
နေပြည်တော်ရှိ သိမ်းဆည်းခံ လယ်မြေတစ်ခုပေါ်တွင် ထွန်ယက်နေမှုကို သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်
၂၀၁၃ ခုနှစ် သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ သိမ်းဆည်းခံ လယ်ယာမြေများအား စစ်ဘက်အရာရှိ တစ်ဦးထံမှ လာရောက်ညှိနှိုင်း ခဲ့သော်လည်း သမ္မတ၏ လျော်ကြေးထက် နည်းသည့်အတွက် တောင်သူများက လက်မခံခဲ့ကြောင်း သိရသည်။
ဝဲကြီးကျေးရွာနေ တောင်သူတစ်ဦးက ''သတင်းစာထဲမှာပါပြီး သြဂုတ် ၃၁ ရက်မှာပဲ ခေတ်အေးကျေးရွာ ဥက္ကဋ္ဌဟောင်းကို မောင်အေးနဲ့ ဗိုလ်ချုပ်ခင်မောင်ထွန်း ကိုယ်စားတစ်ယောက် ကျွန်တော်တို့ တောင်သူတွေဆီ ရောက်လာတယ်။ သူတို့လာညှိတာက သမ္မတကြီး ပေးလျော်သလို မဟုတ်ဘဲ ကာလပေါက်ဈေးထက်နည်းပြီး တစ်ဧကကို ၆ သိန်းနှုန်းပဲ ပေးမယ်ဆိုပြီး ညှိပါတယ်။ သမ္မတလျော်ကြေးထက် ကာလပေါက်ဈေး ထက်နည်းပြီး ပေးမယ်ဆိုတော့ ကျွန်တော်တို့ တောင်သူအနေနဲ့ ဒီပေးလျော်မှုကို လက်မခံခဲ့ပါဘူး။ နှစ်နဲ့ချီ ကျွန်တော်တို့ လယ်ယာမြေတွေ သိမ်းဆည်းခံဘ၀ ရောက်ပြီး တောင်သူမိသားစုတွေ ဘ၀ပျက်ခဲ့ရတာကို စာနာသင့်ပါတယ်'' ဟု ပြောကြားသည်။
ဇေယျာသီရိမြို့နယ် ၀ံပြန်ကျေးရွာရှိ သိမ်းဆည်းခံ လယ်ယာမြေဧက ၁၀၀ ကို စစ်ဘက်အရာရှိများ ဖြစ်သော ဗိုလ်ချုပ်ခင်မောင်ထွန်း၊ ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်ဝေလွင်၊ ဗိုလ်ချုပ်လှရွှေနှင့် ဦးမောင်မောင်လတ်၊ ဗိုလ်ချုပ်ခင်မောင်သန်းတို့က သိမ်းဆည်းထားဆဲဖြစ်ပြီး ၎င်းမြေယာများကို ပိုင်ဆိုင်သော တောင်သူများအား လျော်ကြေးပေးရန် လာရောက် ဆက်သွယ်မှု မရှိသေးဘဲ ဗိုလ်ချုပ်ခင်မောင်ထွန်း တစ်ယောက်သာ လာရောက် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ခင်မောင်ထွန်းထံမှ လာရောက်ညှိနှိုင်းသော မြေဧကမှာ ၂၈ ဧကရှိပြီး ၎င်းမြေဧကများမှာ ဇေယျာသီရိမြို့နယ် ချောင်းဖျားရွာတွင် တည်ရှိပြီး တစ်ဧကလျှင် ကျပ် ၆ သိန်းနှုန်းဖြင့် လာရောက်ညှိနှိုင်း သော်လည်း သိမ်းဆည်းခံ လယ်ယာမြေ ပိုင်ဆိုင်သူ တောင်သူသုံးဦးက လက်မခံကြောင်း ၀ဲကြီးကျေးရွာ ဒေသခံ ကိုဇော်လတ်က The Daily Eleven သို့ ပြောကြားသည်။
သမ္မတက သိမ်းဆည်းခံ လယ်မြေဧက ၃၅ ဒသမ ၀၅ ဧကကို သီဟမင်း ကုမ္ပဏီမှ မြေတစ်ဧကလျှင် ကားလမ်းနှင့်နီးလျှင် ကျပ်သိန်း ၂၀၊ ကားလမ်းနှင့်ဝေးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် တောင်သူ ရှစ်ဦးအား သြဂုတ် ၂၈ ရက်တွင် ပေးလျော်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် သီဟမင်း ကုမ္ပဏီက မည်သည့် အတွက်ကြောင့် သမ္မတကိုယ်စား ပေးလျော်ခဲ့သည် ဆိုခြင်းကိုမူ ယခုအချိန်အထိ သိရခြင်း မရှိပေ။
http://www.news-eleven.com
No comments:
Post a Comment