သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 11 April 2013

ဒီမိုကရေစီတော်လှန်ရေး နဲ့ မိတ္ထီလာအရေးအခင်း


ဒီပို့ စ်လေးကို ဖေ့စ်ဘုတ်မှာ ဖတ်ရှု့ မိပြီး ပြန်လည်ကူးယူဝေမျှ တင်ပြပေးလိုက်ပါတယ်။
ငြိမ်းချမ်းရေး နှင့် တိုးတက်ရေး သဏ္ဍာန် ရေးပြထားသော ပို့ လေးဖြစ်လို့ တင်ပြလိုက်ထာပါ...
စာဖတ်သူများက...မနှစ်သက်ခြင်း စိတ်ထဲတွင် ဘဝင်မကျခြင်း ...
အကြောင်းတစ်စုံရာ တိုက်ဆိုင်မှု့ ရှိခဲ့ သော်(ကွန့် မက် -သို့  -စီဘောက်လေးမှာ)မျတ်ချက်ထားခဲ့ ပါ
ပြန်လည်ဖြုတ်ပေးပါ့ မယ်..

ကျွန်တော်တို့ ကြုံနေရတဲ့ လက်ရှိအချိန်ဟာ စိတ်ဝင်စားစရာတွေ ၊ လျို့ဝှက်နက်နဲ့တာ တွေနဲ့ ပြည့်နေတယ်ထင်တာပဲ။ သမိုင်းနဲ့ချီပြီး အရေးကြီးတဲ့ အခိုက်အတန့်လို့ တောင် ပြောလိုက်ချင်သေးတယ်။

ဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့တဲ့ ၂ နှစ် အတွင်းမှာ ပြသနာပေါင်း သောင်းခြောက်ထောင် တက်ခဲ့တယ်။ အရင်အကြွေးဟောင်းတွေ မဖုံးနိုင်မဖိနိုင် တစ်ပြိုင်တည်းပေါ်လာကြတယ်။ နာတာရှည်လိုဖြစ်နေတဲ့ စစ်အုပ်ချုပ်ရေးကနေ ( ပီပြင်တာ မပီပြင်တာ အပထား) ဒီမိုကရေစီစနစ်ကို ပြောင်းလိုက်တယ်ဆိုရင်ပဲ အစိုးရရောပြည်သူရော shock ရသွားတော့တယ်။ စစ်အုပ်ချုပ်ရေး တာရှည်ခဲ့တော့ ဒီမိုကရေစီဓလေ့ဟာ သေသလိုဖြစ်ခဲ့ရတာကိုး။ သေတာမှ ပြည်သူတွေမှာတင်မဟုတ်ဘူး။ အစိုးရမှာပါ ဒီမိုကရေစီ သေခဲ့တာ။ ဒါကြောင့်လည်း ဒီမိုကရေစီ အပြောင်းအလဲမှာ အစိုးရပိုင်းက တချို့လူကြီးတွေ ` လန့်ကွဲ´ သွားကြတာပဲ။ ရေနွေးအပူထည့်ထားတဲ့ ဖန်ခွက်ထဲကို ရုတ်တရက် ရေအေး ပြောင်းထည့်လိုက်ရင် ဖန်ခွက်ဟာ အပူချိန်အပြောင်းအလဲကို ဒဏ်မခံနိုင်တော့ပဲ `ခွပ်´ ဆို ကွဲတော့တာပဲ။ အဲဒါကို လန့်ကွဲတယ်လို့ ခေါ်ကြတယ်။ ဒီအပြောင်းအလဲမှာ စောစောက ပြောခဲ့သလို အစိုးရဖက်က လူကြီးတချို့ လန့်ကွဲကြတယ်။ ဥပမာ..လျှပ်စစ်ဝန်ကြီးဟောင်းဦးဇော်မင်း ။
ဦးဇော်မင်း လို လန့်မကွဲပေမယ့် စနစ်အပြောင်းအလဲနဲ့ ကိုက်ညီအောင် ကိုယ့်ကိုကိုယ် အချိန်မှီ အပြောင်းအလဲ မလုပ်နိုင်သေးတဲ့ လူကြီးတွေ အများကြီး ရှိနိုင်သေးတယ်။ တစ်ဦးချင်းစီလည်း ရှိနိုင်သလို အဖွဲ့အစည်းအနေနဲ့လည်း ရှိနိုင်တယ်။ အဖွဲ့အစည်းအနေနဲ့ အထင်ရှားဆုံးကတော့ ရဲတပ်ဖွဲ့ပဲ။
စစ်အုပ်ချုပ်ရေးလက်အောက်မှာ ကာလရှည်ကြာနေရာပျောက်နေခဲ့ရတဲ့ ရဲတပ်ဖွဲ့ဟာ စနစ်ပြောင်းလိုက်တော့ မင်းသားဖြစ်လာတယ်။ ဒါပေမဲ့ ပီပီပြင်ပြင် မကပြတတ်သေးတဲ့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်းပျောက်နေလို့ သူပွဲထွက်ရင် အကုန် ကိုးယို့ကားယား ဖြစ်ကုန်တော့တာပဲ။ လက်ပံတောင်း မလက်တို မိတ္ထီလာ။
ဒီအဖြစ်တွေအားလုံးဟာ အစိုးရအဖွဲ့နဲ့ အဖွဲ့ဝင်တွေမှာ ဒီမိုကရေစီဓလေ့ အလုံအလောက် မမွေးနိုင်သေးတာကို ပြတာပဲ။ ဒီမိုကရေစီစနစ်အတွက် လုံလောက်တဲ့ အရည်အသွေး မပြည့်ဝသေးတာကို ပြတာပဲ။ အဲဒါကို အချိန်တိုအတွင်း အမြန်ဆုံးဖြည့်ဆည်းဖို့ဟာ လက်ရှိအစိုးရအတွက် စိန်ခေါ်မှုပဲ။
ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီကို နှစ်ရှည်လများ တောင်းဆိုတိုက်ပွဲဝင်လာခဲ့တယ် ဆိုပေမယ့် တကယ့်မိုးထဲရေထဲကျ ပြည်သူ့ဆီမှာလည်း စံချိန်မှီတဲ့ ဒီမိုကရေစီဓလေ့ဟာ မဖွံ့ဖြိုးသေးဘူး။ ဒါလဲ နာတာရှည်စစ်အုပ်ချုပ်ရေးစနစ်ရဲ့ မကျက်သေးတဲ့ ဒဏ်ရာကြီးပဲ။ အပြစ်လို့ပြောဖို့ခက်ပေမယ့် ရှေ့ဆက်ချီတက်ရမယ့် ခရီးမှာ ဒါဟာ အလွန်အရေးကြီးတဲ့ ခလုတ်ကန်သင်း ဖြစ်သွားနိုင်တယ်။ စည်းရုံးရေးခရီးစဉ်တွေ အပါအ၀င် ဒေါ်စုရဲ့ မြန်မာပြည် အနှံ့သွားခဲ့တဲ့ ခရီးစဉ်တွေဟာ ပြည်သူတွေကို ဒီမိုကရေစီကျူရှင် လှည့်ပေးနေရသလို ဖြစ်နေတာ တွေ့ရတယ်။ စာပေဟောပြောပွဲတွေ လှိုင်လှိုင်ကြီးသွားနေရတဲ့ ၈၈ တွေကတော့ ဒီကိစ္စမှာ အတော့်ကို ပျက်ကွက်တယ်။ သူတို့က ဒဏ်ရာဟောင်းကိုပဲ လျှာနဲ့လျှက်လျှက်ပြနေတယ်။ ဒီကိစ္စမှာ အစိုးရလည်း တာဝန်မကျေဘူး။ မီဒီယာလည်း အားမကိုးလောက်သေးဘူး။
အခုဖြစ်သွားတဲ့ မိတ္ထီလာ အဓိကရုဏ်းဟာ ရှေ့ဆက်ရမယ့် ဒီမိုကရေစီခရီးမှာ ခြေတစ်ဖက်ကို ရိုက်အချိုးခံလိုက်ရသလိုပဲ။ ဒီအဓိကရုဏ်းမှာ အချိန်အတိုလေးအတွင်း လူတွေ အများကြီး သေကြေဒဏ်ရာ ရကြတယ်။ ဘာသာရေးအဆောက်အအုံတွေ၊ လူနေအိမ်တွေ ၊ ဈေးဆိုင်တွေ မီးလောင်ပြာကျကုန်တယ်။ နှစ်ရက် သုံးရက် အတွင်းမှာ မိတ္ထီလာမြို့ကြီးဟာ ပြားချပ်သွားတယ်။ ဒီဟာတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ဖန်တီးနေသူတွေ ရှိတယ်လို့ တော်တော်များများက ပြောကြတယ်။ နိုင်ငံရေးအမြတ်ထုတ်ချင်တာလား စီးပွားရေးအမြတ်ထုတ်ချင်တာလား ဘာလဲတော့ မသိဘူး။ ဘာသာရေးကို အသုံးချသွားတယ်။ မွတ်စလင်ဘာသာဝင်တွေနဲ့ ဗုဒ္ဒဘာသာဝင်တွေအပါအ၀င် အားလုံးဒုက္ခရောက်ကြတယ်။ ဒီအဖြစ်အပျက်မှာ သာမန်ပြည်သူတွေထဲက ဘယ်သူမှ အမြတ်မထွက်ဘူး။ အားလုံးရှုံးတယ်။ ဟုတ်ပြီ။ အားလုံးရှုံးမှာကို ကြိုမမြင်နိုင်တော့လောက်အောင် ကျွန်တော်တို့ ပြည်သူတွေ ဘာဖြစ်သွားကြတာလဲ။ ဒီကိစ္စကို အမျိုးဘာသာ သာသနာလို့ တံဆိပ်ကပ်တာ ဘယ်လိုမှကို အဓိပါယ် မရှိဘူး။ ဒါ ဥပဒေမဲ့ ဖြစ်ရပ်ကြီးပဲ။ ဒါကြီးးဟာ ဘာသာရေးယောင်ဆောင်ပြီး ဘာလို့ စင်ပေါ်တက်လာရတာလဲ။ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။
လူဟာ အပြောင်းအလဲကို ကြောက်တယ်။ ဒါ သဘာဝပဲ။ လက်ရှိအခြေအနေထက် ပိုကောင်းသွားမယ်ဆိုရင်တောင် အပြောင်းအလဲ လုပ်ရမှာ နဲနဲတော့ တွန့်မိကြတာချည်းပဲ။ ကိုယ်ရပ်နေတဲ့ နေရာလေးမှာ ရပ်မြဲ ရပ်နေချင်တယ်။ အဲလိုနေရတာကိုမှ လုံခြုံတယ်လို့ ခံစားရတယ်။ တချို့အကျဉ်းသားတွေဟာ ထောင်ထဲမှာ အနေကြာတော့ အဲဒီမှာ အသားကျ ပြီး အပြင်လောက ပြန်ထွက်ရမှာကို ကြောက်တတ်သတဲ့။ ထောင်က လွတ်ခါနီးရင် အကြောင်းရှာပြီး ပြစ်မှုတစ်ခုခုကို ကျူးလွန်မိတတ်သတဲ့။ ရည်ရွယ်ချက်ရှိရှိမဟုတ်ပေမယ့် ထောင်က လွတ်ခါနီးတိုင်း အဲသလို လုပ်မိလေ့ ရှိသတဲ့။ ဒါမျိုးတွေဟာ တကယ်ရှိတယ်လို့ စိတ်ပညာရှင်တွေပြောတာ ကြားဖူးတယ်။ လူဟာ အပြောင်းအလဲကို အနဲ နဲ့ အများ ကြောက်တယ်။
စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ စနစ်ဆီ ဦးတည်ပြီးသွားနေတာဟာ ဧရာမ အပြောင်းအလဲကြီး ဖြစ်သွားနိုင်တယ်။ ပိတ်ထားတဲ့ တံခါးတွေ နဲနဲလောက်ဖွင့်လိုက်တော့ အပြင်ကို နဲနဲလှမ်းမြင်ရတယ်။ မြင်ရသလောက်နဲ့တင်ပဲ ရှေ့ဆက် ဘယ်လိုတွေ ပြောင်းလဲတော့မယ်ဆိုတာကိုလည်း ရိပ်မိကြတယ်။ အဲဒီမှာ အပြောင်းအလဲကို ကြောက်တဲ့ လူ ၂ မျိုး ပေါ်လာတယ်။ ပထမ တမျိုးက အပြောင်အလဲဟာ ကိုယ့်ကို ကောင်းကျိုးမပေးလို့ ဒါမှမဟုတ် ဆိုးကျိုးပေးမှာမို့ ကြောက်တာ။ ဒုတိယ တမျိုးကတော့ ဘာရယ်မဟုတ်ဘူး မသိစိတ်ထဲကကို ပြောင်းရမှာ ကြောက်နေတာ။
မသိစိတ်ထဲက အကြောက်တရားဟာ အသွင်အမျိုးမျိုးနဲ့ ကိုယ်ထင် ပြ နိုင်တယ်။ လူမျိုးရေးဖြစ်ချင်ဖြစ်မယ် ဘာသာရေးဖြစ်ချင်ဖြစ်မယ် စစ်အစိုးရကို ထိုင်ဆဲနေတာ ဖြစ်ချင်ဖြစ်မယ် အခြေအနေအရ အမျိုးမျိုးဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒါဟာ အကြောင်းရင်းမဟုတ်ဘူး။ အပေါ်ယံအယောင်ပြပဲ။ ဒီနေရာမှာ ပြသနာ ရှိတာက ပြောင်းရမှာ ရိုးရိုးသားသား ကြောက်တဲ့ လူများစုကို မရိုးမသားကြောက်တဲ့ လူနဲစုက ကိုယ်ကျိုးအတွက် အသုံးချ နိုင်တဲ့ ဟာကွက် တစ်ကွက် ပေါ်လာနိုင်တယ်ဆိုတာပဲ။
ဒီမိုကရေစီအပြောင်းအလဲတွေ မအောင်မြင်ရခြင်းရဲ့ အကြောင်းတွေထဲမှာ ဒါလဲ အရေးကြီးတဲ့ အကြောင်းတရားတစ်ခုအဖြစ်မြင်တယ်။ ဒီ အကြောက်တရားကို ဖယ်ရှားဖို့က တိုင်းပြည်မှာ တရားဥပဒေစိုးမိုးဖို့ လိုသလို တစ်ဖက်ကလည်း ပြည်သူတွေကို ဥာဏ်မျက်စိ ဖွင့်ပေးဖို့လိုတယ်။ ပြည်သူတွေရဲ့ ရေရှည်ပညာရေးဟာ အရေးကြီးသလို မျက်မှောက်ကြုံတွေ့နေရတဲ့ အပြောင်းအလဲမှာ ` လန့်ကွဲ´ မသွားဖို့ အရေးပေါ် ရေတိုပညာရေးဟာလည်း အလွန်ပဲ အရေးကြီးတယ်။ အစိုးရရဲ့ ပညာရည် နဲ့ ပြည်သူတွေရဲ့ ပညာရည်ဟာ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးကို အဆုံးအဖြတ်ပေးလိမ့်မယ်။ တကယ့် ဒီမိုကရေစီဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ဖြစ်ရတဲ့ကိစ္စပဲ။ ဒီမိုကရေစီတည်ဆောက်ရေးဆိုတာ တစ်ဦးချင်းစီရဲ့ စိတ်ထဲကို ဒီမိုကရေစီ ၀ိညာဉ် စိမ့်ဝင်နိုင်အောင် အပြင်ကနေ ဖန်တီးယူရတာမို့ နူးညံ့သိမ်မွေ့တယ်။ အချိန်ယူရတယ်။ အတိမ်းအစောင်းမခံဘူး။ တစ်ခါတစ်ခါ အရင်းအနှီး ကြီးသွားနိုင်တယ်။ တကယ်တော့ ဒီမိုကရေစီတော်လှန်ရေးဆိုတာ ပြည်သူတွေရဲ့ နှလုံးရည် တော်လှန်ရေးပဲဖြစ်တယ်။
crated -share face book-



No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်