သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 10 June 2013

မလေးရောက် မြန်မာနိုင်ငံသားတွေကို အစိုးရက လုံးဝမမေ့ထားဘူး–ဦးရဲထွဋ်၏စကား


    Copy To မျိုးချစ် မြန်မာ့သားကောင်းများ 
 
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေ လုံခြုံရေးနဲ့ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက်ဖို့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မလေးရှားနိုင်ငံကိုစေလွှတ်မှာဖြစ်တယ်လို့ သမ္မတရဲ့ပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။

မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့ နှစ်နိုင်ငံညှိနှိုင်းနေတုန်းလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နှစ်နိုင်ငံညှိနှိုင်းနေတယ်ဆိုတော့ အမြန်ဆုံးက ၁-၂ ပတ်အတွင်း ဖြစ်နိုင်လား၊၁-၂ ရက်အတွင်းဖြစ်မလား။

“နှစ်ဖက်ညှိနှိုင်းမှုအပေါ် မူတည်တယ်။ သံတမန်ကိစ္စဆိုတော့ဘယ်နှရက်၊ဘယ်နှလ ပြောဖို့ ခက်တာပေါ့နော်။ ကျနော်တို့ဘက်ကတော့အမြန်ဆုံးလုပ်နိုင်အောင်လုပ်နေတာပေါ့။”

ကိုယ်စားလှယ်အဖွဲ့မှာဘယ်သူတွေပါနိုင်လဲ။

“အတည်မဖြစ်သေးလို့ မတင်သေးတာပါ၊သိတာနဲ့ တင်ပေးပါမယ်။ဟိုဘက်ဒီဘက်ညှိနေရသေးတာကိုး။”

အခု မလေးမှာဖြစ်နေတာက သိသလောက် ၁၂ ရက်လောက်ရှိသွားပြီ။ မြန်မာအစိုးရ ကိုင်တွယ်ပုံက နောက်ကျမနေဘူးလား။

“နောက်မကျပါဘူး။ မလေးရှားနိုင်ငံကလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုတော့ သူ့နိုင်ငံထဲမှာ ကျနော်တို့လုပ်စေချင်တာကို လုပ်ရတဲ့ သံတမန်နည်းလမ်းအဆင့်ဆင့်ရှိပါတယ်။ အဲအတိုင်းပဲ စဖြစ်ခါစ ပထမဆုံးမှာ သံရုံးက မသိဘူး။သံရုံးက သိတော့ဝင်လုပ်တယ်။ မရတဲ့အခါမှာ သတိထောက်လွှာပေးတယ်။ သွားရောက်တွေ့ဆုံ ဆွေးနွေးပြောပြတာရှိတယ်။ အခုတခါ ကျန်ကိစ္စတွေဆွေးနွေးဖြေရှင်းနိုင်ဖို့ကိုယ်စားလှယ်အဖွဲ့ လွှတ်ဖို့ လုပ်တယ်။ သူ့စနစ်အတိုင်း သွားတာပါပဲ။”

ပြောစရာတခုဖြစ်တာက မြန်မာအစိုးရက သတိထောက်လွှာပေးပြီး နောက်တနေ့မှာပဲ မလေးရှားမှာမဆိုင်တဲ့သူတွေရောမလေးရှားရဲက လျှောက်ဖမ်းတာ၊မြန်မာတွေ၁၀၀၀ လောက် အဖမ်းခံရတယ်။ ဒါနဲ့ပတ်သက်လို့ရောမြန်မာအစိုးရက ဘယ်လိုကိုင်တွယ်သွားဖို့ ရှိပါလဲ။

“အဓိကက အဲနေရာမှာရှိတဲ့ တရားမ၀င်နေထိုင်သူတွေ မှန်သမျှကို ဖမ်းတာပါ။အဲလိုလူတွေကပဲ ပြနာအများဆုံးဖြစ်ကြတယ်။ အုပ်စုတွေမှာဖြစ်ကြတယ်လို့ သူတို့ထင်မြင်လို့အဲနေရာမှာသွားဖမ်းတယ်။ မြန်မာနိုင်ငံသားပါသလို ကျန်တဲ့နိုင်ငံသားတွေလည်း ပါတယ်။ ဟိုမှာရောက်နေတဲ့ ဘင်္ဂါလီကလည်း မြန်မာနိုင်ငံသားပါလို့ ပြောတယ်လေ။ ကျနော်သိသလောက် အထောက်အထား ခိုင်လုံသူအများစုကိုတော့လွှတ်ပေးလိုက်ပြီ။ ၉၀-၁၀၀ လောက်ကျန်တယ်။နောက်ယူအန်အိတ်ခ်ျစီအာရ်ကထုတ်ပေးတဲ့ လက်မှတ်အတုကိုင်ထားသူတွေကိုလည်း ဖမ်းတယ်ပြောတယ်။ အဲဒါတွေလည်း စိစစ်နေပါတယ်။”

မလေးရှားရောက် မြန်မာအလုပ်သမားတွေ၊အထောက်အထားမဲ့တွေပေါ့၊သူတို့ပတ်စပို့တွေလည်း သက်တမ်းကြာသွားတော့ အိုဗာစတေးဖြစ်ကုန်တာပေါ့။ သူတို့တွေကလည်း ပြန်ချင်ကြတယ်။ သူတို့အတွက်ရောမြန်မာအစိုးရက ဘယ်လိုစီစဉ်ထားလဲ။

“ဒါတွေအားလုံး သုံးသပ်စဉ်းစားနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့တခုလွှတ်တာ။ ကိုယ်စားလှယ်အဖွဲ့မသွားခင် ဒါတွေ မှတ်ချက်ပေးလို့မရပါဘူး။”

မလေးမှာရှိနေတဲ့ ခိုကိုးရာမဲ့မြန်မာတွေ၊တချို့တွေလည်း စိုးရိမ်ထိတ်လန့်နေတဲ့ မြန်မာအလုပ်သမားကလေးတွေကို ဦးရဲထွဋ်တို့ သမ္မတပြောရေးဆိုခွင့်ရှိသူ၊တာဝန်ရှိသူအနေနဲ့တစုံတခု မီဒီယာကနေ ပြောပေးပါ။

“သမ္မတကြီးလည်း မကြာခဏပြောပါတယ်။ မိမိတို့နိုင်ငံသားတွေ အားလုံးကို အစိုးရအနေနဲ့ ဘယ်နေရာမှာပဲရောက်နေရောက်နေ ကာကွယ်စောင့်ရှောက်ပေးမယ်။ သို့သော် မြေပြင်မှာရှိနေတဲ့မလေးရှားသံရုံးနဲ့ လူအင်အားအခက်အခဲကြောင့်သော်လည်းကောင်း၊ ဆက်သွယ်ဆက်ဆံမှု အခြေအနေကြောင့်သော်လည်းကောင်း သူတို့မှာအခက်အခဲရှိကောင်းရှိနိုင်တယ်။ ဒါတွေကိုလည်း သေချာပြင်ဆင်ပြီး အကူအညီပေးဖို့ရှိပါတယ်။မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရအဖွဲ့ကသူတို့ကို လုံးဝမမေ့ထားဘူး။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ၊သံတမန်နည်းလမ်းတွေအရနဲ့ ကူညီပေးဖို့ဆက်လက်ကြိုးစားနေတယ်။ အကူအညီလိုအပ်ရင် သံရုံးကို ဆက်သွယ်ကြိုးစား၊အကူအညီတောင်းဖို့ တင်ပြချင်ပါတယ်။” မလေးရှားမှာလတ်တလောဖြစ်ပွားနေတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ မြန်မာ၆ ဦး ရှိသွားပြီဖြစ်ပြီး အခုထိ သဂြိုဟ်ခွင့်မရသေးဘူးလို့ ကပုန်းနာရေးကုညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။



June 10, 2013

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်