြီး ရုန်းခိုင်းကြည့်ရမယ်ဆိုတဲ့အတွေးနဲ့ အနီးနားမှာရှိတဲ့ မြက်ပင်လေးတစ်ဆုပ်နှစ်ဆုပ်လောက်နှုတ်ပြီး နွားလားဥဿဘကြီးကို မျှားခေါ်ကြည့်လိုက်တယ်။ အစကတည်းက သူတစ်ဖက်သားကူညီချင်နေတဲ့ နွားလားဥဿဘကြီးကို အဘိုးအိုဟာ လွယ်လင့်တကူပဲ ဖမ်းမိသွားခဲ့တယ်။

အဲဒီနောက်မှာတော့ အဘိုးအိုဟာ သူ့နွားတစ်ကောင်ကိုဖြုတ်ပြီး အဲဒီနေရာမှာ အစားထိုးကာ သူ့လှည်းနွံဗွက်ထဲက လွတ်ဖို့အရေးအတွက် နွားလားဥဿဘကြီးကို ရုန်းခိုင်းလိုက်တယ်။ နွားလားဥဿဘကြီးလည်း သူ့မှာရှိသမျှ အားအကုန်ထုတ်သုံးပြီး ရုန်းပေးတယ်။ သူက ရုန်းလေ အဘိုးအိုဟာ သူ့ကို နာနာရိုက်လေ။ ဒီလိုနဲ့နောက်ဆုံးတော့ အားကုန်၊ အစွမ်းကုန် ဘယ်လောက်ပင် ထည့်ပြီးရုန်းရုန်း သူ့နောက်ကျောပေါ်ကိုပဲ ရိုက်နှက်ချက်တွေက စဉ်ဆက်မပြတ်ကျကျလာသတဲ့။ နွားလားဥဿဘကြီးဟာ သည်းမခံနိုင်တော့တဲ့အဆုံးမှာ အဘိုးအိုကို ‘ခင်များဗျာ….ဟိုဘက်ကအကောင်ကိုကျတော့ မရိုက်ဘူး။ ကျုပ်ကိုကျတော့ အဆက်မပြတ်ရိုက်နေတယ်။ ကျုပ်လည်း ကျုပ်မှာရှိသမျှအားကုန်ထုတ်ပြီး ရုန်းပေးနေတာပဲ။ မျှမျှတတလေးဖြစ်အောင် ဟိုဘက်ကအကောင်ကိုလည်း ရိုက်ပြီး ရုန်းခိုင်းသင့်တာပေါ့’လို့ ပြောတဲ့အခါမှာ အဘိုးအိုက ‘သြော်…. မင်းကလည်းကွာ ဟိုဘက်ကအကောင်ရဲ့အနေအထားကိုလည်း မင်းမြင်တဲ့ အတိုင်းပဲလေ။ သူ့ကို ငါက ရိုက်နေရင်လည်း ရိုက်တာပဲ အဖတ်တင်မယ်လေ။ သူ့ရဲ့ပိန်ရှုံးချိနဲ့နေတဲ့ အားအင်နဲ့ဘယ်လိုနည်းနဲ့မှ ငါ့လှည်းကို လွတ်အောင်ရုန်းပေးနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ငါ့လှည်းကို လွတ်အောင် ရုန်းပေးနိုင်မယ့် အားကောင်းမောင်းသန်ဖြစ်တဲ့ မင်းကိုပဲ ရိုက်ပြီးရုန်းခိုင်းရတော့မှာပေါ့ကွာ’လို့ ပြောလိုက်သတဲ့လေ။”

မိတ်ဆွေက အတန်အသင့်နားလိုက်ပြီး ကျွန်ုပ်တို့ရဲ့အနေအထားကို တချက်အကဲခတ်ကြည့် လိုက်သည်။ ထို့နောက် သူကပဲဆက်ပြီး “ဒီလိုပါပဲကွာ ငါ့တို့လောကထဲမှာလည်း စောစောကပြောခဲ့သလို ကျားကြီးလို့ ခြေရာကြီးသွားတဲ့ သဘောလေးတွေ၊ များများလုပ်နိုင်လေလေ များများဖိနှိပ်ခံရတတ်တဲ့ သဘောလေးတွေ တော်တော်များများ တွေ့နေရတာပဲ မဟုတ်ဘူးလား။ ဒါကြောင့် နောက်ဆိုရင် ကိုယ့်အတွက် ဘယ်လိုလောကဓံမျိုးပဲကြုံကြုံ ကိုယ့်ဘက်က နှလုံးသွင်းလေးလှပြီး ကိုယ်သိ၊ ကိုယ်တတ်၊ ကိုယ်သဘောပေါက်ထားတာလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ ပြန်ပြီးမျှဝေပေးလိုက်နိုင်ရင် သူတို့အတွက် လည်း အသုံးဝင်သွားမယ်။ ကိုယ့်အတွက်လည်း ပင်ပန်းချင်ကောင်းပင်ပန်းနိုင်ပေမဲ့ အဲဒီရဲ့ ရလာဒ်ကောင်းကျိုးလေးတွေ ပြန်ပြီးရလာနိုင်ပါတယ်။ တို့တတွေဟာ ပုထုဇဉ်ဖြစ်တဲ့အလျောက် တစ်ခါတရံ သဘောထားမတိုက်ဆိုင်မှုလေးတွေကတော့ အနည်းနဲ့အများ ဖြစ်လာတတ်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ နှလုံးသွင်းကောင်းကောင်းလေးကိုသာ မူတည်ထားလိုက်နိုင်မယ်ဆိုရင် ငါတို့အားလုံး လူဖြစ်ရကျိုးနပ်သလို လုပ်ကိုင်ဆောင်ရွက်ပေးရကျိုးတွေလည်း နပ်ပြီပေါ့ကွာ…”ဟုပြောရင်း သူ့စကားကို အဆုံးသတ်လိုက်ပါတော့သည်။

ထိုနေ့အတွက် ကျွန်ုပ်တို့အားလုံး သင်္ခန်းစာလေးအသစ်တစ်ခု ကောင်းကောင်းလေး ရရှိခဲ့လိုက်ကြသည်။ ခေါင်းထဲမှာလည်း အတွေးစလေးများတ၀ဲလည်လည်ဖြင့်ပင်……….

✍ ဘ၀ကျောင်းဖတ်စာ

အေးချမ်းမွန်မှ ဘ၀ကျောင်း ဖတ်စာ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်