သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 28 July 2013

၂၈-၇-၂၀၁၃ "မင်္ဂလာ အခမ်းအနားကို ဖော်ပြခြင်း"


 ထမင်းဦးခွံ့ မင်္ဂလာ? [၁၈၉၀-ခု ဝန်းကျင်]

 [ဓာတ်ပုံနဲ့အတူ မြန်မာ့ရိုးရာ မင်္ဂလာ ဆယ့်သုံးပါး သံပေါက်နဲ့ အနက်ကိုပါ ကူးယူ ထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေ ရှေးတုန်းကဟာတွေ ဘာမှလုပ်စရာ မလိုဖူး လို့ ပြောလိုကပြောနိုင်ပါတယ်။ ဘာမှမလုပ်တော့လည်း ဘာမှမဖြစ်ဖူးပေါ့။ ]

" လောကီမင်္ဂလာဆယ့်သုံးပါး ဆောင်ပုဒ်တေးထပ်"

ထိမ်းများနှင်း လက်ထပ်နှင့်၊ ဘွားမြင်လတ်, တဖြာ၊
မျက်နှာပြ, မင်္ဂလာငယ်၊ ဆံပယ်ရှာ, တထုံး ။
ပုခတ်တင် ကွမ်းခွံ့တာပါ့၊ ' နေလ' နှစ်ဖြာပြတဲ့ အသုံး ။
အမည်မှည့် တဖြာ၊ ထမင်းသာ ခွံ့အုံး၊
ကေသာဆို သျှောင်ထုံးလို့၊ ထွင်းကြအုံး နားကို ။
ရှင်ပြုကာ သာသနာတွင်းဆီသို့၊ သွတ်သွင်းလို့ ပေးကြပြန်ဆို ။
ဆယ့်သုံးရပ်, မင်္ဂလာအလို၊ စဉ်လာကို ယူမှတ်လို့၊
အတတ်ပညာတွေ တိုးကြပါစေ၊ တောင်းဆုမြတ် ပတ္ထနာချွေတယ်၊
ရွာရွှေမြေ-အဗျင်းက လေး ။

"မင်္ဂလာ အခမ်းအနားကို ဖော်ပြခြင်း"
မင်္ဂလာ အခမ်းအနားကို ဖော်ပြရာ၌ လောကီမင်္ဂလာ ဆယ့်သုံးပါးကို သိသင့်သိထိုက် သည့် အားလျော်စွာ ပရိုဖက်ဆာ ဆရာလွန်း ပြုစုစီမံသော ရွှေရေးဆောင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကထာမှ ထုတ်နှုတ်၍ ဖော်ပြပါအံ့။ ။

လောကီမင်္ဂလာတို့ သည် ဆယ့်သုံးပါးရှိကုန်၏။ ဆယ့်သုံးပါး ဟူသော်ကား -
(၁) အမျိုးသ္မီးကို အမျိုးသားထံသို့ ပို့ခြင်းတည်း ဟူသော အာဝါဟ မင်္ဂလာ ။

(၂) အမျိုးသ္မီးထံသို့ အမျိုးသားက သွားရောက် တောင်းယူရခြင်းတည်း ဟူသော ဝိဝါဟ မင်္ဂလာ ။

(၃) ထို သတို့သား သတို့သ္မီးတို့ ပေါင်းသင်းဆက်ဆံသဖြင့်၊ အချိန်ကာလ ကျရောက်သောအခါ၊ သားကောင်းရတနာ၊ သ္မီးကောင်းရတနာ မွေးဖွားသဖြင့်၊ သိရှိကြစေခြင်းငှါ ကြေငြာချင်းတည်း ဟူသော ပုတ္တဝိဇာယနမင်္ဂလာ ။

(၄) သတို့သားဖွားမြင်၍ သုံးရက်မြောက်သော အခါ၊ ဘိုးဘွားမိဘတို့အား၊ ဤကား မောင်၏အဘိုး၊ ဤကားမောင်၏ အဘွား၊ ဤကား မောင်၏အမိ၊ ဤကားမောင်၏ အဘ စသည်ဖြင့် မျက်နှာပြသရခြင်းတည်း ဟူသော နန္ဒီမုခဒဿန မင်္ဂလာ ။

(၅) ထိုနောက် သတို့သား၏ အရွယ် ခုနှစ်ရက်မြောက်၌ ဝမ်းတွင်းမှ ပါလာသော ဆံပင်တို့ကို ပယ်ခြင်းတည်း ဟူသော ကေသစ္ဆေဒန မင်္ဂလာ ။

(၆) ထို့နောက် သတို့သားအရွယ် တင့်တယ် သင့်လျော်သော ၂-လ အတွင်း၌၊ ပုခက်ယာဉ် တင်ခြင်းတည်း ဟူသော ဒေါဠာဥစ္စင်္ဂါဟာရ မင်္ဂလာ ။

(၇) ထို့နောက် သတို့သားအရွယ် ၇၅-ရက် မြောက် စေ့ရောက်သောအခါ၌၊ ကွမ်းဖတ်ဦး ခွံ့ခြင်းတည်း ဟူသော တမ္ဗုလာဟာရ မင်္ဂလာ ။

(၈) ထို့နောက် သတို့သားသည် ၃-လသား အရွယ်သို့ရောက်သောအခါ၌၊ ဤကား 'နေ' ဤကား 'လ 'ဟု နေလ နှစ်ပါးတို့က ပြသရသော ရဝိန္ဒုဒဿန မင်္ဂလာ ။

(၉) ထို့နောက် သတို့သား၏ အရွယ်ရက်ပေါင်းတစ်ရာ တိုင်မြောက်သော အခါ၌၊ ခေါ်ဝေါ်ရန် အမည်မှည့်ခြင်းတည်း ဟုသော နာမသမ္မုတိ မင်္ဂလာ ။

(၁၀) ထို့နောက် သတို့သား၏ အရွယ်သည် ခြောက်လ ပြည့်မြောက်သော အခါ ထမင်းဦးခွံ့ခြင်းတည်း ဟူသော ပဋ္ဌမဘတ္တာဟာရ မင်္ဂလာ ။

(၁၁) ထို့နောက် သင့်လျှော်သော အခါ၌၊ ယခင်ဖြတ်ပယ်ထားသော ဝမ်းတွင်းဆံမှ ရှည်လျား၍ လာကုန်သော ဆံပင်တို့ကို ထုံးဖွဲ့ခြင်းတည်းဟူသော ကေသဗန္ဓန မင်္ဂလာ ။

(၁၂) ထို့နောက်တစ်ဖန် သင့်လျှော်သော အရွယ်သို့ သတို့သား ရောက်ပြန်သောအခါ၌ နား 'သ' ခြင်းတည်း ဟူသော ကဏ္ဏဝိဇ္ဈန မင်္ဂလာ ။

(၁၃) ထို့နောက် အချိန် အရွယ် တင့်တယ် လျောက်ပတ်သော အခါသို့ သတို့သား ရောက်ရှိသော အခါ၌ သာသနာတော်သို့ သွတ်သွင်းခြင်းတည်း ဟူသော ပဗ္ဗဇ္ဇမင်္ဂလာ ဟူ၍ ဆယ့်သုံးပါး ဖြစ်လေသတည်း။ ။

Daily Online News

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်