သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 15 June 2013

မလေးရှားရောက်မြန်မာများဖေ့စ်ဘုတ်ပေါ်မှရင်ဖွင့် အော်သံ


 

“KL ကပေးစာ လေးတစ်စောင်”

မလေးရှားနိုင်ငံရောက် မြန်မာများရဲ့ လူမှုရေးကိစ္စကို ဦးဆောင်ဦးရွက်ပြုနေသူ မိတ်ဆွေတစ်ဦးက ဒီနေ့ ကျွန်တော့်ထံကို Mail တစ်စောင် ပေးပို့လာပါသည်။ သူတို့မစွမ်းနိုင်တဲ့ ကူညီဖြေရှင်းပေးစရာကိစ္စမျိုး အကူအညီ လှမ်းတောင်းကြတာပါ။
ကျွန်တော်ကတော့ Policy ပိုင်းတွေပါလာတာမို့ နေပြည်တော်က လူကြီးများကို ဒီကိစ္စ တင်ပြပေးမှာ ဖြစ်ကြောင်း၊

 
လုပ်ငန်းရှင်မိတ်ဆွေများကိုလည်း အသိပေးမည့်အကြောင်း ပြန်ကြားခဲ့ပါသည်။ အထူးသဖြင့် ဤကိစ္စများ တာဝန်ခံဆောင်ရွက်ပေးနေသူ အစ်ကိုကြီး ဇင်ယော် သိအောင် ပေးပို့မည့်အကြောင်းနှင့် ကူညီလို သူတွေသိအောင် မနက်ဖြန်ထွက်မယ့် ဂျာနယ်တစ်စောင်မှာလည်း တည်းဖြတ်ထည့်သွင်းပေးသွားမည့် အကြောင်း ပြန်ကြားပေးခဲ့ပါတယ်။ ခုတ်ရာနဲ့ ထိရာ မလွဲချော်ဖို့ အရေးကြီးလှတဲ့ ဒီကာလမှာ သူတို့ရဲ့ တကယ့်မြေပြင်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခံစားချက်လေး တွေကတော့ စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။
ဖတ်ကြည့်ပေးကြပါဦး…………..။


“ မလေးရှားနိုင်ငံ ကွာလာလမ်ပူ သာရေး၊ နာရေး၊ လူမှုရေးအဖွဲ့မှ
(၁၅-၆-၂၀၁၃) ရက်တွင် ပေးပို့လာသော Mail ”
သို့
သက်ဆိုင်ရာအစိုးရလူကြီးမင်းများ
မလေးရှားရောက် မြန်မာများအရေးဆောင်ရွက်နေသော ပုဂ္ဂိုလ်အဖွဲ့အစည်းများ
မြန်မာနိုင်ငံမှ စေတနာရှင်စီးပွားရေးလုပ်ငန်းရှင်ကြီးများခင်ဗျား . . .
ယနေ့ မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာနိုင်ငံသားအားလုံးလိုလို အိမ်ပြန်ချင်နေကြပါပြီ ခင်ဗျား။ ပြန်ရန်လည်း အများစုဆောင်ရွက်နေကြပါပြီ။ ထို့အတွက် အခမဲ့လေယာဉ် လက်မှတ်များ ထုတ်ပေးနေသည့် ကူညီမှုများလည်း KL တွင် ရှိနေပြီ ဖြစ်ပါသည်။ ဒီနေ့တင် MAI နဲ့ လူ (၁၇၀) ပြန်သွားကြပါပြီ။
သို့သော်ယနေ့ပြန်လိုသူအားလုံး ရင်ဆိုင်နေရသော အခက်အခဲတစ်ချို့ရှိနေရာ အားလုံးသိစေချင် ပါသည်။ မြန်မာနိုင်ငံသားများ ပြန်ရန်လုပ်ဆောင်ရသည့် လုပ်ဆောင်ချက် (၂) ချက် ရှိပါသည် ။
(က) ပတ်စ်ပို့စာအုပ်ရှိသည့်သူများမှာ မလေးရှားလဝကသို့ သွားရောက်ကာ အထူးပြည်ပ ထွက်ခွာ ခွင့် (Special Pass) ရအောင် ဒဏ်ငွေ ရင်းဂစ် (400) သွားရောက် ပေးဆောင်ရပါသည်။ Special Pass ရမှသာ မလေးရှားမှ တရားဝင်ထွက်ခွာခွင့် ပေးမှာဖြစ်ပါသည်။
(ခ) ပတ်စ်ပို့မရှိသူ မြန်မာများမှာ မလေးရှားနိုင်ငံ မြန်မာသံရုံးသို့သွား၍ နိုင်ငံသားအသိအမှတ် ပြုလွှာ (CI ) လျှောက်ရပါသည်။ အဲဒါရမှ မလေးရှားလဝကမှ ထွက်ခွင့်ပေးပါသည်။
ထိုသို့ မြန်မာနိုင်ငံသံရုံးမှ CI ရရှိပြီးပါက အထက်ပါအတိုင်း မလေးရှားနိုင်ငံလဝကသို့ စာအုပ်ရှိပြီး သူများ အတိုင်း Special Pass သွားရောက် လျှောက်ထားကြရပါသည်။ ထိုသို့ Special Pass လျှောက်ထား သည့်နေရာတွင် ကြာမြင့်ချိန် ယခင်တစ်လမှ ယခု သုံးလသို့ပြောင်းရွေ့ချိန်းဆိုနေပါသည်။ အမှန်တကယ် မနေလိုဘဲ ပြန်လိုသည့်သူများမှာ မလေးရှားနိုင်ငံလဝကမှ ချိန်းဆိုသည့်အတိုင်းဆိုပါက စက်တင်ဘာလ လကုန် ထက်စောပြီး ပြန်ရန် မဖြစ်နိုင်တော့ပါ ။ မြန်မာသံရုံးမှ အမြန်ရအောင်ကူညီမည်ဟု ပြောဆိုသံကြားရသော်လည်း ယနေ့အထိ ဖြစ်မလာသေးပါ။
ထိုမျှသာမက မြန်မာသံရုံး ရုံးခန်းပြင်ပ သံရုံးခြံစည်းရိုးဝင်းတွင်ပင်ထိုင်ကာ ပွဲစားများကတော့ မလေး ရင်းဂစ် ငွေ (၁၅၀၀) တောင်းယူကာ ပြန်ပို့နိုင်နေကြပါတယ် ။ ကျွန်တော့်တို့ရဲ့ ကူညီတဲ့အသင်းက လွှတ်တဲ့သူတွေကို နောက်ထားပြီး ပွဲစားကတစ်ဆင့် သံရုံး TAM ထံဝင်တဲ့သူကိုဘဲ ဦးစားပေး လက်ခံပေး နေပါတယ်။ မလေးရှားနိုင်ငံ မြန်မာသံရုံးတွင်းမှာပင် သံရုံးမှခွင့်ပြုထားသော ဈေးဆိုင် ၊ မိတ္တူဆိုင်များဖြင့် ပြောင်ပြောင်တင်းတင်း ယခုသို့ ဖြစ်ပျက်နေသည်မှာ ကျွန်တော်တို့ ယူကြုံးမရ ဖြစ်နေကြရပါသည် ခင်ဗျား ။ ၄င်းအပြင် မလေးရှားလုပ်ငန်းရှင်များသည် ၄င်းတို့အဓိကအားထားရာ မြန်မာလုပ်သားများ အမှန်တကယ်ထွက်ခွာ သွားကြမည်ကို မလိုလားကြပါ။ ထွက်မသွားနိုင်ရန်အတွက် တကယ့်အလုပ်သမား စစ်စစ်တွေကို မပြန်နိုင်အောင် သူတို့ညစ်နေပြီ။ မလေးသူဌေး တော်တော်များများက အခုမြန်မာအလုပ်သမားကို ညစ်ထားပြီး ရင်းဂစ် (၂၈၀၀) ကနေ (၃၅၀၀) အထိ တောင်းနေတယ်၊ အဲ့ဒါရမှ သူတို့ သိမ်းထားတဲ့ပါပစ်ပြန်ပေးပြီး ပြန်ခွင့်ပြုမယ်ပြောနေတယ်။ မြန်မာတွေမှာ လျော်စရာငွေမရှိပါ။
ကျွန်တော်တို့နိုင်သည့်ဝန်ကို မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် အခမဲ့ထမ်းဆောင်ကူညီပေး နေသော်ငြား မြန်မာနိုင်ငံသံရုံးသို့ CI လျှောက်ရန် စေလွတ်သောအခါ ယခုသို့ပွဲစားထံ လက်လွဲနေသည်မှာ ရုပ်ဆိုး ကျည်းတန် လှပါသည်။ မလေးရှားနိုင်ငံ မြန်မာသံရုံးဝင်းအတွင်းမှာပင် ဖြစ်ပျက်နေသည့် ယခုလိုအခက်ခဲများကို ပြတ်သားစွာ ဆောင်ရွက်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ။
(သို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အကူညီများလိုနေချိန် အမိမြေသို့ပြန်နိုင်စေဖို့ အစိုးရ ချင်းရော ကူညီပေးမည့် ကြားခံအဖွဲ့ရော ညှိနှိုင်းအဖြေရှာပေးကြပါရန် မေတ္တာရပ်ခံတင်ပြ ကြရပါသည်ခင်ဗျား x x x x မလေးမှာ ယခုဖြစ်နေသော အဖြစ်တွေသည် ရခိုင်ပြည်နယ်ဖြစ်စဉ်များအပြီး ဆက်စပ်ဖြစ်ပေါ်လာခြင်း ဖြစ်နေပါသည်။ ပြည်ပနိုင်ငံများရှိ မြန်မာအလုပ်သမားများ ဆက်လက်အတိုက်အခိုက်ခံလာရနိုင်ပါသည် x x x x မလေးရှားတွင် ယခုတိုက်ခိုက်သတ်ဖြတ်မှုများမှာ မြန်မာနိုင်ငံအတွင်းမှ ယခုနောက်ပိုင်းမှ ရောက်ရှိလာ ကြသူ အစွန်းရောက်အချို့၏ လုပ်ရပ်များပါဝင်နေပါသည်။)
အကြမ်းဖက်သတ်ဖြတ်မှုတွေရဲ့နောက်မှာ စနစ်တကျကြိုးကိုင်နေသူတွေ ရှိနေသည်ကိုလည်း ကျန်ခဲ့မည့် မြန်မာများ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားစေလိုပါသည်
အမှားပါရင် ခွင့်လွှတ်ပါဟု တောင်းပန်အပ်ပါသည်…။
မလေးရှားရောက် မြန်မာများ၏ ကိစ္စအဝဝတွင် ကိုယ်ရောစိတ်ပါ ဝိုင်းဝန်းကူညီခဲ့သူ လူကြီးမင်းနှင့်တကွ မြန်မာနိုင်ငံသားအားလုံးအား အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျား...။


x x x x x x x x x x x x x x x မောင်မောင် (ရန်ကုန်တက္ကသိုလ်)
— with Thura U Aung Ko, Aung Khant, Ye Htut, Hmuu Zaw, U Ko Ko and Nang Calyar Win

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်