သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 9 May 2013

63-အင်တာနက် လူမှုကွန်ရက်များတွင် လှုံ့ဆော်ရေးသားသူများကို အစိုးရအနေဖြင့် အရေးယူသင့်ကြောင်း အမေရိကန်သံအမတ် ပြောကြား


အင်တာနက် လူမှုကွန်ရက်များတွင် လှုံ့ဆော်ရေးသားသူများကို အစိုးရအနေဖြင့် အရေးယူသင့်ကြောင်း အမေရိကန်စင်တာတွင်
 
 မေ ၈ ရက် ညနေက ကျင်းပသော လွတ်လပ်စွာ ထုတ်ဖော်ခွင့် (Freedom of Expression) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၏ သဘောသဘာဝ၊ မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အခြေအနေများ၊ မီဒီယာ လွတ်လပ်ခွင့်များ၊ ဆင်ဆာတည်းဖြတ်မှုများ၊ လူမှုကွန်ရက်များတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် အလွဲသုံးစားပြုကာ ရေးသားနေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ဖေမြင့်နှင့် ဘလော့ဂါ နေဘုန်းလတ်တို့ကမူ မြန်မာနိုင်ငံရှိ အချို့သော ဥပဒေများသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်နေသည်ဟု ပြောသည်။ ဆက်လက်၍ ဘလော့ဂါ Pandora မှလည်း လွတ်လပ်စွာ ထုတ်ဖော်မှုသာမက လုံခြုံစိတ်ချရမှုကိုလည်း ဖန်တီးပေးရန်၊ ဆင်ဆာတည်းဖြတ်မှု လျော့ပါးလာသည့်နောက် မဆင်မခြင် ရေးသားမှုများကို စောင့်ကြည့် အရေးယူရန်နှင့် မိမိရေးသားသည့်အပေါ်တာဝန်ယူစေရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။

ထို့အပြင် အမေရိကန်သံရုံး၏ လူထုအကူအညီပေးရေး လက်ထောက်အရာရှိ Michael D. Quinlan က အမေရိကန်နိုင်ငံတွင်လည်း ၁၉၇၀ အစောပိုင်း နှစ်များအထိ ရုပ်ရှင်ဆင်ဆာစနစ် ကျင့်သုံးခဲ့ကြောင်း၊ သို့ရာတွင် ၁၉၇၀ နှောင်းပိုင်းနှစ်များတွင် ၄င်းအားဖျက်သိမ်း၍ လမ်းညွှန်မှုနှင့် ကန့်သတ်ချက် အချို့သာ ထားရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး၎င်းက ဆင်ဆာတည်းဖြတ်မည့်အစား တာဝန်ယူမှု မရှိသူများအား တရားစွဲဆိုသည့် နည်းလမ်းကိုသာ ကျင့်သုံးသင့်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

"လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဥပဒေကနေ သတ်မှတ်ပေးရမယ်။ ဒါပေမယ့် တရားစီရင်ရေး မဏ္ဍိုင်က ပြန်လည်စောင့်ကြည့် ထိန်းသိမ်းပေးရမယ်။ ဥပမာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်နိုင်တဲ့ ရေးသားပြောဆိုမှုမျိုးတွေ၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုတွေ၊ အသရေဖျက်မှုတွေဆိုရင် လက်ခံလို့ မဖြစ်ပါဘူး" ဟု Michael D. Quinlan ကပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell ကပင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တာဝန်သိသော သတင်းမီဒီယာများ ပေါ်ထွက်ရန် လိုအပ်ကြောင်း ပြောသည်။

"ကိုယ့်ရဲ့အမြင်ကို ထုတ်ဖော်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အချို့က ပန်းချီနဲ့ ဖော်ပြတယ်။ အချို့က ကာတွန်းနဲ့ ဖော်ပြတယ်။ အချို့က စာရေးသားပြီး ဖော်ပြကြတယ်။ ဒီလိုဖော်ထုတ်ခွင့်တွေ မပျောက်ပျက်အောင် ကာကွယ်ရပါမယ်။ မြန်မာနိုင်ငံဟာ မိမိကိုယ်ပိုင် အမြင်ကို ဖော်ပြနိုင်တဲ့ ခေတ်သစ်တစ်ခုကို ရောက်ရှိလို့ နေပါပြီ။ ဒါဟာ ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုပါပဲ" ဟု ၎င်းကပြောသည်။

ဆွေးနွေးပွဲသို့ စိတ်ဝင်စားသူ ကျောင်းသားဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ လူငယ်များမှ လူမှုကွန်ရက်များတွင် မဆင်မခြင် ရေးသားမှုများ၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်း ဖြစ်စေရန် ရေးသားမှုများနှင့် ပတ်သက်၍ ဆွေးနွေးချက်များအား ပင်တိုင်ဆွေးနွေးသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

လူမှုကွန်ရက်များနှင့် ပတ်သက်၍ Derek Mitchell က "အင်တာနက်ပေါ်မှာ ကိုယ်ရေးအချက်အလက် အမှန်မဟုတ်ဘဲနဲ့ လိမ်လည်သုံးစွဲသူတွေဟာ တာဝန်ယူမှု ကင်းမဲ့ပြီး ပြဿနာတွေ ကြီးထွားအောင် လှုံ့ဆော်တတ်ကြတယ်။ အစိုးရအနေနဲ့ ဒီလိုလှုံ့ဆော်တဲ့ သူတွေကို အရေးယူဖို့ လိုအပ်တယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခနှင့် မိတ္ထီလာ ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဘာသာနှစ်ခုအကြား လှုံ့ဆော်မှုများ ရှိခဲ့ပြီး အဆိုပါ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားကာ အသက်ပေါင်းများစွာ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုသို့ လှုံ့ဆော်မှုများထဲတွင် BBC၊VOA၊RFA၊DVB၊ဧရာဝတီနှင့်ELEVEN MEDIA GROUPတို့ ပါဝင်နေကြောင်း သိရသည်။
FROM-ELEVEN MEDIA GROUP

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်