သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 12 August 2013

ကင်တားနား ရခိုင်ပြည်နယ်သို့ ရောက်ရှိနေ


 Tuesday, August 13, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ် ၁၂ ရက်က ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားအား ဒေသခံများက ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းများကို ပြုလုပ်ခဲ့သည်။

ကင်တားနားသည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ယင်းမှတစ်ဆင့် ဘူးသီးတောင် အကျဉ်းထောင်သို့ အမြန်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဥပဒေ အရာရှိချုပ် ဦးလှသိန်းနှင့်အတူ သွားရောက်ခဲ့သည်။


ထိုသို့ ကင်တားနား ရောက်ရှိလာသည့် နံနက်ပိုင်းတွင် စစ်တွေလေယာဉ်ကွင်း ထွက်ပေါက်အနီး၌ ဒေသခံအချို့က ''ကင်တားနား ထွက်သွား၊ အလိုမရှိ'' ဟူသော စာသားများကို ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

လေယာဉ်ကွင်းအနီး ဆန္ဒထုတ်ဖော်အပြီး ဘူးသီးတောင်သို့သွားမည့် သင်္ဘောဆိပ် တို့တွင်လည်း ထိုသို့ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော် ခြင်းများကို ပြုလုပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သော ဒေါ်ညိုအေးက ''ကင်တားနား လာမယ်လို့ ပြောသံကြားတိုင်း၊ ဘင်္ဂါလီတွေက အမျိုးမျိုးလုပ်တယ်။ ပြဿနာရှာတယ်၊ အငြိမ်မနေဘူး။ ဒါကို သံသယဖြစ်တယ်။ သွေးထိုးလှုံ့ဆော် ပေးနေတယ်လို့ ယူဆတယ်။ ပြီးတော့ သူ့အစီရင်ခံစာမှာလည်း မျှတခြင်း မရှိဘူးလို့ ယူဆတယ်။ ဒီလိုတာဝန်ကြီးမားတဲ့ လူတစ်ယောက်က တလွဲလုပ်နေရင် ဘင်္ဂါလီတွေက လုံးဝငြိမ်မှာ မဟုတ်ဘူး။ ဒါကြောင့် ရခိုင်ပြည် မဟုတ်ဘူး။ မြန်မာကိုတောင် မလာစေချင်တာပါ။ သူ့ကို ကျွန်မတို့ လက်မခံသလို ရခိုင်ပြည်သူ တစ်ရပ်လုံးကလည်း လက်ခံမှာ မဟုတ်ဘူး။ နောက်ထပ် လာရင်လည်း ဒီလိုမျိုး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားမှာပါ'' ဟု ပြောကြားသည်။

ကင်တားနား စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိစဉ် ဆန္ဒထုတ်ဖော် သူများအနက် ဦးဆောင်သူများတွင် ပါဝင်သည့် အမျိုးသမီး တစ်ဦးဖြစ်သော ဒေါ်ညိုအေးနှင့် ၁၅ မိနစ်ခန့် ဖောင်တော်တွင်ရပ်ပြီး စကားပြောဆိုခဲ့သည်။ ယင်းသို့ ပြောဆိုရာတွင် ဆန္ဒပြရသည့် အကြောင်းအရင်းကိုလည်း မေးမြန်းခဲ့သည်။

ကင်တားနားက ''ဆန္ဒထုတ်ဖော်တာက ခင်ဗျားတို့ အခွင့်အရေးသာ ဖြစ်တယ်။ ကျွန်တော့်ကို အချိန်မရွေး ပြောလို့ ရတယ်။ ခင်ဗျားတို့ ရင်ထဲက ခံစားချက် တွေကိုလည်း ကျွန်တော်နားလည်တယ်။ ကျွန်တော်တာဝန်ယူ ထားရတဲ့ အလုပ်ကို ကျွန်တော်လုပ်နေတယ်။ ခင်ဗျားတို့ ပြောချင်တဲ့ စကားတွေကိုလည်း ကျွန်တော် နားထောင်ရမယ်။ အခြားလူတွေ ပြောတဲ့ စကားတွေကိုလည်း ကျွန်တော် နားထောင်ရမယ်။ ကျွန်တော့် အစီရင်ခံစာကိုလည်း သေချာဖတ်ကြည့် စေချင်တယ်'' ဟု ပြောကြားသည်။

အဆိုပါ ဥပဒေ အရာရှိချုပ် ဦးလှသိန်း ဦးဆောင်သော ကင်တားနား အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်သို့ သွားရောက်ခဲ့ရာ ဘူးသီးတောင်တွင်လည်း ဒေသခံများက ပိုစတာများ ကိုင်ဆောင်ကာ စီတန်းဆန္ဒ ထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်။

ကင်တားနားသည် ဘူးသီးတောင် အကျဉ်းထောင်ရှိ ဘင်္ဂါလီ အကျဉ်းသား အချို့ကို သီးခြားတွေ့ဆုံ စကားပြောခဲ့ကြောင်း သိရသည်။ မနက်ဖြန်တွင် စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီရပ်ကွက် တစ်ခုဖြစ်သော အင်ပါလာ ရပ်ကွက်သို့ သွားရောက်ကာ ဘင်္ဂါလီ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရအဖွဲ့၊ ဒေသခံလူမှု အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်