သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 19 April 2013

အီရန်နိုင်ငံတွင် အချိန်ခရီးသွားစက် (Time Travelling Machine) ကို တီထွင်လိုက်ပြီ ဟုသိရှိရ

 
သူနာမည်က Ali Razeghi ပါတဲ့။

အလုပ်အကိုင်ကတော့ အီရန်နိုင်ငံရဲ့ ဗဟိုမဟာဗျူဟာကျ တည်ထွင်မှုများဌာနရဲ့ အုပ်ချုပ်မှု ဒါရိုက်တာပါ။

အဲ… ဒီပုဂ္ဂိုလ်က ဟားဗတ်တို့၊ အောက်စ်ဖို့ဒ်တို့က ပညာရှင်တွေ၊ အိုင်းစတိုင်းတို့၊ စတီဗင်ဟောကင်းတို့လို မဟာပညာကျော်တွေ၊ ကမ္ဘာ့အကြီးဆုံး သိပ္ပံနဲ့ နည်းပညာကုမ္ပဏီတွေ (အမေရိကန်စစ်တပ်ပါ) တီထွင်ဖန်တီးနိုင်ခြင်း မရှိသေးတဲ့ (အိုင်းစတိုင်းရဲ့ သီအိုရီတွေအရ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး) စက်ပစ္စည်းတစ်ခုကို တီထွင်လိုက်ပါပြီတဲ့။

Mr. Razeghi တီထွင်လိုက်တာကတော့ အချိန်နောက်ပြန်သွားနိုင်တဲ့ Time Machine ပဲဖြစ်ပါတယ်။ ခဏလေး။ မှားသွားတယ်။ သူ့ရဲ့ စက်က အချိန်နောက်ပြန် မသွားနိုင်ပါဘူးတဲ့။ အရှေ့ကိုပဲ သွားနိုင်တာပါတဲ။ အချိန်ခရီးသည် Mr. Razeghi ရဲ့ စက်ကြီးရဲ့ နာမည်ကတော့ Aryayek Time Travelling Machine လို့ ခေါ်ပါသတဲ့။

ခဏထပ်စောင့်ပါဦး။ စိတ်မလောပါနဲ့။ အနာဂတ်ကိုလည်း သွားနိုင်တာ မဟုတ်ပါဘူးတဲ့။ အနာဂတ်ကိုသာ သင့်ထံကို ယူလာနိုင်စွမ်း ရှိပါတယ်တဲ့။ ဘယ်လို၊ ဘယ်လို။ သေစမ်း။ ဒါဆို ဘာလို့များ အချိန်ခရီးသွားစက်လို့ ခေါ်နေသေးလဲ။ ပညာရှိကြီးက ခုလိုရှင်းပြပါတယ်။

“ကျွန်တော့ရဲ့ ကြီးကျယ်ခန်းနားပြီး နက်နဲခက်ခဲတဲ့ တွက်ချက်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီစက်ကြီးကို အသုံးပြုပြီးရင် နောက်လာမယ့် ၅ နှစ်ကနေ ၈ နှစ်အထိ အသုံးပြုသူတွေရဲ့ အနာဂတ်ကို ၉၈ ရာခိုင်နှုန်း ကြိုတင်ပြောကြားနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်ကို သင့်ထံကို ယူလာပေးမယ့် စက်ဖြစ်ပါတယ်။ အရွယ်အစားကလည်း ကွန်ပြူတာ တစ်လုံးစာပဲ ရှိပါတယ်။”

သူပြောတဲ့ အတိုင်းတာဆိုရင်တော့ ဒီစက်ဟာ အချိန်ခရီးသွားဖို့ မဟုတ်ပဲ ဗေဒင်ဟောစားဖို့ ဖြစ်နေပါပြီ။ စက်ကပေးမယ့် အဖြေတွေကတော့ “သင် အနာဂတ်မှာ အသက်ရှူပါမယ်” ၊ “သင်အနာဂတ်မှာ အစားစားပါမယ်။” ၊ “သင်အနာဂတ်မှာ ရေသောက်ပါမယ်။” ၊ “အိမ်သာတက်ပါမယ်။” ၊ “နောက်အနာဂတ်တစ်နေ့မှာ သင်သေပါလိမ့်မယ်။” များ ဖြစ်နေမလား မသိဘူးနော်။

ကိုယ့်လူရေ။ မင်းလိုပဲ ငါလဲ အချိန်ခရီးသွားစက်ကို တီထွင်လိုက်ပြီကွာ။ အခု စာရေးနေတုံးမှာပဲ။ ဘာလဲသိလား။ Facebook တဲ့ဟေ့။ Facebook ကိုသာသွားပြီး အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကြည့်လိုက်ကွာ။ ငါ့ရဲ့နည်းက ၁၀၀ ရာခိုင်နှုန်းမှန်အောင် ပြောနိုင်တယ်နော်။

Razeghi ဟာ အသက် ၂၇ နှစ် ရှိပါပြီတဲ့။ ဒီ အချိန်ခရီးသွားစက်ကို သူစတင်ပြီး တီထွင်ခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကပါတဲ့။ ဒါဆို ၁၇ နှစ်သား လက်ဆော့ထားတဲ့ စက်ဖြစ်နေပြီပေါ့။ အထင်မသေးပါနဲ့။ ပညာရှိလေးဟာ အခြားသော တီထွင်မှုပေါင်း ၁၇၉ မျိုးကို ပြုလုပ်ထားပါသေးတယ်တဲ့။ အိုင်းစတိုင်းတောင် အရှုံးပေးရမယ့်ပုံ ဖြစ်နေပါပြီ။

ကဲဒါဆို Razeghi ရေ။ မင်းရဲ့ စက်ကြီးကို စမ်းသပ်ကြည့်ရအောင်။

ဘာ။ မရဘူးဟုတ်လား။ ဘာလို့လဲကွာ။ မနောက်နဲ့လေ။

ဟုတ်ပါတယ်။ ဒီစက်ကို ပြင်ပသို့ ထုတ်ဖော်ပြသသွားမှာ မဟုတ်ပါဘူးတဲ့။ အကြောင်းရင်းက ဘာလဲဆိုတာကို ပညာရှိလေးက ထပ်ရှင်းပြပါတယ်။

“အခုအချိန်မှ ကျွန်တော်တို့ အနေနဲ့ ဒီအချိန်ခရီးသွားစက်ကို ပြင်ပသို့ ထုတ်ဖော်ပြသသွားမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ တရုတ်ရန်ကို ကြောက်လို့ပါပဲ။ တရုတ်များက ဒီနည်းပညာကို တွေ့သွားတာနဲ့ ကူးယူပြီးတော့ ညတွင်းချင်းပဲ မီလီယံနဲ့ချီတဲ့ အရေအတွက်ကို ထုတ်လုပ်သွားမှာ စိုးရိမ်ရလို့ပါပဲ။”

တရုတ်ရန်ကိုလည်း သူ့ရဲ့ စက်ကြီးက ပြောပြလိုက်တယ် ထင်ပါတယ်နော်။
FROM-MYANMAR CONSUMER GUIDE & http://singaporefeelfeel.blogspot.com

2 comments:

  1. ဘူ့ ဆိုဒ်လဲ လို့ လာကြည့်တာပီးတော့ ငါ့လူကြီးပဲ

    ReplyDelete
  2. အံမခန်းပဲ မလွယ်ဘူးဒီစက်ကြီးမလိုချင်ဘူး နောက်ကိုကြည့်တာပဲလိုချင်တာ ဒါကြီးက သိဘူးဗျာဒီစက်ကြီးကိုဖျတ်ပေး

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်