သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 23 July 2013

၂၄-၇-၂၀၁၃ ရန်ကုန်မြို့ ၌ အဆင့်မြင့်ဘတ်စ်ကား ပြေးဆွဲသည့် BRT စနစ်နှင့် ဘတ်စ်ကားသီးသန့် လမ်းကြောင်း စနစ်အား ယခုနှစ် အောက်တိုဘာလ၌ စတင်မည်


 ဇူလိုင်လ ၂၃ ရက် ၂၀၁၃

ရန်ကုန်မြို့တော်အတွင်း ခရီးသည်တင် ဘတ်စ်ကားများအား အဆင့်မြင့်ပြေး ဆွဲသည့် BRT (Bus Rapid Transit) စနစ်ကို ယခုနှစ်၊ အောက်တိုဘာလ အတွင်း အကောင်အထည်ဖော်နိုင်ရန် လျာထားစီစဉ်လျက်ရှိပြီး အလားတူ ဘတ်စ်ကား သီးသန့်ပြေးဆွဲသည့် လမ်းကြောင်းကိုပါ စတင်အကောင် အထည်ဖော် နိုင်ရန်ဆောင်ရွက်နေကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ’မှ သတင်းရရှိသည်။


ရန်ကုန်မြို့တော်အတွင်း ကြုံတွေ့နေရသည့် ယာဉ်လမ်းကြောင်း ကျပ်တည်း မှုနှင့် ခရီးသွားပြည်သူများ အချိန်ကြန့်ကြာမှု ပြဿနာများကို ဖြေလျှော့နိုင်ရန် ရည်ရွယ်၍ BRT စနစ်ကို ကျင့်သုံးရန် စီစဉ်ခြင်းဖြစ်ပြီး အဆိုပါစနစ် ကျင့်သုံး ရန် BRT ယာဉ်ပြေးဆွဲမည့် လမ်းကြောင်း၊ ပြေးဆွဲမည့် ယာဉ်အမျိုးအစား၊ ပြေးဆွဲမှု စနစ်များ၊ BRT စနစ် အနီးကပ်ကွပ်ကဲမှုအဖွဲ့၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုကော်မတီဖွဲ့စည်းခြင်း အစရှိသည်တို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေး ညှိနှိုင်းမှု ကော်မတီများ၊ မထသ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ ဆွေးနွေး မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ BRT ဘတ်စ်ကား ပြေးဆွဲ မှုစနစ်က ဒီမှာ အခုမှစတင်အကောင် အထည် ဖော်မှာ ဖြစ်ပေမဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတာ ကြာပါပြီ၊ BRT ယာဉ်က သတ်မှတ်လမ်းကြောင်းမှာ သီးသန့်ပြေးဆွဲတာဆိုတော့ အချိန်မှန်ရမှာပါ၊ အဓိကကတော့ ဘယ်စနစ်ပဲ အကောင်အထည်ဖော်ဖော် ဘတ်ဂျက်က အရေးကြီးပါတယ်”ဟု ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

ဘတ်စ်ကားသီးသန့် အဆင့်မြင့်ပြေးဆွဲသည့် BRT စနစ် အကောင်အထည် ဖော်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ရှေ့ပြေး အစီအစဉ်(Pilot Project) အဖြစ် ရန်ကုန်-ပြည်လမ်းကို ပထမဆုံးအနေဖြင့် စမ်းသပ် မောင်းနှင်မည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်မြို့တွင်းရှိ ယာဉ်လမ်း ကြောင်းများကို စစ်တမ်းကောက်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ BRT ယာဉ်များ စတင်ပြေးဆွဲချိန်တွင် ယာဉ်စီးရေ ငါးဆယ်ခန့် အသုံးပြုရန် လျာထားကြောင်းနှင့် သီးသန့်ယာဉ်လမ်းကြောင်းပေါ်၌ သုံးမိနစ်လျှင် BRT ယာဉ်တစ်စီးနှုန်း ဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်မည်ဟု သိရှိရသည်။

“သီးသန့်လမ်းဆိုတော့ ယာဉ်ကြော ကျပ်တာတွေ မရှိတော့ဘူး၊ BRT ပေးထားတဲ့ လမ်းပေါ်မှာ ဘတ်စ်ကားမဟုတ်တဲ့ ယာဉ်တွေ မောင်းနှင်တာ၊ ရပ်တာတွေရှိရင်တော့ သေချာအရေးယူမှုတွေ လုပ်ရမှာပါ”ဟု ‘မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့’ မှ အရာရှိတစ်ဦးက ပြောသည်။

စတင်ပြေးဆွဲမည့် BRT ယာဉ်များအတွက် မော်တော်ယာဉ်များမှာ လုံခြုံစိတ်ချရမှုရှိသော ယာဉ်အမျိုးအစား ဖြစ်ရမည့်အပြင် ယခုလက်ရှိ မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားများနှင့်မတူဘဲ အဝေးပြေးခရီးသည်တင် ယာဉ်များကဲ့သို့ မှန်လုံအဆင့်မြင့်ယာဉ်များအား မှာယူမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ၌ BRT စနစ်ကျင့်သုံးနေသော မြို့ပေါင်း ၁၆၀ ကျော်ရှိပြီး မြို့ကြီးအချို့၌ ယင်းအဆင့်မြင့်မော်တော်ယာဉ် BRT စနစ် သာမက အမြန်ရထား BRT စနစ်ကိုပါ ကျင့်သုံးလျက်ရှိသည်။ ရန်ကုန် မြို့၏ မြို့တွင်းသယ်ယူပို့ဆောင် ရေးစနစ်အား ယင်းကဲ့သို့ ဘတ်စ်ကားအခြေပြု BRT စနစ်သို့ပြောင်း လဲရာ၌ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျနိုင်သောကြောင့် ပြည်ထောင်စုအစိုးရနှင့် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ လိုအပ်နေကြောင်း ‘မထသ’မှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

Myanmar News Update

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်