သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 23 July 2013

၂၃-၇-၂၀၁၃ မန္တလေးမြို့ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှုမှ တရားခံအား ဖမ်းဆီးရမိရေး မြို့ဝင်/မြို့ထွက်များ၌ မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးနေ

7.22.11
ဇူလိုင် ၂၁ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေစဉ် (ဓာတ်ပုံ- ဌေးလှအောင်)
ဇူလိုင် ၂၁ ရက်တွင် မန္တလေးမြို့၊ သဟပုညကာရီ ဘုံဆွမ်းလောင်း အသင်းမှ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပခဲ့ရာ


 ငါးရက်မြောက်နေ့ ဖြစ်သည့် ဆရာတော် ဦးဝီရသူ တရားပွဲညတွင် ပေါက်ကွဲခဲ့သည့်ဗုံးမှာ သံကြွပ်စ ထည့်သွင်း ပြုလုပ်ထားသည့် လက်လုပ်ဗုံးဟု ယူဆကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ ဖမ်းမိရေးအတွက် မြို့ဝင်/မြို့ထွက်များတွင် မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ည ၉ နာရီ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား ဒေါက်တာတင်မြင့်ပိုင် ၇က/ ၃၀၂၀ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဗြောက်အိုးကွဲသံကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘီးတို့ ဘီးပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးဦးစိုးညိမ်းက ''ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ယာဉ်အနီးကနေ သံကြွပ်အစငယ် လေးခုခန့် တွေ့ရှိခဲ့တယ်။ ယာဉ်ရဲ့ ယာဘက်နောက်တံခါးမှာ အစငယ်အချို့ ထိမှန်ထားတဲ့အရာ ၃/၄ ချက်ခန့် ထိမှန်တာကြောင့် ယာဉ်အောက်မှာရှိတဲ့ ဆီတိုင်ကီ အနည်းငယ်ပေါက်ပြီး ဆီယိုစိမ့်နေတာကို တွေ့ရှိခဲ့တယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာဖွယ်ရာ အခြေအနေ ရှိသူတွေကို စုံစမ်းဖို့ မြို့ဝင်/မြို့ထွက် ထူးခြားမှုတွေကို စောင့်ကြည့်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ စုဖွဲ့ပိတ်ဆို့ ဆောင်ရွက်နေပါတယ်'' ဟု ဆိုသည်။
ပေါက်ကွဲမှုကြောင့် ကိုရင် ရှင်ပညာသာမိ၊ မြတောင်ကျောင်းတိုက် ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ မပန်းနုအောင် ၂၄ နှစ် ယာခြေသန်း ပွန်းပဲ့ဒဏ်ရာ၊ ဒေါ်အေးခင် ၄၆ နှစ် ၀ဲခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ ဦးကျော်ဦး ၃၆ နှစ် ၀မ်းဗိုက်ယာဘက် ပွန်းရှဒဏ်ရာ၊ အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး စကားမပြောတတ် (စိစစ်ဆဲ) မှာ ယာပေါင် ပေါက်ပြဲဒဏ်ရာများ ရရှိပြီး ဒေါ်အေးခင်မှာ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
boming-july23
ပေါက်ကွဲမှုဖြစ်စဉ်အပြီး တာဝန်ရှိသူများ စစ်ဆေးနေသည်ကို ဇူလိုင် ၂၁ ရက်ညပိုင်းက တွေ့ရစဉ်
ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနှင့် ပတ်သက်၍ ဖြစ်စဉ်အနီးတွင် နေထိုင်သူ တစ်ဦးက ''ပထမ ကြားလိုက်ရတာက ၀ုန်းဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ တရားပွဲကလည်း မပြီးသေးဘူး။ မိုက်သံနဲ့ဆိုတော့ ပေါက်ကွဲသံက ပိုကျယ်တာကို သတိထားမိတယ်။ နိဗ္ဗာန်ဆော်က ကြေညာတာက ကားဘီးပေါက်တာလို့ ကြေညာပါတယ်။ နောက်မှ ဗုံးပေါက်တယ်ဆိုပြီး ရဲတပ်ဖွဲ့တွေနဲ့ စစ်သားတွေက လုံခြုံရေးနဲ့ ဗုံးရှင်းလင်းရေးတွေ လုပ်တာ တွေ့ရပါတယ်'' ဟု ၎င်းမြင်တွေ့ခဲ့ရပုံကို ပြောပြသည်။
ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စအရ (၉၁၀) နှင့် တာဝန်ရှိသူများက ဆက်လက် စိစစ်ခဲ့ရာ အခင်းဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်တွင် နှစ်စင်တီမီတာခန့်ရှိ သံကြွပ်စ ၁၀ ခုခန့် ရှာဖွေတွေ့ရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ သံကြွပ်စ ထည့်သွင်းပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ်ဗုံးဟု ယူဆရပြီး ပေါက်ကွဲစေနိုင်သည့် ပစ္စည်းဖြင့် ပေါက်ကွဲမှုဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ စစ်ဆေးချက်အရ သိရသည်။
''ပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာ တရားပွဲ ကျင်းပနေတာ မပြီးသေးဘူး။ ပေါက်ကွဲမှုကြောင့် တရားပွဲက ခဏရပ်နားသွားတယ်။ တရားနာလာတဲ့ သူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ တချို့ပြန်သွားကြပြီး စိုးရိမ်စိတ်တွေကြောင့် ပြန်မလာကြတော့ဘူး။ တရားပွဲကတော့ ဆရာတော်က ရေစက်ချဖို့ ကျန်နေသေးတာကြောင့် ဆက်ပြီး ဟောသွားခဲ့ပါတယ်'' ဟု တရားနာ ပရိသတ်တစ်ဦးက ဆိုသည်။
''ပေါက်ကွဲမှု ဖြစ်သွားတဲ့ကားက သမီးဆရာဝန်မ အပြင်က ပြန်လာချိန်မှာ ရပ်နေကျ နေရာမှာပဲ ရပ်ထားခဲ့တာပါ။ နေ့တိုင်း ဒီလိုပဲ ရပ်ထားနေကျလည်း ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ကားဘီးသုံးဘီး ပေါက်ပြီးတော့ ကားဘော်ဒီလည်း ထိခိုက်သွားတယ်။ အနီးနားမှာ ရှိနေတဲ့ လူငါးဦးလည်း ထိခိုက်ဒဏ်ရာတွေ ရသွားတာကို သိလိုက်ပါတယ်'' ဟု ပေါက်ကွဲမှု ဖြစ်ခဲ့ရသည့် ကားပိုင်ရှင်၏ မိခင်ဖြစ်သူက ပြောကြားသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့မရဲစခန်း (မဟာအောင်မြေ) မှ (ပ) ၄၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၆ အရ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
EleveMedia

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်