သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 31 March 2013

ခရမ်းကိုသတိထားပါ

Photo
ယခုရန်ကုန်မြို့အပါအ၀င် အခြားမြို့ကြီးများပေါ်သို့ ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်သည် လူတို့အားအန္တရာယ်ဖြစ်စေသည့် ပမာဏထက် များပြားနေသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(၈) နှင့်အထက်သည် လူ့အသက်အန္တရာယ်ဖြစ်စေသည့် အဆင့်အဖြစ်သတ်မှတ်ထားပြီး ယခုအချို့နေရာများတွင် ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်သည်အဆင့် ၁၃ ကျော်တွင် ရှိနေသည်။
ယခုနှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ရန်ကုန်မြို့၌ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးအမှတ် ၁၂ ဒသမ ၈ အထိကျရောက်ခဲ့ပြီး ကော့သောင်း၊ ထားဝယ်၊ ပုသိမ်မြို့များတွင် ၁၃ ကျော်၊ မော်လမြိုင်၊ ဘားအံ၊ တောင်ကြီး၊ လွိုင်ကော်မြို့များတွင် ၁၂ ကျော်နှင့် နေပြည်တော်တွင် ၁၁ ဒသမ ၇ အထိသက်ရောက်မှုရှိခဲ့သည်။


ထိုအတိုင်းအတာသည် လူများအား အရေပြားကင်ဆာရောဂါများဖြစ်ပွားခြင်း၊ အမြင်အာရုံချို့တဲ့သွားစေခြင်း၊ သားသမီးမရနိုင် သည့် ရောဂါများအထိ ဖြစ်ပွားနိုင်ကြောင်း အရေပြားအထူးကုဆရာဝန်များ၊ အထွေထွေရောဂါကုဆရာဝန်များနှင့် မိုးလေ၀သပညာရှင်များက ပြောကြားခဲ့သည်။
ယခုမတ်လဆန်းတိုင်းတာမှုများတွင်မူ ပိုမိုမြင့်မားလာပြီး မြန်မာနိုင်ငံမြို့ကြီး တော်တော်များများတွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းလွန်ကဲပြင်းထန်သည့် အဆင့် ၁၄ အထိမြင့်မားနေသည်ကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ မြစ်ဝကျွန်းပေါ်ဒေသများအထိ မြင်တွေ့လာရကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
“၁၁ နဲ့အထက်ဆိုရင်တော့ အန္တရာယ်အရှိဆုံးအဆင့်အဖြစ် သတ်မှတ်တယ်” ဟု ရန်ကုန်ဆေးရုံကြီးမှ အရေပြားအထူးကု ဆရာဝန် ဒေါက်တာလင်းထက်က ပြောသည်။
ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းအားတိုင်းတာရာတွင် သုညမှစတင်ပြီး အနိမ့်အဆင့်၊ အသင့်အတင့်အဆင့်နှင့် ၈ နှင့် အထက်အား အန္တရာယ်ရှိအဆင့်အဖြစ်သတ်မှတ်ထားပြီး အမြင့်ဆုံးအဆင့်အား ၁၁ ကျော်အဖြစ် သတ်မှတ်ထားသည်။
သိသိသာသာပြင်းထန်လာသည့် အပူဒဏ်နှင့် နေရောင်ခြည်ထဲတွင် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ရှိသည်အထိပါဝင်နေမှုအား နေရာအသီးသီးမှ လူအများလည်း စိုးရိမ်မှုများရှိနေသည်။
“ဒီနေ့ နေရောင်ထဲထွက်ပြီး နောက်နေ့ကင်ဆာအဖြစ် ပြောင်းသွားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရတဲ့အခါ၊ ခံရဖန်များလာတဲ့အခါ ဆဲလ်တွေပြောင်းလဲပြီး ကင်ဆာဖြစ်ဖို့ အစပြုတယ်” ဟု ဒေါက်တာလင်းထက်က အရေပြားကင်ဆာ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ပြောသည်။
အိုဇုန်းလွာပျက်စီးလာမှုကြောင့် ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေပြင်အပေါ်ကျရောက်နေပြီး ပြင်းအားများလည်း မြင့်တက်နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပြီဖြစ်သည်။ အိုဇုန်းလွှာအပေါက်ဖြစ်ပေါ်ရာ အန္တာတိကကမ္ဘာတောင်ဘက်ခြမ်း ဒေသဖြစ်သည့် တောင်အာဖရိကနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်သင့်မှုကြောင့် ရောဂါရရှိသူ ၁၀ သန်းကျော်နေပြီဖြစ်ကြောင်း လေ့လာမှုတစ်ရပ်အား ကိုးကား၍ဒေါက်တာထွန်းလွင်က ပြောသည်။
အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း နွေရာသီကာလ မွန်းတည့်ချိန်များတွင် ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အညွှန်းကိန်းအဆင့်မြင့်မားနေကြောင်း ၂၀၁၁ ခုနှစ်ခန့်ကတည်းက စတင် သတိထားမိခဲ့ကြပြီး ရှေးယခင်က အပူဒဏ်ပိုမိုခံရသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ တောင်သူများတွင် အရေပြားကင်ဆာရောဂါများဖြစ်ပွားကာ ဆေးရုံသို့ရောက်ရှိလာကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။
အပူချိန်ပြင်းထန်သည့်အတွက် ဘောင်းဘီတို၊ စကတ်တိုလေးများကြောင့် အရေပြားတွင် ခရမ်းလွန်ရောင်ခြည်ထိတွေ့ပြီး အရေပြားရောဂါများဖြစ်ပွားလာနိုင်ကြောင်းအရေပြားအထူးကုဆရာဝန်များက စိုးရိမ်မှုလည်းရှိသည်။
“အရင်က နေဒဏ်ခံရတဲ့ အလယ်ပိုင်းကတောင်သူတွေသာ အရေပြားကင်ဆာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမြို့နေလူထုရဲ့ ပြောင်းလဲလာတဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ အခုလိုခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်မားလာသည့် အခြေအနေတွေက အရေပြားကင်ဆာကို အဓိကစိုးရိမ်ရမယ့် အခြေအနေဖြစ်လာတယ်” ဟု ဒေါက်တာလင်းထက်က ပြောသည်။
နေရောင်ဒဏ်ခံရပါများလာသည့်အတွက်ဖြစ်လာသည့် အရေပြားကင်ဆာမတိုင်ခင် ပြင်းထန်လွန်းသည့်နေရောင်သည် အရေပြားအပါအ၀င် ခန္ဓာကိုယ်အစိတ်အပိုင်းများအား ထိခိုက်စေနိုင်သည်။
နေအပူထဲတွင် အကာအကွယ်မပါဘဲ သွားလာသည့်အခါ အပူဒဏ်ကြောင့် မျက်လုံးတိမ်စွဲခြင်း၊ မျက်လုံးအမြှေးပါးရောင်ရမ်းခြင်းတို့အပြင် မျက်ကြည်လွှာပျက်စီးခြင်းများဖြစ်ပွားနိုင်ကြောင်း မန္တလေးမြို့ရှိ မျက်စိအထူးကုဆရာဝန်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။
အရေပြားတွင်လည်း ကင်ဆာဖြစ်သည့် အခြေအနေမတိုင်ခင် နေပူဒဏ်ကြောင့် တင်းတိပ်၊ ၀က်ခြံများ၊ နေလောင်ကွက်များနှင့် အရေပြားလေးဘက်နာရောဂါရှိသူများမှာ အရေပြားပြဿနာများ ပိုမိုဆိုးရွားသွားနိုင်ပြီး ပိုမိုပြင်းထန်လာပါက နေလောင်သည့်  လက္ခဏာများဖြစ်သည့် အရေပြားနီရဲခြင်းနှင့် စပ်ခြင်းတို့အပြင် ပြင်းထန်လာပါက အရေပြားတွင် အရည်ကြည်ဖုများ ဖြစ်ပေါ်ခြင်းများရှိကြောင်း သိရသည်။
ခရမ်းလွန်ရောင်ခြည် အများဆုံးသက်ရောက်မှုရှိနေသည့် နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီ အတွင်း နေရောင်အောက်သွားလာလျင် မဖြစ်မနေ ထီး၊ ဦးထုပ်၊ SPF ပါဝင်သည့် လိမ်းဆေးများအပြင် အပူဒဏ်ကို ကာကွယ်နိုင်ပြီး သက်သောင့်သက်သာရှိမည့် အကျလက်ရှည်၊ ဘောင်းဘီရှည်များကို ၀တ်ဆင်ခြင်းဖြင့် ကာကွယ်သင့်ကြောင်း  အရေပြားဆရာဝန်များက အကြံပြုပြောကြားသည်။
နွေရာသီကာလတစ်လျောက်လုံး အပူချိန်ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး ယခုနှစ်နွေရာသီတွင် ရန်ကုန်၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် ပုံမှန်ထက် ၆၀ ရာခိုင်နှုန်း၊ ကျန်ဒေသများတွင် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာ ခိုင်နှုန်းအထိ ပိုမိုအပူဒဏ်ခံစားရနိုင်သည်ဟု ဒေါက်တာထွန်းလွင်ကလည်း ပြောသည်။
အပူချိန်အပြင် ရေငွေ့ပါဝင်မှုလည်းများနေသဖြင့် ခရမ်းလွန်ရောင်ခြည်ပါဝင်မှု တိုးလာပြီး ယခင်အယ်နီညိုရာသီဥတုများတွင် ရေရှားပါးမှုအပြင် အပူဒဏ်ကြောင့် အသက်သေဆုံးခံကြရသည်။ ယခုအပူချိန်ကြောင့်  ဖျားနာခြင်းများအပြင် အပူဒဏ်ကြောင့်  ဆက်စပ်ဖြစ်ပွားသည့်ရောဂါများကိုလည်း ဂရုပြုနေထိုင်သင့်ကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။
 http://www.7daynewsjournal.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်