သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 27 April 2013

၄၉-ကြည့်မြင်တိုင်တစ်ဖက်ကမ်း ကမ်းနားနှင့်ဝေးသည့်ကျေးရွာ များ သောက်သုံးရေအခက်အခဲကြီးမားနေ

 


၂၇.၄.၂၀၁၃၊ စနေနေ့


ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ ကျေးရွာ(၁၀)ရွာ၌ ရေပြတ်လပ်နေခြင်းကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လာရောက်ကူညီပေးလျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေသေးသည်ဟု ဒေသခံများထံက သိရှိရသည်။


“ဒီက ရေက သောက်ဖို့မပြောနဲ့ ထမင်း၊ ဟင်းတောင် ချက်လို့မရဘူး။ ပြီးခဲ့တဲ့နှစ်က သောက်ရေ လာလှူတဲ့ သူတွေ ရှိသေးတယ်။ ဒီနှစ် ဘယ်ကမှ မလာသေဘူး။ လာဝေတဲ့ရေကလည်း ဒီနေရာနဲ့ဝေးတော့ ရေဝေနေ တာတောင် မသိလိုက်ဘူး။ သိလို့သွားတော့ ရေက ကုန်ပြီ။” ဟု ကွက်သစ်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

မြို့တော်စည်ပင်ရေပေးဝေရေးဌာနမှ နေ့စဉ် ရေဂါလန် ၁၅၀၀၀(တစ်သောင်းခွဲ)ခန့် လှိုင်မြစ်ကမ်းအနီးရှိ ရွာများသို့သာ စက်လှေဖြင့်လာရောက် ရေပေးဝေလျက်ရှိပြီး မြစ်ကမ်နှင့်ဝေးသည့် နေရာများမှာ ရေရောက်ရှိရန် အခက်အခဲရှိနေသေးကြောင်း သိရှိရသည်။

“မြို့တော်စည်ပင်ကနေ တစ်ရက်ကိုရေဂါလံ၁၅၀၀၀ လာဝေပေးတယ်။ ဒါပေမယ့် လူက များတယ်၊ ရပ်ကွက် ကလည်းကြီးတော့ ကမ်းနားပိုင်းတွေတောင်မှ ၂ ရက်ခြား ၃ ရက်ခြား တစ်ခါလောက်ပဲ ရေရကြတယ်။ ရေကန် ၁၀ က အကုန်လုံးခန်းသလောက်ဖြစ်ပြီး ကုန်းပေါ်တဲ့နေရာ ကုန်းပေါ် ကုန်ပြီ။ ကမ်းနားနဲ့ဝေးတဲ့ ကွက်သစ် ဆိုရင် လာပေးတဲ့ရေ လုံးဝ မရကြတော့ဘူး။” ဟု ဆိပ်ကြီး၊ ဦးမြ၊ ငါးဇင် ကျေးရွာသုံးရွာ၏ အုပ်ချုပ်ရေးမှုးဖြစ်သူ ဦးအောင်ချင်း ကပြောသည်။


ကြည်မြင့်တိုင်မြို့နယ် တစ်ဖက်ကမ်းတွင် ကျေးရွာ(၁၁)ရွာရှိသည့်အနက် မြို့တော်စည်ပင်ရေပေးဝေရေးဌာနမှ ရေပေးဝေနိုင်သည့် ရွာမှာ ဆိပ်ကြီးကျေးရွာ၊ ဦးမြကျေးရွာ၊ ငါးဇင်ကျေးရွာ (သုံးရွာ)ရှိပြီး အဆိုပါ ကျေးရွာများ၌ အိမ်ထောင်စု (၂၁၀၀) ရှိသော်လည်း အိမ်ထောင်စုတစ်ထောင်ကျော်ခန့်မှာ သောက်သုံးရေ မရရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်ခြင်းမှာ နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရခြင်းကြောင့် နောင်နှစ် များ၌ ယခုကဲ့သို့ သောက်သုံးရေပြတ်လပ်မှုမျိုး မကြုံရစေရန် ရေသိုလှောင်ထားနိုင်မည့် ရေစည်များကို ထား ရှိသင့်သည်ဟု ရပ်ကွက်(၃)ခုမှ အုပ်ချုပ်ရေးမှူးက အကြံပြုပြောဆိုသည်။

ရပ်ကွက်များရှိ ရေကန်များမှာစာရင်းသာရှိပြီး ကန်အများစုမှာ ကောနေပြီဖြစ်ခြင်းကြောင့် ပြန်လည်အသုံး ပြုနိုင်ရန် နိုင်ငံတော်မှ ပြုပြင်ဖန်တီးပေးသင့်ကြောင်းနှင့် ရပ်ကွက်တိုင်းတွင် ရေသိုလှောင်ထားနိုင်ရန် ရေစည်များ ပြုလုပ်ပေးထားသင့်ကြောင်းနှင့် နွေရာသီရေပြတ်လပ်ချိန်၌ သောက်သုံးရေ ရရှိနိုင်ရေး ခွဲတမ်းနှင့်ပေးဝေပါက သောက်သုံးရေလုံလောက်စွာရရှိနိုင်ကြောင်း ဒေသခံတို့ကဆိုသည်။

“ပိုက်နဲ့တိုက်ရိုက်ပေးတဲ့အခါကျတော့ ရေလည်း အဖိတ်အစင်ရှိတယ်၊ ရတော့လည်း လှေဆိပ်နဲ့ နီးစပ်ရာ ပြည်သူတွေကပဲ ရတာပေါ့။ အတွင်းဘက်ကျတဲ့နေရာ လှေဆိပ်နဲ့ဝေးတဲ့ နေရာကလူတွေ ကျတော့ သောက်သုံးရေ မရကြဘူး။ အခုနေ မီးလောင်ရင်တောင် ငြိမ်းဖို့ ရေမရှိဘူး” ဟု ငါးဇင်ရပ်ကွက်နေ ဦးစိန်သန်းက ပြောသည်။

သောက်သုံးရေ ပြတ်လပ်လျက်ရှိသည့် ရွာ(၁၁)ရွာမှာ ဆိပ်ကြီး၊ ဦးမြ၊ ငါးဇင်၊ အောက်ရုံ၊ အလတ်ချောင်း၊ ၀ါးရုံဆိပ်၊ စက်ကလေး၊ ဘလုပ်ညွန့်၊ စက်ဆန်း၊ အေးရွာအရှေ့ နှင့် အေးရွာအနောက်ရွာတို့ဖြစ်ပြီး အဆိုပါ ရွာများတွင် လူဦးရေ ၅၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံက သိရှိရသည်။

ရန်ကုန်မြို့တော်စည်ပင်မှ အဆိုပါကျေးရွာများသို့ ရေပေးဝေရာ၌ တစ်ရက်လျှင် ငွေကျပ် ၄ သိန်းနီပါး ကုန်ကျလျက်ရှိကြောင်း သိရှိရသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ဒလ၊ သန်လျှင၊် ကြည့်မြင့်တိုင် တစ်ဖက်ကမ်းတို့တွင် သောက်သုံးရေပြတ်လပ်မှုများ ပိုမိုကြုံတွေလာရပြီး ယခုနှစ်တွင် အချို့ဒေသများ၌ ဖေဖော်ဝါရီလ မတိုင်မီကတည်းက သောက်သုံးရေပြတ်လပ် မှုများ ကြုံတွေနေရခြင်းဖြစ်သည်။

မြစ်မခ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်