သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday, 21 May 2013

အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲတွင် ယူဒိုယိုနို အနိုင် ရရှိခဲ့ခြင်း အကြောင်းရင်း (၅) ချက်


 ယခု ဆောင်းပါးကို www.facebook.com/pofpage မှ တင်ပြပေး လိုက်ပါသည်။

မူရင်း ဆောင်းပါးအား
http://www.photayokeking.org/policylaw/armyreform/1163-5-reasons-yodhoyono-win-the-election တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

ဆောင်းပါးရှင်- အာကာ

ဇူလိုင်လ (၈) ရက်နေ့၌ ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ ဒေါက်တာယူဒိုယိုနို အနိုင်ရရှိခဲ့ခြင်း၏ အကြောင်းရင်း (၅)ချက်မှာ အောက်ပါအတိုင်းဖြစ်သည်ဟု သတင်းသမားတစ်ဦးက သုံးသပ်သည်-


မဲဆွယ်စည်းရုံးမှု ထိရောက်ခြင်း။

ရွေးကောက်ပွဲမတိုင်မီ လပေါင်းများစွာတွင် သမ္မတယူဒိုယိုနိုသည် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကို ထေမိရေး၊ အသေးစားစီးပွားရေး လုပ်ငန်းငယ်များအတွက် ဘဏ္ဍငွေကြေး ထောက်ပံ့ရေး၊ ကျေးလက်ဒေသနေ ပြည်သူများအတွက် ဖြည့်ဆည်းမှုအစီအမံများ ဖေါ်ဆောင်ရေးနှင့် အခမဲ့ ပညာသင်ကြားရေးတို့အတွက် ငွေကြေးထောက်ပံ့မှု ပြုလုပ်ခဲ့ခြင်းဖြင့် သူ့ကိုယ်သူ စင်ပေါ်ရောက်အောင် ပြုလုပ်နိုင်ခဲ့သည်။ ကြီးမားသော အကျိုးသက်ရောက်မှု ရှိနိုင်ရေးအတွက်လည်း အဆိုပါ လူကြိုက်များသော အစီအစဉ်များအရ ၎င်း၏ အုပ်ချုပ်ရေးက ပြည်သူလူထုကို မည်သို့မည်ပုံ စောင့်ရှောက်ပျိုးထောင်ပေးနေပုံကို မီဒီယာများတွင် ကြိမ်ဖန် များစွာ ထုတ်လွှင့်ပြသ အသုံးချခဲ့သည်။

မဲဆွယ်စည်းရုံးရေးအဖွဲ့ စုဖွဲ့နိုင်ခြင်း

ဒေါက်တာယူဒိုယိုနိုသည် ပြီးခဲ့သည့် ဧပြီလ ပါလီမန်ရွေးကောက်ပွဲတွင် ၎င်း၏ ဒီမိုကရက်တစ်ပါတီ အောင်ပွဲ ခံနိုင်စေန် အဓိက လှုပ်ရှားခဲ့သည့် မဲဆွယ်စည်းရုံးရေး ယန္တရားကိုပင် ပိုမိုချောမွေ့စွာ လည်ပတ်ခြင်းဖြင့် သမ္မတရွေးကောက်ပွဲ၌လည်း ထပ်မံအသုံးပြုခဲ့သည်။ ၎င်း၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် စည်းကမ်း စနစ်ကျနပြီး နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ်များလည်း ပါဝင်သည်။ ၎င်းတို့က ယူဒိုယိုနိုပေးပို့လိုသည့် သတင်း စကားများကို ပြန်ကြားပေးနိုင်ခဲ့သည်။ မဲဆွယ်စည်းရုံးရေးအဖွဲ့၏ လုပ်ငန်းများကို အရပ်ဘက်အဖွဲ့အစည်း၏ လှုပ်ရှားမှုများကလည်း အားဖြည့်ပေးနိုင်ခဲ့သည်။ ၎င်းနှစ်ဖွဲ့ ပူးပေါင်းမဲဆွယ်မှုသည် ပမာဏကြီးမားသော်လည်း သတင်းမီဒီယာနှင့် လူထုလှုပ်ရှားမှုများမှ တစ်ဆင့် နိုင်ငံတစ်ဝန်းလုံးသို့ မူဝါဒဆိုင်ရာ သတင်းစကားများကို ထိရောက်စွာ ပျံနှံ့ရောက်ရှိစေခဲ့သည်။

ပထမသက်တမ်းမှတ်တမ်းကောင်းခြင်း

ဒေါက်တာယူဒိုယိုနို၏ ပထမသမ္မတ သက်တမ်းကာလ ၂၀၀၅ ခုနှစ်တွင် ၎င်း၏ အစိုးရအဖွဲ့သည် အာချေး ပြည်နယ်မှ ခွဲထွက်ရေး သူပုန်များနှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ အောင်မြင်ခြင်းဖြင့် နှစ် ၃၀ တိုင်တိုင် သွေးချောင်းစီးခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့သည်။ ဤဖြစ်ရပ်ကို နိုင်ငံတကာကလည်း ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံခဲ့ကြသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများကို ဖြိုခွင်းနိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်နှင့် ၂၀၀၅ ခုနှစ် ဘာလီအသေခံ ဗုံးခွဲမှုအပါအ၀င် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ဂျီးမာအစ္စလာမ်မစ် စစ်သွေးကြွအုပ်စု၏ လုပ်ရပ်များကိုလည်း ဖေါ်ထုတ် နှိမ်နင်းနိုင်ခဲ့သည်။ ၎င်း၏အစိုးရအဖွဲ့သည် အကျင့်ပျက် အဂတိလိုက်စားမှု အမြစ်တွယ် လာနေခြင်းကို တိုက်ဖျက်ရာ၌လည်း အောင်မြင်မှုများ ရရှိခဲ့သည်။ အဆိုပါ အကျင့်ပျက် အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်နေသည့် ၎င်း (သမ္မတ) ၏ သားဖြစ်သူ၏ ယောက္ခမအပါအ၀င် လူသိများထင်ရှားသည့် ပုဂ္ဂိုလ်အများအပြားကို အရေးယူနိုင်ခဲ့သည်။ ၎င်း၏ ပထမသက်တမ်းအတွင်း တိုင်းပြည်၏ စီးပွားရေးတည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

တာဝန်ထမ်းဆောင်နိုင်မှု စွမ်းရည်ရှိခြင်း

ဒေါက်တာယူဒိုယိုနို၏ ပြိုင်ဘက် သမ္မတလောင်း၊ ဒုတိယ သမ္မတလောင်းများတွင် လူသစ်မျက်နှာသစ်ဟူ၍ မပါဝင်ပေ။ မိစ်မီဂါဝါပါတီနှင့် ဒုတိယသမ္မတလောင်း ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တို၊ မစ္စတာ ယူဆွတ် ကယ်လာနှင့် ယခင်စစ် ဦးစီးချုပ်ဟောင်း ၀ီရန်တိုတို့ အားလုံးမှာ လူဟောင်းချည်းလိုလို ဖြစ်နေကြသည်။ အတိုက်အခံ အင်ဒိုနီးရှား ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ (PDI-P) ခေါင်းဆောင် မိစ်မီဂါဝါတီဆိုလျှင် ၎င်း၏ ၂၀၀၁-၂၀၀၄ သမ္မတသက်တမ်းကာလအတွင်း စွမ်းဆောင်မှုအား လျော့ခဲ့ခြင်းကြောင့် လူကြိုက်နည်းခဲ့သည်။ မစ္စတာယူဆွတ်ကယ်လာ ဆိုလျှင်လည်း ဒုတိယသမ္မတအဖြစ်သာ သင့်တော်ကောင်းမွန်သည်ဆိုသည့် လူထု အမြင်ကို ပြောင်းလဲအောင်လုပ်ရန် မဖြစ်မြောက်ခဲ့ပေ။ ထို့အပြင် ၎င်းသည် ဂိုလ်ကာပါတီ ခေါင်းဆောင်အဖြစ် သူ့ပါတီ၏ တစ်ခဲနက် ထောက်ခံမှုကိုပင် မရရှိခဲ့ချေ။

ပုံရိပ်၏ အကျိုးသက်ရောက်ခြင်း

သမ္မတယူဒိုယိုနိုသည် သူ့ပြည်သူလူထု၏ ချစ်ခင်လေးစားမှုကို ခံယူရရှိသည့် ဖခင်တစ်ဦး၏ ပုံရိပ်နှင့် ဟပ်မိနေသည်။ ရံဖန်ရံခါတွင် “စဉ်းစားတွေးခေါ်နေသော ဗိုလ်ချုပ်ကြီး” ဟု အမည်ပေးခံရသည့် ယူဒိုယိုနိုသည် သမ္မတဆူဟာတို၏ ရှည်ကြာခဲ့သည့် လက်ထက်တွင် ရာထူးအဆင့်ဆင့်ကို တိုးမြှင့်ရရှိခဲ့သူဖြစ်သည်။ အကျင့်ပျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်သမာဓိ မြင့်မားခိုင်မာပြီး စိတ်ရေးကိုယ်ပါ နစ်မြှပ်ထားသူ အဖြစ် သူ့ကိုယ်သူ ပျိုးထောင်နိုင်ခဲ့သည်။ အိမ်ထောင်ရှင်ဖြစ်ပြီး သားနှစ်ယောက်ရှိသည်။ ဂီတ၀ါသနာထုံပြီး သူ၏ ကိုယ်ပိုင်အချစ်သီချင်းများဖြင့် အယ်လ်ဘမ်များစွာ သီဆိုထုတ်လွှင့်ခဲ့သည်။ အချို့သီချင်းများကို အင်ဒိုနီးရှား လူငယ်ဂီတအဖွဲ့များက ယခုအခါ သီဆိုတီးမှုတ်လျက်ရှိသည်။ သူ၏ ကိုယ်ပိုင် ၀က်ဆိုဒ်တွင် ၎င်း၏ သီချင်းများသည် “သမ္မတကဲ့သို့လည်းကောင်း၊ သာမန်လူအဖြစ်နှင့်လည်းကောင်း ခံစားစဉ်စားမှုများကို ဖော်ပြခြင်း” ဟု ရေးသား လွှင့်တင်ထားသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်