သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 25 April 2013

၃၃-ဖောက်ပြန်ရာသီဥတု နှင့် ရင်ဆိုင်နေရသော သောက်သုံးရေအခက်အခဲ

water

မြန်မာနိုင်ငံတွင် သောက်သုံးရေ ရှားပါးမှုပြဿနာက တစ်နှစ်ထက်တစ် နှစ် တိုး၍တိုး၍ ဆိုးဝါးလာသည်။ လူသား တစ်ရပ်လုံးသာမက တိရစ္ဆာန်များ၊ ကောက်ပဲသီးနှံများ၊ သစ်ပင်ပန်းမာန်များ အတွက်ပါ ဘေးဒုက္ခဆိုးအဖြစ် စိန်ခေါ် မှုကြီးဖြစ်ပေါ်လာသည်။ ရှေးယခင်က အပူပိုင်းဒေသတွင်းသာဖြစ်ပေါ်လေ့ရှိ သော နွေအခါ သောက်သုံးရေ ရှားပါး မှုသည် ယခုအခါ နိုင်ငံအ၀ှမ်း ကြုံတွေ့ နေရပြီးဖြစ်သည်။
မိုးတွင်းကာလ မိုးရွာသွန်းမှုကို အခြေခံသည့် မြစ်ချောင်းအင်းအိုင်များမှာ


မိုးရွာသွန်းမှု လျော့နည်းလာခြင်းကြောင့် ရေကို ပြည့်ပြည့်၀၀ လက်ခံမှုမရှိကြပေ။ ဆရာကြီး ဦးထွန်းလွင်နှင့်တကွ မိုးလေ ၀သပညာရှင်များ၏ ရာသီဥတုမှတ်တမ်း များကို လေ့လာသည့်အခါ ““၁၉၈၀ ပြည့် နှစ်ဝန်းကျင်ကာလများမှစပြီး မြန်မာနိုင်ငံ ကို မုတ်သုံဝင်တာ တဖြည်းဖြည်းနောက် ကျလာတယ်။ မုတ်သုံပြန်လည်ထွက်ခွာ တာစောလာတယ်။ ဒါကြောင့် မုတ်သုံ ရာသီ တိုတောင်းသွားတယ်။ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မုတ် သုံမုန်တိုင်းတွေလည်း လျော့နည်းသွား ကြောင်း””ပညာရှင်များက လေ့လာတွေ့ ရှိသည်။
မြန်မာနိုင်ငံအတွင်း မုတ်သုံလေ စတင်ဝင်ရောက်မှုကို ပျှမ်းမျှမေလ(၁၅) ရက်ဟု သတ်မှတ်ပြီး မုတ်သုံလေ ဆုတ် ခွာရက်ကို အောက်တိုဘာလ (၁၅)ရက် ဟု သတ်မှတ်ခြင်းကြောင့် မိုးကာလကို (၁၄၅)ရက် အကြမ်းသတ်မှတ်ထားကြ သည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်ကာလမှစ၍ မုတ်သုံလေစတင်ဝင်ရောက်မှုကို မေလ ကုန်ရက်ပိုင်းသို့ နောက်ဆုတ်သတ်မှတ်၊ မှတ်တမ်းတင်ထားကြပြီး၊ မုတ်သုံလေ စတင်ဆုတ်ခွာရက်ကို စက်တင်ဘာလ (၁၅)ရက်သို့ ရှေ့သို့တိုး မှတ်တမ်းတင်ခဲ့ ကြသည်။ သို့ပါ၍ မိုးတွင်းကာလကို စုစုပေါင်း(၁၀၅)ရက်ခန့်သာရှိတော့သည် မို့ တစ်နှစ်တာ မိုးတွင်းကာလရက်ပေါင်း (၄၀)ခန့် လျော့နည်းသွားလေသည်။
ထိုနည်းတူ မိုးတွင်းကာလ ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံမုန်တိုင်းများ တစ်နှစ်ပျှမ်းမျှ မုန်တိုင်း(၁၀)ကြိမ်ဖြစ်မြဲ မှ နောက်ပိုင်းကာလများတွင် (၆)ကြိမ် မျှသာ မုန်တိုင်းဖြစ်ပေါ်မှုရှိတော့ကြောင်း လေ့လာတွေ့ရှိကြပြန်သည်။ သို့ပါ၍ မုန် တိုင်းလည်း (၄၀)ရာခိုင်နှုန်းခန့် လျော့ နည်းသွားပြန်သည်။ သစ်ထုတ်လုပ်ရေး များ၊ ထင်းမီးသွေးလုပ်ငန်းများကြောင့် မြန်မာနိုင်ငံရှိ သစ်တော၊ သစ်ပင်များ၊ အလွန်အမင်း လျော့နည်းသွားပြီဖြစ် သည်။ အချို့ဒေသတွင် တောင်ကတုံး များအဖြစ်သို့ပင် ရောက်ကြပြီဖြစ်၍ မုတ် သုန်လေဖြင့် ပါလာသော ရေခိုးရေငွေ့ များသည် စိမ်းလန်းစိုပြေသော သစ် တောသစ်ပင်များနှင့် မထိတွေ့နိုင်သော ကြောင့် မိုးရေအဖြစ် ရွာသွန်းမှုလျော့ နည်းခဲ့ရသည်။ ခုတ်လဲခဲ့ပြီးသော သစ်ပင် များကို အစားထိုး၍ ပြန်လည်စိုက်ပျိုးခြင်း မပြုပါက ကန္တာရအဖြစ်သို့ ပြောင်းလဲ သွားတော့မည်ဖြစ်၍ မိုးတွင်းကာလ သက်တမ်းပို၍ တိုသွားတော့မည်။
မိုးတွင်းကာလ မိုးရွာသွန်းမှုကို မှီခို နေသည့် မြစ်ချောင်းအင်းအိုင်တို့သည် တစ်နှစ်ထက်တစ်နှစ် မိုးရေရရှိမှု လျော့ နည်းခြင်းကြောင့် အချိန်မတိုင်မီ ခန်း ခြောက်ကုန်ကြသည်။ မြစ်ကြီးများ၏ အဓိကရေသောက်မြစ်သည် မုတ်သုန်မိုး ပင်ဖြစ်သည်။ မုတ်သုံမိုးနှင့် မုတ်သုံမုန် တိုင်းကို မှီခိုနေရသော မြန်မာနိုင်ငံ၏ မြစ်ကြီးဧရာဝတီ၊ ချင်းတွင်းမြစ်၊ စစ် တောင်းမြစ်နှင့် သံလွင်မြစ်တို့သည် မိုးရေ လက်ခံရရှိမှုနည်းပါးမှုကြောင့် ရေဖြန့် ဝေမှု၊ မြစ်ရေစီးဆင်းမှု လျော့ကျသွားပေ သည်။ ထိုထိုသောမြစ်ကြီး(၄)သွယ်ကို အမှီပြုပြီး ပေါက်ပွားစီးဆင်းနေရသော မြစ်ငယ်၊ ချောင်းငယ်၊ မြောင်းငယ်လေး မှာလည်း အချိန်မတိုင်မီ စောစီးစွာ ခန်း ခြောက်သွားကြရလေသည်။
မြန်မာနိုင်ငံအတွက် သဘာဝကပေး သော လက်ဆောင်မွန်၊ တစ်သက်တာ လုံး ပူပင်စရာမလိုခဲ့ဘူးသော သောက် သုံးရေနှင့်ပတ်သက်၍ ယခုတော့ ပူပင် စရာစိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် ရပ်ဆိုင် နေကြရပြီ။ ၂၀၀၀ ပြည့်နှစ်မှစ၍ ရေဒုက္ခ သည် တစ်နှစ်ထက်တစ်နှစ် တိုး၍တိုး၍ ဆိုးဝါးလာချေပြီ။ အထက်ပိုင်း၊ အောက် ပိုင်း၊ အပူပိုင်းခွဲခြားနေလို့မရတော့။ နိုင်ငံ နှင့်အ၀န်း ကြုံတွေ့နေရသောနွေအခါ သောက်သုံးရေရှားပါးမှု ပူးပေါင်းဖြေရှင်း ကြဖို့ လူသားတိုင်း၏ တာဝန်ဖြစ်လာ သည်။ ယခုနှစ်တွင် အကြောင်းအမျိုးမျိုး ကြောင့် မီးလောင်မှုအကြိမ်မြင့်တက် လာသည်။ ဤသည်ကပင် သောက်သုံး ရေရှားပါးမှု၏ စိန်ခေါ်မှုကို အားပေးနေ သကဲ့သို့ လူသားတိုင်း ရင်ဆိုင်နေကြပေ သည်။
မြန်မာနိုင်ငံတွင် နွေအခါ သောက် သုံးရေခက်ခဲသော အပူပိုင်းဒေသများ တွင် ဆည်တမံများ တည်ဆောက်ခြင်း၊ မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေ တူးဖော်ရေးလုပ်ငန်းများဖြင့် သောက်သုံး ရေအတွက် ဆောင်ရွက်ပေးနေသည်။ ရေရပါသော်လည်း မသန့်ရှင်းသောရေ ကြောင့် ရောဂါပိုးများ ပြန့်ပွား၍ ရောဂါ များဖြစ်ပွားကြရပြန်သည်။ အချို့ကျေး လက်များ သန့်ရှင်းသော သောက်သုံးရေ အတွက် နိုင်ငံတော်က စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် နိုင်ငံတကာအကူအညီဖြင့် ဆောင်ရွက် ရန် ရေရရှိရေးလုပ်ငန်းပေါင်း(၃၆၀၇)ခု ဆောင်ရွက်ရန် လျာထားကြောင်းသိရ သည်။ ရာခိုင်နှုန်းပြည့် ဆောင်ရွက်နိုင် ခြင်းမရှိသေးပေ။ လျာထားခြင်းဆိုသည် မှာ မကြာမီလာမည်မျှော်အဆင့်သာ ရှိ သေးသည်။
ယခုလို ပူပြင်းချောက်သွေ့သော ရာသီဥတုမျိုးတွင် သက်ဆိုင်ရာတိုင်းဒေသ ကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာ နကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးအစီအစဉ်ဖြင့် လည်းကောင်း အစီအစဉ်ဖြင့်လည်း ကောင်း၊ စက်ရေတွင်းများ တူးဖော်ပေး လျက်ရှိသည်။ တစ်ချိန်က နွေအခါ သောက်သုံးရေရှားပါးမှုသည် အပူပိုင်း ဒေသတွင်သာ ခံစားနေကြရသော်လည်း ၂၀၀၀ ပြည့်နှစ်မှစ၍ နောက်ပိုင်းနွေ ကာလများတွင် တစ်နိုင်ငံလုံးနီးပါး ဒေသ စုံခံစားရသောဒုက္ခတစ်ရပ်ဖြစ်လာသည်။
အချို့ဒေသများအတွက် စက်ရေ တွင်းများ တူးဖော်ပေးနေမှုသည် တစ် နိုင်ငံလုံးအတိုင်းအတာနှင့်ကြည့်က ဆိတ် ပါးစပ် နှမ်းပက်အဆင့်သာရှိပြီး သောက် ရေရှားပါးရာအရပ်မှ လူသားများက ရွှေ ကိုမလို ငွေကိုမလို ရေသာလိုပါသည်ဟူ ၍ အော်ဟစ်ညည်းညူတောင်းဆိုနေကြ သည်။ သန့်ရှင်းသော သောက်သုံးရေ အတွက် နိုင်ငံတော်အစိုးရအဖွဲ့ကိုသာ အားကိုးမနေကြဘဲ၊ အလှူဒါနပြုသူများ အနေဖြင့် သောက်သုံးရေလှူဒါန်းမှုပြု ရန် စာရေးသူက မေတ္တာရပ်ခံလိုသည်။
စာရေးသူမျှော်လင့်သကဲ့သို့ ကျေး လက်ရေရရှိရေး ဖောင်ဒေးရှင်းများ တည် ထောင်ပြီး ရေကုသိုလ်အလှူများပြုလာ ကြောင်း ကြားသိခွင့်ရသည်။ လေ့လာမိ သမျှ ၂၀၁၃ ခုနှစ်၊ မတ်လ(၁)ရက်က စတင်ဖွဲ့စည်းတည်ထောင်ပြီး ချက်ချင်း ပင် စတင်အကောင်အထည်ဖော်နေ သည့် “ချမ်းသာကျေးရွာရေရရှိရေးဖောင် ဒေးရှင်း”သို့ သွားရောက်လေ့လာခဲ့သည်။ ချမ်းသာဆောက်လုပ်ရေးက ငွေကျပ်သိန်း ငါးထောင် မတည်၍ ““ချမ်းသာကျေးရွာ ရေရရှိရေးဖောင်ဒေးရှင်း””ကို စတင်တည် ထောင်သည်။ စတင်တည်ထောင်သည့် ၂၀၁၃ ခုနှစ် မတ်လ(၁)ရက်မှာပင် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဉဏ်ဝင်းနှင့် သွားရောက်တွေ့ဆုံပြီး တင်ပြအကူအညီတောင်းခံခဲ့သည်။ တစ် ပြည်လုံးအတိုင်းအတာဖြင့် စတင်ဆောင် ရွက်မည်ဆိုပါက အခက်အခဲများစွာ ရင်ဆိုင်ရမည်ဖြစ်၍ တိုင်းတစ်တိုင်းအတွင်း အမှန်တကယ်လိုအပ်မည့် ရွာ(၁၁)ရွာ ခန့်ကို စတင်စမ်းသပ်တူးဖော်ရန် ဆုံးဖြတ် ခဲ့ပြီး ၀န်ကြီးချုပ်၏ စီစဉ်ပေးမှုအရ ပဲခူး ခရိုင်၊ ဝေါမြို့နယ်အတွင်းက ကျေးရွာ (၁၁)ရွာကို ဦးစွာရွေးချယ်ခဲ့သည်။
ထိုကျေးရွာ(၁၁)ရွာမှ အုပ်ချုပ်ရေး မှူးများနှင့် ဝေါမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးခန်းတွင် တွေ့ဆုံပြီး ၎င်း ကျေးရွာများ၏ လိုအပ်ချက်၊ တင်ပြချက် များအရ ၂၆-၃-၂၀၁၃ နေ့ကစ၍ ကျေး ရွာရေရရှိရေးကို စတင်ဆောင်ရွက်ကြ သည်။
နှစ်သစ်ကူးသင်္ကြန်ကာလမတိုင်မီ ဝေါမြို့နယ်အတွင်းက ညောင်ခါးရှည် ကျေးရွာ၊ အဗျားငှက်ချေးကွင်းကျေးရွာ၊ အဘားကျေးရွာနှင့် ကရင်စုကျေးရွာများ အတွက် စက်ရေတွင်း(၄)တွင်း၊ ရေလှောင် ကန်ရေတင်ရန် ကွန်ပရက်ဆာ၊ မီးစက် များတပ်ဆင်ပေးခဲ့၍ ယခုနှစ်နှစ်သစ် သင်္ကြန်ကာလမှစ၍ သောက်သုံးရေ စတင်သုံးစွဲနိုင်ကြပြီဖြစ်သည်။ တစ်ချိန် တည်းမှာပင် စက်ယန္တရားများဖြင့် ၂၀၀x၂၀၀x၁၅ လက်မ သောက်ရေကန် များ တူးဖော်ရာတွင် ဆားကျင်းများ ကြောင့် ရေချိုမရနိုင်သော ၀င်းကဒါတ် ကျေးရွာနှင့် ညောင်ကိုင်းကျေးရွာများ တွင် ရေချိုရေသန့်သောက်ရေများ စတင် သုံးစွဲနိုင်ကြပြီဖြစ်သည်။
အချို့အရပ်တွင် မြန်မာပြည်အောက် ပိုင်းဖြစ်၍ ရေပေါများသည်ဆိုသော် လည်း ပင်လယ်နှင့်နီးသောကြောင့် ပေ ၁၀၀၀ ခန့် စက်ရေတွင်းတူးသော်လည်း ရေချိုမရ ရေငံသာရသောဒေသများရှိ နေသည်။ မြေကြီးကိုတူးဆွခြင်းမပြုဘဲ မြေပေါ်တွင် တည်ကန်များတည်ဆောက် ပြီး မိုးရေလှောင်ကန်များ ဆောင်ရွက် ပေးရန်လည်း စီစဉ်နေသည်။ သောက် ရေကန်(၂)ကန်တူးပြီးနောက် သင်္ကြန် ကာလကျော်လွန်သည်နှင့် ကျုံသင်ကျေး ရွာ၊ လက်ပံသုံးပင်ကျေးရွာ၊ ထိန်တပင် ကျေးရွာ၊ ခင်တန်းကြီးကျေးရွာနှင့် မြစ် ကျိုးကျေးရွာများအတွက် သောက်ရေ ကန်များ ဆက်လက်တူးဖော်ပေးသွား မည်ဖြစ်ကြောင်း သိခွင့်ရသည်။
သောက်သုံးရေရရှိပြီးသော ကျေး ရွာများနှင့် ဆက်လက်တူးဖော်ရန် လျာ ထားသော ကျေးရွာနေပြည်သူများ၊ ဘုန်း တော်ကြီးကျောင်းမှ ဆရာတော်နှင့်တကွ သံဃာတော်အရှင်သူမြတ်များမှာ များစွာ ၀မ်းသာပီတိဖြစ်နေကြသည်။ ယခုအလှူ ရှင်သည် ချမ်းသာဆောက်လုပ်ရေး၏ မတည်အလှူဖြစ်သည်။ ချမ်းသာဆောက်  လုပ်ရေးအနေဖြင့် ဝေါမြို့နယ်အတွင်း စာသင်ကျောင်းများအတွက် ယခင်နှစ် များက ဘိလပ်မြေအိတ်ထောင်ချီလှူ ဒါန်းခဲ့သည့်အပြင် သူရဲသမိန်ကျေးရွာ၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် တိုက်နယ်ဆေး ရုံဆောက်လုပ်ရေးကိစ်္စရပ်များတွင် ဦး ဆောင်လှူဒါန်းခဲ့ကြောင်း လေ့လာခွင့်၊ သိရှိခွင့်ရခဲ့ပြန်သည်။
““ချမ်းသာကျေးရွာရေရရှိရေးဖောင် ဒေးရှင်း””သည် ၂၀၁၃ ခုနှစ် မတ်လ (၁) ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး တစ်ဖက်တစ်လမ်းမှ လည်း နိုင်ငံတော်အစိုးရအသိအမှတ်ပြု ဖောင်ဒေးရှင်းအဖြစ် ရပ်တည်နိုင်ရန် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဥပဒေအရ ဖွဲ့ စည်းခွင့်အတွက် “ဖောင်ဒေးရှင်းဖြစ် မြောက်ရေးအဖွဲ့”ကို ဖွဲ့စည်းပြီး ဆောင် ရွက်နေပြီဖြစ်သည်။
စာရေးသူအနေဖြင့် ချမ်းသာကျေး ရွာရေရရှိရေးဖောင်ဒေးရှင်းကို လေ့လာ ခွင့်ရပြီး အထူးပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသောကြောင့် ဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါသည်။ ဤ ဆောင်းပါးကို ဖတ်ခွင့်ရသောကြောင့် စိတ်ဝင်စားပါလျှင်သော်လည်းကောင်း၊ ဖောင်ဒေးရှင်းအတွက် ဆွေးနွေးလိုပါ လျှင်သော်လည်းကောင်း၊ ဖောင်ဒေးရှင်း လုပ်ငန်းအတွက် ပါဝင်လှူဒါန်းလိုပါလျှင် သော်လည်းကောင်း၊ ဆက်သွယ်ရမည့် လိပ်စာက အမှတ်(၂၇၆)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်သည်။ တယ်လီဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်း လိုပါက ဆက်သွယ်ရန်ဖုန်းနံပတ်မှာ ၀၁-၅၂၆၃၈၆၊ ၅၂၆၆၇၄၊ ၅၀၂၅၃၆ ဖြစ် ကြောင်း သိခွင့်ရခဲ့ပါသည်။

မောင်ချစ်(သူရဲသမိန်) http://www.hotnewsweekly.com 
မှအလင်းရောင်ကြယ်များကူးယူဝေမျှပါတယ်၊

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်