Wednesday, July 31, 2013
ကျနော့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောကြ၊ ဆိုကြ၊ ရေးကြ၊ သားကြတာတွေ
ရှိလာလို့ ကျနော်လဲ နဲနဲလောက်တော့ ပြန်ပြောပါရစေ။ဘာရော ဂါဖြစ်
မှန်းမသိဘူး၊ ဘာသတင်းမှလဲ မထုတ်ပြန်ဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး လို့
ပြောဆို ဝေဖန်ကြတာတွေကို တွေ့နေရပေမယ့်ဘာမှပြန်မပြောဖြစ်တာ ဟာ ပြောပြီးသားတွေကို အကြိမ်ကြိမ် ပြန်မပြောချင်လို့ပါ။
နောက်ပြီး ပြောဆိုနေကြသူများဟာလဲ ဝေဖန်ချင်လို့သက်သက်မဟုတ်ဘဲ၊ တိုက်ခိုက်လိုခြင်းသီးသန့်ကြောင့် ပြောဆိုနေကြတာကို တွေ့နေရလို့ပါ။
ကျနော် ဘာရောဂါဖြစ်တယ်၊ ဘယ်တုန်းကဖြစ်တယ် (ဒါမှမဟုတ်) သိတယ်၊ ဒါ့ကြောင့် ကျနော်ဘာလုပ်မယ် အစရှိသဖြင့် ရှင်းရှင်းလင်းလင်းပြောပြပြီးသားပါ။
သတင်းမီဒီယာတွေထဲမှာလဲ ပါပြီးသားပါ။ ဒါကို မဖတ်မိ၊ နားမထောင်မိကြတဲ့ တချို့သောအသိမိတ်ဆွေများကပါ၊ ကျနော့်ဘက်က ဘာမှမပြောဘူးလို့ ဟုတ်ယောင်နိုးနိုးထင်မိမှာစိုးလို့ ပြန်ပြောပြရခြင်းသာဖြစ်ပါတယ်။ ကျန်းမာရေးအကြောင်းကို ပြောခဲ့တာ အခုမှ မဟုတ်ပါဘူး။
ကျနော် ထောင်ကပြန်လွတ်လာကထဲက ပြောပြပြီးသားပါ။
အင်တာဗျူးတွေကို ပြန်ရှာ၊ ပြန်နားထောင်ရင် တွေ့ပါလိမ့်မယ်။ (၂၀၁၁)
ခုနှစ်၊ကျနော် ထောင်ကလွတ်တော့ ဦးကျော်သူတို့ နာရေးကူညီမှုအသင်း က ဆေးစစ်ပေးတယ်။ အသည်းရောင်အသားဝါ စီပိုးတွေ့တယ်။
နောက်ပြီး တီဘီ နဲ့ ကျောက်ကပ်မှာ ကျောက်တွေတွေ့တယ်။ ကျနော်
အဲဒီ့တုန်းကထဲက ပြောခဲ့ပါတယ်။ ထပ်ပြောရရင် အဲဒီ့အချိန်တုန်းက
မီဒီယာအချို့ကဒီရောဂါတွေ ထောင်ထဲက ရလာတာလားလို့ မေးခဲ့တာကို၊
ကျနော့်အနေနဲ့ ယခင်က ပုံမှန်ဆေးစစ်ခဲ့တယ်၊ ဒီရောဂါတွေမတွေ့ခဲ့ဘူး။
ဒါပေမယ့်အခုအချိန်ကျမှ ထောင်ကိုအပြစ်မတင်၊ အပြစ်ပုံမချချင်ပါဘူး။ ထောင်
ထဲ မှာ ကျန်းမာရေးမကောင်းပေမယ့် ထိရောက်တဲ့ ကျန်းမာရေးစစ်ဆေးပေးမှု၊
ကုသပေးမှု မရှိတာကိုသာ ထောက်ပြချင်တယ် လို့ ဖြေခဲ့၊ ပြောခဲ့ပါတယ်။
ကျန်းမာရေးအကြောင်းကို ဆက်ရရင် တီဘီကို အရင်ကု တယ်။ ကျောက်ကြေဆေးတွေ
စားရတယ်။
စီပိုးကို ကျနော်မကုသနိုင်သေးတဲ့အချိန်မှာ ကိုဖိုးဖြူ (လူရွှင်တော်)တို့၊ ဒေါက်တာဇာနည်ဇင်တို့က ရောဂါကို ထိန်းထားနိုင်အောင် ဆေးဝါးအကူအညီပေးတယ်။ ဒါပေမယ့်
ကျနော့်ကိုယ်ခန္ဒာထဲကရောဂါပိုးက
နဲနဲခေါင်းမာတော့ သောက်ဆေးနဲ့တင် ထိန်းထားလို့ မရနိုင်တော့တဲ့အတွက်
တိတိကျကျ အနားယူပြီး ကုသဖို့လိုလာတယ်။ ဒီတော့ဆေးကုသဖို့
ခွင့်ယူမယ့်အကြောင်း ပေါ်ပေါ်တင် တင်ကြေညာတယ်။ မဲဆန္ဒရှင် ပြည်သူတွေကိုလဲ
ပြောတယ်။ အမေစုကိုယ်တိုင်လဲ ပြည်သူတွေနဲ့တွေ့ပြီး အမှာစကားပြောခဲ့တယ်။
မီဒီယာတွေက မေးပြန်တော့ အစကနေ ပြန်ရှင်းပြခဲ့သေးတယ်။ လွှတ်တော်ကိုခွင့်တင်တာကအစ ဆေးစာနဲ့တွဲပြီးတင်ခဲ့ပါတယ်။
ဒါလား တိုးတိုးတိတ်တိတ် ကျိတ်ကုတာဗျာ။ ဒါတွေဟာ မိမိကိုယ်ရေး
ကိုယ်တာကိစ္စသာ ဖြစ်တဲ့အတွက် ကျနော်မပြောလဲ ရတယ်၊ မဖြေလဲ ရတယ်။ ဒါပေမယ့်
ထောင်ထဲမှာကျန်ခဲ့တဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ကျန်း မာရေးစောင့်ရှောက်မှုရအောင်၊ ကိုယ့်ကို မဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူတွေ အမြင်ရှင်းအောင် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
ဒီတော့ ပြောစရာရှိလာတာက ပြည်သူတွေက မဲပေးပြီး၊ လွှတ်တော်ထဲကို
ပို့ပေးခဲ့တယ်။ အခုလိုခွင့်ယူထားတော့ ပြည်သူတွေအတွက် အလုပ်လုပ်ဖို့
တာဝန်မကြေနိုင်ဘူးလား လို့ မေးစရာရှိလာတယ်။ မှန်ပါတယ်။ လွှတ်တော်တွင်း
လုပ်ငန်းဆောင်တာတွေအတွက်မှာတော့ ကျနော်ခွင့်ယူထားခဲ့တဲ့အတွက် အတိုင်းအတာတခုအထိ လစ်ဟင်းမှုရှိပါတယ်။ ကျနော် ဒါကို မငြင်းပါဘူး။
ဒါပေမယ့်၊ လွှတ်တော်ပြင်ပကနေ လုပ်ဆောင်လို့ရတဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ၊ ဒေသအကျိုးပြုလုပ်ငန်းတွေကိုတော့ အတတ်နိုင် ဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ဥပမာပြောရရင် ကျနော်ခွင့်ယူထားတဲ့ ကာလတွေမှာ ပြင်ပပုဂ္ဂလိကအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး သောက် သုံးရေရှားပါးတဲ့ဒေသတွေအတွက်
ရေတွင်းတွေ (တိတိကျကျပြောရရင်တော့ အဝီစိတွင်း နှစ်တွင်းနဲ့
အုတ်ရေကန်နှစ်ကန်ပါ) တူးခဲ့ပါတယ်။ ပုပ္ဗသီရိမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်း နဲ့တွဲဖက်ပြီး လယ်ယာမြေ အမတော်ကြေးမရရှိတဲ့ တောင်သူတွေအတွက် အမတော်ကြေးရရှိအောင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြတာတွေ၊ လယ်ယာမြေစုံစမ်းရေးကော်မရှင်နဲ့တွဲပြီး လယ်ယာမြေပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့တာတွေ (ပြောရရင် ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းပါတယ်။
တမြို့နယ်လုံးလယ်ယာမြေဆုံးရှုံးမှုရဲ့
”၇” ရာခိုင်နှုန်းလောက်ဘဲ လယ်ပြန်ရအောင် လုပ်နိုင်ပါသေးတယ်။
ကျန်တာတွေကတော့ စုံစမ်းရေးကော်မရှင်ကလဲ နေပြည်တော်ကောင်စီကိုလွှဲ၊
နေပြည်တော်ကောင်စီဆိုတဲ့ ပုဂ္ဂိုလ်များကလဲ လုံးဝကို အဖက်မလုပ်၊
ဒီနေ့အချိန်အထိ လာပြီးစစ်ဆေးခြင်းလဲမရှိတော့
ဇာတ်မြောကြီးဖြစ်နေသေး)၊ လွှတ်တော်တွင်း တင်ပြရန်ရှိသော
မြို့နယ်တွင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကိုနိုင်ငံလင်း၊
မစန္ဒာမင်းတို့နဲ့တွဲပြီး လွှတ်တော်တွင်း တင်ပြမေးမြန်းဆွေးနွေးခဲ့တာတွေ၊ မြို့နယ်တွင်း တရားဥပဒေရေးရာအရ ဖြေရှင်းရန်ကိစ္စရပ်များကို ဆရာဦးအောင်ကြည်ညွန့် (ကျနော်တို့ပါတီက ဥပဒေပညာရှင်၊ တောင်တွင်းကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
နဲ့ ချိတ်တွဲပြီး ဆောင်ရွက်ခဲ့တာတွေ… အစရှိသဖြင့်ပေါ့ဗျာ၊ ကျနော်
ခွင့်ယူထားပေမယ့် လုပ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။
အရာထင်တာတွေလဲရှိသလို၊ အရာမထင်တာတွေလဲ ရှိတာပေါ့။ ဒါပေမယ့်.. ဒါတွေကို
ဘာကြောင့် မရှင်းပြသလဲ။
ဘာ့ကြောင့် အများသိအောင်မပြောလဲ။
ရှင်းရှင်းလေးဘဲမို့လို့ ရိုးရိုးလေးပဲ ဖြေပါရစေ။ မလိုဘူးထင်လို့ပါ။
ပြည်သူက ရွေးချယ်တင်မြှောက် လိုက်လို့ ပြည်သူ့ကိုယ်စားလှယ်တယောက်ဖြစ်လာပြီဆိုရင်
ဒါတွေဟာ လုပ်ကို လုပ်ရမယ့် တာဝန်တွေပါ။ ကိုယ့်ဘာသာကိုယ်၊
ကိုယ့်လိပ်ပြာနဲ့ကိုယ် သတ်မှတ်ထားတဲ့ ဝတ္တရားပါ။ ဒါဆို ဘာလို့အခုမှ
ပြန်ပြောနေရတာလဲ။ ကျနော်တယောက်ခွင့်ယူတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်ဟာ လူထုအခြေပြု၊ လူထုအကျိုးပြုလုပ်ငန်းတွေကို
မဆောင်ရွက်ဘူးလို့ အပြောမခံနိုင်လို့ပါ။ ကျနော်တို့ ကိုယ်စားလှယ်တွေ
အတတ်နိုင်ဆုံး ပြည်သူ့အတွက် ကြိုးစားဆောင်ရွက်ကြပါတယ်။
ယခင် အတားအဆီးအပြည့်နဲ့ အချိန်တွေကထဲက လုပ်နိုင်သလောက် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ကြတဲ့ ပါတီဝင်တွေဟာ အခုလို လုပ်ကိုင်ခွင့်ပေးထားတဲ့ အကန့်အသတ်ဘောင် သေးသေးလေးထဲကနေလဲ ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ
ဆောင်ရွက်ကြဆဲပါဘဲလို့ ပြောပါရစေ။ နောက်ဆုံးပိတ်အနေနဲ့
ကျန်းမာရေးအကြောင်းဘဲ ဆက်ပြောပါ့မယ်။ ကျနော့်ရောဂါ အသည်းရောင်အသားဝါ
စီပိုးကို ပါမောက္ခ ဆရာဦးသံစစ် နဲ့ ပြသပြီး၊ ကုသမှုခံယူပါတယ်။
ကုသချိန်ကာလ တနှစ်လို့ သတ်မှတ်ထားပါတယ်။ နောင်ထပ် (၇)လ ကျော်
ဆေးကုသဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် တနှစ်တိတိ ခွင့်မယူချင်လို့
လွှတ်တော်ကို တက်နိုင်သလောက်တက်မယ် ဆိုပြီး နေပြည်တော်ပြန်ရောက်လာတာပါ။ဒေသတွင်းဖွံ့ဖြိုးရေးလုပ် ငန်းများ အပြင် လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ အရေးကြီးတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေမှာလဲ ပါဝင်ဆောင်ရွက်နိုင်အောင် လို့ဘဲ ဖြစ်ပါတယ်။
ဇေယျာသော်
Popular Myanmar News Journal
No comments:
Post a Comment