သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 18 June 2013

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်(ဖာတန်း)မာဆက်ဆိုင်ရှေ့တွင် လမ်းသွားလမ်းလာများအား ရန်ရှာရာမှ အုပ်စုဖွဲ့ရိုက်ပွဲဖြစ်

တစ်ကယ်တော့ KTV မာဆတ်ဆိုတာလိုင်စင်ရဖာတန်းပါပဲ
 
မြန်မာပြည်မှ KTV မာဆတ်ခေါ် ဖာတန်းတစ်ခု

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်သို့ လာရောက်သောက်စားသော လူအုပ်စုတစ်စုမှ (၁၆.၆.၂၀၁၃)နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အရက်အလွန်အကျွံမူးအောင် သောက်ကြပြီးနောက် 


ဆိုင်ရှေ့သို့ထွက်ကာ လမ်းပေါ်တွင်သွားလာနေသော ဆိုင်ကယ်စီးသူများအား တားဆီးနှောင့်ယှက်ရာမှတစ်ဆင့် လူငယ်အုပ်စု တစ်စုနှင့်တွေ့ကာ အပြန်အလှန် ရိုက်နှက်ကြရာမှ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

"ဒါများ အဆန်းလုပ်ပြီး ဖုန်းဆက်ပြီးမေးနေရသေးတယ်၊ အဲဒီ ကေတီဗွီမာဆက်နားမှာ အဲဒီလိုရိုက်မှုတွေ၊ ဆိုင်ကယ်အက်စီးဒင့်တွေက ခဏခဏ ဖြစ်နေတာပဲ။ ဆိုင်မှာ လာသောက်စားကြ၊ ပြီးရင် လမ်းသွားလမ်းတွေပါ မချန် ပြဿနာလိုက်ရှာတာ ရန်တွေဖြစ်တာက ရိုးနေပါပြီ။ ဒါ ရပ်ကွက်ထဲမှာ ကေတီဗွီ၊မာဆက်တွေ ဖွင့်ခွင့်ပေးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ" ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

"အဆောင်က ကျောင်းသားတွေဆိုရင် အဲဒီကို ခဏခဏသွားကြတယ်၊ အိမ်ကပို့သမျှ ပိုက်ဆံလည်း အဲဒီ ကေတီဗွီသွားတာနဲ့ ကုန်ကြတာပဲ၊ အဲဒီတက္ကသိုလ်နားလေးကဆိုင်က မာဆက်လည်း ရတယ်။အဆောင်လခတောင် ပုံမှန်မပေးနိုင်ဘူး" ဟု ကွန်ပျူတာတက္ကသိုလ်အနီးတွင် ယောကျာ်းလေးဆောင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။

"အရင်တုန်းက ဒီကွန်ပျူတာတက္ကသိုလ်နားမှာ အရက်ဆိုင်လေးတွေရှိတယ်၊ အဲဒါ ကျောင်းဧရိယာနဲ့မလွတ်လို့ဆိုပြီး သက်ဆိုင်ရာက ဖယ်ခိုင်းတယ်၊ ဒါမျိုးကြီး ကျောင်းနားမှာ ဟိန်းထနေအောင် ဖွင့်ထားပြီး အရက်ဘီယာတောင်မကဘူး အထဲမှာမိန်းမပေါင်းများစွာ ရှိနေတဲ့ဆိုင်မျိုးကိုကျ မသိသလိုလုပ်နေတယ်၊ ဒါတောင် ဒီရပ်ကွက်က ၀န်ကြီးချုပ်နေတဲ့ရပ်ကွက်၊ လွှတ်တော်ရှိတဲ့ရပ်ကွက်ဆိုပဲ" ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

အဆိုပါ မြို့သစ်ရပ်ကွက်အပြင် မုံရွာမြို့အနှံ့ ကေတီဗွီ၊ မာဆက်အတော်များများကို ဖွင့်လှစ်ထားကာ သူ၏ နောက်ကွယ်တွင် အနောက်မြောက်တိုင်း စစ်ဌာချုပ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးက ကျောထောက်နောက်ခံ ပြုထားကြောင်း၊ အခြား ရှယ်ယာဝင်များလည်း ပါဝင်ကြောင်း သူနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။

မြို့သစ်ရပ်ကွက်နှင့် အခြား မုံရွာမြို့အနှံ့တွင်ရှိသော အခြား ကေတီဗွီ၊မာဆက်များမှာလည်း ဗိုလ်မှူး၊ ဗိုလ်ကြီးစသည်ဖြင့် ဗိုလ်များနှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြောင်း၊ အချို့မှာလည်း အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီမိုကရေစီပြယုဂ်ဖြစ်သော လွှတ်တော်ကြီး တည်ရှိရာ မြို့သစ်ရပ်ကွက်သည် ဖာရပ်ကွက်ကဲ့သို့ ဖြစ်နေကြောင်း၊ ရပ်ကွက်သူရပ်ကွက်သားများမှာလည်း ညည်းတွားအပြစ်တင်လျက်ရှိကြကြောင်းကိုလည်း သိရသည်။

ကေတီဗွီ၊ မာဆက်ဖွင့်ပြီး စီးပွားရေးသမားများ၏ အကွက်ရှာ ငွေကြေးရှာဖွေမှုများကို ခွင့်ပြုထားသောကြောင့် တက္ကသိုလ်ကျောင်းသားများ၏ ပညာရေး စိတ်မ၀င်စားနိုင်တော့သော အခြေအနေ၊ ၊ ရပ်ကွက်နေ မိကောင်းဖခင်သမီးများ ညပိုင်းအပြင်မထွက်ရဲသောအဖြစ်၊ လမ်းတွင် ဆိုင်ကယ်မောင်းရင်းဖြင့် ကိုယ့်အား အမူးသမားများက တားဆီးပြီး ပြဿနာရှာ ရန်လုပ်မည်ကို စိုးရိမ်နေရသောအဖြစ် စသည်ဖြင့် စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်များစွာသည် ရပ်ကွက်အတွင်းတွင် ရိုးသားအေးဆေးနေထိုင်ကြသော ပြည်သူလူထုများထံသို့ စိမ့်ဝင်ရောက်ရှိနေသည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကေတီဗွီ၊မာဆက်သွားရမှတစ်ဆင့် ထိတွေ့သာယာမှုများကြောင့် စွဲလမ်းသွားသည့် ယောကျာ်းဖြစ်သူကြောင့် ဒူးနှင့်မျက်ရည်သုတ်နေရသော အိမ်မှာကျန်ခဲ့သည့် မယားကြီးများ၊ ဖခင်၏ အငွေ့အသက်ကို မရရှိသည်မှာ ကြာပြီဖြစ်ကြသော ကလေးငယ်လေးများ၊ ပျောက်ဆုံးသွားသော မိသားစု ညစာများ၊ မှိုင်းမိရာမှတစ်ဆင့် ညတင်မက နေ့ခင်းပိုင်းတွေထိပါ လာရောက်စားသောက် ပျော်ပါးရာမှတစ်ဆင့် လူမှုရေး၊စီးပွားရေး ချွတ်ခြုံကျသွားကြသူများ၊ ငါ့မှာလည်း ပိုက်ဆံရှိတဲ့တစ်နေ့ ဒါမျိုးသွားပြီး ကဲလိုက်ဦးမယ်ဟု တေးမှတ်ထားသော အခြေခံလူတန်းစားများ၊ ထိုနေရာမှာ ပျော်ပါးနေသူများမှာ ငွေရေးကြေးရေး များစွာအဆင်ပြေနေသောကြောင့် လာရောက်သည်ကို သတိမထားမိဘဲ မိမိ၏လစာငွေလေးကို တစ်ညတည်းဖြင့် ကုန်အောင် ဖြုန်းမိရှာသော အတုခိုးမှား အပျော်ရှာမိသည့် လခစားလေးများ၊
စူးစမ်းချင်စိတ်အရှိဆုံး အတုမြင်အတတ်သင်လွယ်သည့် ဆယ်ကျော်သက်ကလေးမလေးများ၏ မြင်ကွင်းတွင် မြင်တွေ့နေရသည်မှာ ဆံပင်နီများဆိုးထားသော၊ မိတ်ကပ်ဖွေးနေအောင် လိမ်းထားသော၊ အ၀တ်အစား အကောင်းစားများအား ဖက်ရှင်ကျကျ ၀တ်စားထားကာ ငါးထောင်တန်အုပ်လိုက် ကိုင်သုံးနေသော မော်ဒယ်မြင့်ဖုန်းများ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်လေးများ အုပ်စုလိုက် ရယ်ကာမောကာ ရှော့ပင်းထွက်နေကြသည့် မြင်ကွင်းသည် အဆိုပါကလေးများ၏ အတုယူစရာ ဖြစ်သွားမည်ဆိုပါက မုံရွာမြို့၏ အနာဂတ်ဆိုသည်မှာ ရင်လေးဖွယ်ရာပင် ဖြစ်တော့သည်။

တက္ကသိုလ်များစွာရှိသော မုံရွာမြို့သို့ လွှတ်ကာ မိမိ၏ သားသမီးကို တက္ကသိုလ်တက်ခိုင်းရမည့် မိဘများအတွက်ဆိုလည်း မုံရွာမြို့သည် ကေတီဗွီ၊ မာဆက် ပေါများရာမြို့၊ ရိုက်ပွဲနှက်ပွဲများ ခဏခဏဖြစ်ရာမြို့၊ ဆိုင်ကယ်အက်စီးဒင့် ခဏခဏဖြစ်ရာမြို့ ဖြစ်နေသည် ဖြစ်တော့ရာ မိမိ၏ သားသမီးအား မုံရွာသို့ ပညာသင်စေလွှတ်ရမည့် အခြားမြို့ရွာမှ မိဘများအတွက်မူ အတော်ပင် ရင်လေးဖွယ်ရာ ဖြစ်ပေတော့သည်။

 ThanLarWaddy Times
 http://www.myanmardailynews.org

1 comment:

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်