သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 19 April 2013

ကျောင်းတက်တဲ့ အချိန်တုန်းက… ကျွန်တော်က“အမေ ပိုက်ဆံမရှိတော့ဘူး၊ ငွေလွဲပေးပါဦး။”ဆိုတဲ့ ရသစာပေလေးပါ


ကျောင်းတက်တဲ့ အချိန်တုန်းက…
ကျွန်တော် “မေ ပိုက်ဆံမရှိတော့ဘူး၊ ငွေလွဲပေးပါဦး။”
အမေ “ဘယ်လောက်ယူမှာလဲ?”
ကျွန်တော် “ ၂ သောင်း”
အဖေ “ ၃သောင်းလွဲပေးလိုက်၊ ဒီကောင်ကျောင်းမှာဇယားတွေရှုပ်တယ်၊ ကျန်းမာရေးလဲဂရုစိုက်ဦး။”
ကျွန်တော် “သားအတန်းတက်တော့မယ်၊ ငွေမြန်မြန်လွဲပေးနော်။”
နောက်နေ့ ငွေ ၅သောင်းလွဲလာပေးခဲ့တယ်။


ပထမနှစ်မှာ…
ကျွန်တော် “ မေ သားအိမ်ပြန်ချင်တယ်။”
အမေ “ ဘယ်တော့ပြန်လာမှာလဲ သား?”
အဖေ “ ဒီကောင်ငွေလိုနေပြီနဲ့တူတယ်၊ အဖေ လွဲပေးလိုက်မယ်။”
ကျွန်တော် “ မဟုတ်ပါဘူး၊ သားအိမ်ပြန်ချင်လို့ပါ။”
ဖေမေ “ ကျောင်းပိတ်ရင် စောစောပြန်လာခဲ့၊ လက်မှတ်စောစောဝယ်ထား၊ ကျန်းမာရေးဂရုစိုက်ဦးနော်။
အဖေ နောက်မှ ကျွန်တော့ကိုပြောပြတယ်။ ဖုန်းပြောပြီးနောက်မှာ အမေငိုတယ်၊ အဖေ့ကို လဲ အပြစ်တင်ပြီးအမြဲပြောတယ်… ဘာဖြစ်လို့ ဒီလောက်ဝေးတဲ့မြို့ကိုရွေးရတာလဲလို့…

ဒုတိယနှစ်၊ တတိယနှစ်မှာ …
အမေ “ သားဖုန်းမဆက်တာကြာပြီ… ဘာတွေရှုပ်နေလို့လဲ?”
ကျွန်တော် “သားခုတလော အလုပ်အရမ်းများနေတယ်။ အချိန်ကိုမရှိဘူး။”
အဖေ “ မင်း အမေ မင်းကိုလွမ်းနေတယ်။ သူ အိမ်မှာတစ်ယောက်တည်း၊ အားရင်လဲအိမ်ကို ဖုန်းလေးဘာလေးဆက်ပါဦးကွာ။”
ကျွန်တော် “သားသိပါပြီ။ အခုတော်တော်အလုပ်ရှုပ်နေတယ်။ နောက်အချိန်ရမှ ဆက်မယ်နော်။”
အဖေ “မင်းကားဘယ် အချိန်လဲ၊ ရောက်ရင်လာကြိုမယ်။”
ကျွန်တော် “မလိုပါဘူး၊ အခု မြို့က သူငယ်ချင်းအိမ်မှာ၊ သူ့အိမ်မှာ ထမင်းစားနေတယ်။”
အမေ “ သားကြိုက်တဲ့ဟင်းတွေ အများကြီးချက်ထားတာ၊ ဘာလို့မပြန်လာရတာလဲ?”
ကျွန်တော် “သူငယ်ချင်းတွေနဲ့ဆုံဖို့ခက်တယ်လေ၊ ဆုံတုန်းလေးပါ။”
အမေ “သားလဲ အိမ်ပြန်ခဲတယ်လေ၊ နှစ်ဝက်လောက်နေမှ တစ်ခါတွေ့ရတာ။”
နောက်ဆုံးအိမ်ပြန်ရောက်ပါပြီ။ ထမင်းစားချိန်လဲကျော်ခဲ့ပြီ။ ဗိုက်က တော်တော်လေးဆာနေတယ်။ ရေခဲသေတ္တာဖွင့်လိုက်တော့ ဟင်းတွေက မထိထားသလိုပါဘဲ။ အမေကပြောတယ်… “သားမရှိတော့ သားအဖေလဲထမင်းစားရတာ မကောင်းဘူးတဲ့။”

အလုပ်သင်တဲ့ အချိန်မှာ…
ကျွန်တော် “ မေ အလုပ်သင်ရတာ အရမ်းပင်ပန်းတာဘဲ။ သားအိမ်ပြန်ချင်တယ်။”
အမေ “အိမ်ပြန်ခဲ့၊ အနားယူ၊ သားကို ကျွေးနိုင်ပါတယ်နော်။”
အဖေ “ အိမ်ပြန်ခဲ့၊ ငါ အလုပ်လုပ်နိုင်ပါသေးတယ်။ မင်းကိုတောင်မကျွေးနိုင်ဘူးဆို ငါ အလကားဘဲ။”
သူတို့ရဲ့စကားကြောင့် ကျွန်တော် တိုးတက်လိုစိတ် ကင်းမဲ့စွာနဲ့ အိမ်ပြန် ပြီးခဏ ပုန်းနေလိုက်သေးတယ်…

အလုပ်သင်ပြီးခါနီးမှာ…
အမေ “အလုပ်အရမ်းများနေတာလား? ထမင်းစားပြီးပြီလား?”
ကျွန်တော် “အရမ်းများတာဘဲ၊ ခေါက်ဆွဲထုတ်ဘဲ စားထားလိုက်တယ်။”
အမေ “ ခေါက်ဆွဲထုတ်ဘဲစားလို့ မဖြစ်ဘူးလေ၊ အာဟာရရှိအောင်လဲစားဦးမှပေါ့။ အပြင်မှာ ၀ယ်စားရလဲ ၀ယ်စားပေါ့ သားရယ်…”
ကျွန်တော် “ အင်း၊ သားသိပါပြီ။”
နှစ်ကူးလို့ အိမ်ပြန်တဲ့ အချိန်တိုင်းမှာ မီးဖိုချောင်တစ်ခုလုံးက ဟင်းခြောက်၊ အသားခြောက်တွေ နဲ့ပြည့်နေတယ်။ အမေကပြောတယ်… ဒါတွေက အသင့်စားရုံဘဲ၊ ခေါက်ဆွဲထုတ်ထက်စာရင် ပိုကောင်းတယ်။ သူ့လက်မှာ ဆီပူလောင်ထားတာတွေ နီရဲနေတာတွေ့လိုက်တယ်…

အခုချိန်…
ကျွန်တော် “မေ သားဒီမှာ အခြေကျနေပြီ လာလည်ပါလား၊ သားမှာ အခုပိုက်ဆံရှိပြီ။”
အမေ “သားမှာ ပိုက်ဆံဘယ်လောက်ရှိနိုင်မှာမို့လဲ။ အပြင်မှာ စရိတ်ကြီးတယ်။ သား ငွေကို ချွေတာသုံးပါ။”
ကျွန်တော် “သားတကယ် ပိုက်ဆံရှိပါပြီ။ အမေလာရင် တည်းဖို့နေရာလဲရှိတယ်။”
အမေ “ အေး… အမေ သား အဖေကို ပြုစုရဦးမယ်လေ…”

အဖေက ဘယ်တော့မှ အမေနဲ့ မခွဲနိုင်ပါဘူး၊ ကျွန်တော်သိတယ်၊ အမေ့ ဘ၀က ဒီလို ပင်ပန်းနေရတာဘဲ။
နေ့တိုင်းဖုန်း တစ်ခါခေါ်တယ်၊ ဒီစကား ၂ခွန်း၃ခွန်းနဲ့၊ ကျွန်တော်ထင်တယ် အမေတောင်ငြီးငွေ့လာပြီလားလို့။
ခုတလော အလုပ်တွေအရမ်းများလို့ အိမ်ကို ဖုန်းမခေါ်နိုင်ဘူး။ မနေ့က ဆက်လိုက်တယ်၊ ဖုန်းမြည်မြည်ချင်းဘဲ အမေကောက်ကိုင်လိုက်တယ်။ ပြီးတော့မေးတယ်… နေကောင်းလား၊ ထမင်းစားပြီးပြီလား၊ အလုပ်ပင်ပန်းလား?
ကျွန်တော်ထင်တယ် နေ့တိုင်းဖုန်းဆက်နေတာ၊ ပြောစရာ စကားလဲ အဲလောက်မရှိဘူး။ ဒါပေမဲ့ သူကတော့ ကျွန်တော့ဖုန်းကိုမျှော်နေရှာတယ်။
အိမ်ပြန်တိုင်း… ထမင်းစားစားပွဲမှာ ကျွန်တော်ကြိုက်တဲ့ ဟင်တွေကတော့ အမြဲရှိနေတယ်။
စကားပြောတိုင်း သူတို့မေးတတ်တယ်… ထမင်းစားပြီးပြီလား၊ အဆင်ပြေလား၊ ပင်ပန်းလား။
ကျွန်တော်တို့ကတော့ ဒါတွေကို အမေးနည်းနေတယ်၊ လုံးဝတောင်မေးချင်မှမေးလိမ့်မယ်။
သူတို့ဟာ တစ်ချိန်တုန်းက မိုးကောင်းကင်ဖြစ်ခဲ့တယ်။ ၁ ဆိုရင် ၂ မရဘူး။ မင်းလဲ ဘယ်တော့မှ မလွန်ဆန်နိုင်ဘူး။
ဒါပေမဲ့ အခုချိန်မှာတော့ သူတို့ဟာ မင်းပြောသမျှစကားကို နားထောင်နေရတယ်။ မင်းဘာပြောပြောမှန်နေတာဘဲ။
ဘာကြောင့်လဲဆိုတော့ သူတို့အိုပြီ၊ နောက်ကျောမှီဖို့ စရှာနေရပါပြီ။ သူတို့ဒီဘ၀မှာပိုင်ဆိုင်တာဆိုလို့ ကျွန်တော်တို့တွေဘဲရှိပါတော့တယ်။
ဖုန်းများများဆက်ပေးပါ။ ၃ မိနစ်ဆိုတဲ့ အချိန်ဟာ ဆွဲထုတ်ရတာ အဲလောက်မခက်ပါဘူး။ ချစ်သူတွေနဲ့ တစ်နေ့ တစ်နာရီပြောနိုင်တာ သူတို့ကိုလဲကျေးဇူးပြု၍ ၃မိနစ်လောက် အချိန်ပေးလိုက်ပါ။ ဒီနေ့ဘာတွေလုပ်နေလဲ? ဘာတွေစားပြီးပြီလဲ? ဟိုတုန်းက သူတို့မေးသလိုမျိုး သူတို့ကို ပြန်မေးပါ။ သူတို့ ကျွန်တော်တို့လို ဒီမေးခွန်းတွေကို မငြီးငွေ့တတ်ပါဘူး။

တစ်ခါ သူငယ်ချင်းနဲ့ ပြောဖူးတာမှတ်မိသေးတယ်…
သူကပြောတယ် “ တစ်နှစ်ကို ၅ ကြိမ် အိမ်ပြန်တယ်ဘဲ ထားဦး၊ သူတို့ အသက်၁၀၀ ထိရှည်ပါစေဦး၊ တွေ့နိုင်တဲ့ အကြိမ် အရေအတွက်ဟာလဲ ၂၀၀ ကျော်ဘဲရှိပါတော့တယ်၊ တော်တော်နည်းတာဘဲ”…
ကျွန်တော် သေချာ လက်ချိုးရည်ကြည့်လိုက်တယ်၊ ဟုတ်ပါတယ်…


ကျွန်တော် အခုရင်ထဲမှာ တိတ်တဆိတ်မျက်ရည်ကျနေပါတယ်… ခံစားရလွယ်လို့မဟုတ်ပါဘူး…

ကျွန်တော်တို့ သူတို့ကို ဆပ်စရာကျေးဇူးတွေဟာ များလွန်း များလွန်း လှလို့ပါ ဗျာ…

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥
Myanmar News Update မှထပ်ဆင့် ၍..

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်