သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 1 May 2013

34-ရယတ်ယာဉ်ကိစ္စUWSA -ဝသွေးစည်းညီညွတ်တပ်မတော်ကငြင်းဆိုနေပြီ-ဟုတ်မဟုတ်တော့ မသိပါ

5.1.3
'၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (USWA) သို့ စစ်ရဟတ် ယာဉ် ငါးစင်းပေးပို့ခဲ့ကြောင်း Janes Intelligence ၀က်ဘ်ဆိုက်တွင် ဧပြီ ၂၉ ရက်က သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းမှာ မှန်ကန်မှု မရှိကြောင်း '၀' ဘက်က ငြင်းဆိုခဲ့သည်။Janes Intelligence တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းပိုင်းများက '၀' အနေဖြင့် တရုတ်ထံမှ TY 90 ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသော


 Mi17 အမျိုးအစား စစ်ရဟတ်ယာဉ်များကို ရရှိ ခဲ့ကြောင်း၊ ပေးပို့ လိုက်သော ရဟတ်ယာဉ် ငါးစင်းဖြစ်ကြောင်း၊ သို့သော အစိုးရ သတင်းရင်းမြစ်တစ်ခု၏ အတည်ပြုချက် အရ နှစ်စင်းသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် TY 90 ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသော Mi17 အမျိုးအစား စစ်ရဟတ်ယာဉ် များသည် အစိုးရနှင့် KIO အကြား တိုက်ပွဲများ ဖြစ်ပွားစဉ်က အစိုးရ အသုံးပြုခဲ့သော ရုရှားလုပ် Mi-24P Hind တိုက်လေယာဉ်များကို ဟန့်တားနိုင်မည်ဟု Janes Intelligence ၀က်ဘ်ဆိုက် တွင် ဖော်ပြခဲ့ ပါသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မှန်ကန်မှု မရှိကြောင်းနှင့် တရုတ်ထံမှ မည်သည့် ထောက်ပံ့မှုမျှ မရ ရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ နိုင်ငံခြားရေးဌာန ပြင်ပဆက်သွယ်ရေး ဒုတိယ တာဝန်ခံ ဦးစံခွန်းက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ထို့အပြင် '၀' သွေးစည်းညီညွတ်ရေး တပ်မတော်အတွက် စစ်လက်နက်များ တိုးချဲ့တပ်ဆင်ခြင်း၊ တရုတ် မှ ထောက်ပံ့ခြင်းများ အပါအ၀င် ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ မည်သည့် မှတ်ချက် မျှ မပေးလိုကြောင်း ပြောကြားခဲ့သည်။
''သတင်းတွေက မဟုတ်တဲ့အတွက် ဘာမှ မပြောလိုပါဘူး'' ဟု ဦးစံခွန်းက ပြောပါသည်။
ထိုကဲ့သို့ ဖော်ပြခဲ့သည့် သတင်းနှင့် ပတ်သက်၍ အတည်ပြုချက် မပေးနိုင်သော်လည်း '၀' အနေဖြင့် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင်မှ မရှိသည့် စစ်လက်နက် ပစ္စည်းများကို လွန်ခဲ့သည့် လေးနှစ်ကျော် အချိန်ကတည်းက စုဆောင်းထားပြီး ဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်ရှိ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက Eleven Media Group သို့ ပြောပါသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်း၊ '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ နောက်ခံ အကြောင်းအရာများကို အတွင်းကျကျ သိရှိထားသော မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက '၀' သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ် ပေးပို့သည်ဆိုသော သတင်း မှန်ကန်သည်ဟု ဆိုပါသည်...

''ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး '၀' ဘက်က အရာရှိတွေကို ကျွန်တော်မေးခဲ့တာတွေ ရှိပါတယ်။ ဘယ်သူကမှ ခိုင်ခိုင်မာမာ ပြောခဲ့တာမျိုး မရှိပါဘူး” ဟု ဦးအောင်ကျော်ဇော်က ပြောသည်။
သို့သော် လက်ရှိ အနေအထားအရ စစ်ဘက်သုံး ရဟတ်ယာဉ်များကို ၀ယ်ယူလိုသည် ဆိုပါက ၀ယ်ယူနိုင်သည့် အခြေအနေ '၀' ဘက်တွင် ရှိနေကြောင်း သိရသည်။
''စစ်ဘက်သုံး ပစ္စည်းတွေကို တရုတ်က မှာယူနေသလား။ ယူကရိန်းက မှာယူသလား။ လာအိုက တစ်ဆင့် မဲခေါင်မြစ်ကနေ တင်သွင်းသလား။ အဲတာတွေကို ကျွန်တော် သေချာမသိပါဘူး။ မနှစ်က လည်း ကားအစင်း ၂၀၀ စာလောက်ရှိတဲ့ လက်နက် ခဲယမ်းတွေကို သူတို့ တင်သွင်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ အဲ့တာကိုလည်း သေသေချာချာ ဖြေပေးတဲ့လူ မရှိပါဘူး။ သေသေချာချာ ပြောနိုင်တာ တစ်ခုကတော့ တန့်ယန်းဘက်မှာ လေယာဉ်ကွင်း တည်ဆောက် ဖို့ စီမံကိန်းကို အစိုးရဘက်ကို တင်ပြခဲ့တာ ရှိပါတယ်'' ဟု ဦးအောင်ကျော်ဇောက ဆက်လက် ပြောကြား ခဲ့သည်။
'၀' ဘက်မှ စစ်လက်နက်အင်အား တိုးချဲ့မှုသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အကြား မပြီးဆုံးသေးသည့် တိုက်ပွဲများကြောင့် ဖြစ်ကြောင်း သိရသည်။
''အစိုးရအနေနဲ့ KIA နဲ့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ SSPP/SSA ကို တိုက်ခိုက်တာတွေလည်း ရှိနေတယ်။ နောက်ပြီး သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ '၀' တပ်တွေကို ၀င်တိုက်တာလည်း ရှိနေတယ်။ ဒီအချက်က '၀' တွေကို စစ်အင်အား တိုးချဲ့မှု ဖြစ်စေတယ်” ဟု ဦးအောင်ကျော်ဇော က ပြောပါသည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်မခံသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီသည် အင်အား အကောင်းဆုံး အဖွဲ့ဖြစ်ပြီး '၀' ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်တွင် စစ်သည်အင်အား ၃၀၀၀၀ ကျော်နှင့် ခေတ်မီ စစ်လက်နက် ပစ္စည်းများ ပိုင်ဆိုင်ထားပါသည်။
ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်မှ ဒုတိယမြောက် ခွဲထွက်လာသော အဖွဲ့ဖြစ်သည့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီသည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဌာနချုပ်အဖြစ် တည်ရှိနေသော '၀' နယ်မြေအတွင်းမှ ပန်ဆန်းဌာနချုပ်ကို သိမ်းယူခဲ့ကာ '၀' အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က 'မြန်မာပြည် သွေးစည်း ညီညွတ်ရေးပါတီ' ဟု အမည်ပေးခဲ့ပြီး နောက်ပိုင်းတွင် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီဟု အမည်ပြောင်းလဲခဲ့သည်။

နယ်ခြားစောင့်တပ်များ မဖွဲ့စည်းမီအချိန်က တိုင်းရင်းသားလက်နက်ကိုင်များ၏ အင်းအားပြဇယား (Source: Shan Herald Agency For News)
စတင်ဖွဲ့စည်းစဉ် ကတည်းက တပ်မတော်နှင့် သင့်မြတ်စွာ နေထိုင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အစိုးရအဖွဲ့ လက်ထက်တွင် '၀'နယ်မြေကို ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ-၂ အဖြစ် သတ်မှတ်ပေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ရရှိခဲ့သည်။ ထိုအချိန်က '၀' ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်၏ အင်အားမှာ ၁၀၀၀၀ နီးပါး ရှိခဲ့သည်။
၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင် အင်အား စုများနှင့်လည်း ပူးပေါင်းမှုများ ရှိခဲ့ပါသည်။
၂၀၀၄ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် '၀' နှင့် အစိုးရအကြား အဆင်မပြေမှုများ ရှိခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းကြောင်း တရားဝင် ကြေညာ ခဲ့သော်လည်း '၀' အဖွဲ့ကို မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသော အဖွဲ့အဖြစ် နိုင်ငံတကာ အသိုင်း အ၀ိုင်း က ဆက်လက်ရှုမြင်ခဲ့ကြသည်။
၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့ရာမှ တစ်ဆင့် '၀' ၏ စစ်အင်အားမှာလည်း တစ်စထက်တစ်စ အားကောင်း လာခဲ့သည်ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ခဲ့ကြသည်။
'၀'ပြည် သွေးစည်းညီညွတ်ရေး ပါတီအနေဖြင့် နိုင်ငံတစ်နိုင်ငံ၊ စစ်တပ်တစ်ခုမူကို လက်ခံသော်လည်း တပ်ပြောင်းလဲ ဖွဲ့စည်းရေးကို ချက်ချင်းလက်မခံဘဲ အစိုးရသစ် လက်ထက်တွင် ဆွေးနွေးမည်ဟု '၀' ဘက်မှ တုံ့ပြန်ခဲ့သည်။
အစိုးရနှင့် တင်းမာမှုအချို့ ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခု ဖွဲ့စည်းပြီး '၀' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။
အစိုးရသစ် ဖြစ်ပေါ်ခဲ့ပြီးနောက် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူ ညီချက် များ ရရှိခဲ့ပါသည်။
သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရရှိထားသော '၀' အနေဖြင့် '၀' ဒေသကို ပြည်နယ် အဆင့် သို့ ပြောင်းလဲ သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိခဲ့ပြီး စစ်အင်အား တိုးချဲ့မှုများလည်း ရှိလာခဲ့ သည်ဟု နိုင်ငံရေး အကဲခတ်များက ပြောပါသည်။
'၀'၏ စစ်အင်အား တိုးချဲ့မှုတွင် တရုတ်နိုင်ငံမှ ထောက်ပံ့ပေးထားသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်များ ရောင်းချခြင်း မရှိဟု ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတွင် တရုတ်နိုင်ငံဘက်မှ ငြင်းဆိုခဲ့ပါသည်။
'၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဆိုသော သတင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ထံသို့ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက အီးမေးလ်ဖြင့် မေးမြန်းခဲ့သော်လည်း ခရီးသွားနေသဖြင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း Gmail ၏ Vacation responde မှတစ် ဆင့် ပြန်လည် အကြောင်းပြန်ခဲ့သည်။
အကယ်၍ ယခုသတင်း မှန်ကန်ပြီး '၀' ၏ စစ်အင်အား တိုးချဲ့မှုသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည့် အခြေအနေသို့ ရောက်ရှိလာပါက ၀ိုင်းဝန်း ကန့်ကွက်ရမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောသည်။
''အခုလို ငြိမ်းချမ်းရေး တည်ဆောက် နေတဲ့အချိန်၊ နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်ကို တက်လှမ်းနေတဲ့ အချိန်မျိုးမှာ ဒီလိုမျိုး လက်နက်ထောက်ပံ့တာတို့၊ စစ်ပဋိပက္ခဖြစ်အောင် အားပေးတာ မျိုးတွေ ဟာ မဖြစ်သင့်ဘူးလို့ မြင်တယ်'' ဟု ဦးစိုင်းလိတ်က ပြောပါသည်။
ဗမာပြည် ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်း၊ '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ နောက်ခံ အကြောင်းအရာများကို အတွင်းကျကျ သိရှိထားသော မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်း စာဆရာ ဘာတေးလစ်တနာက '၀' သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ် ပေးပို့သည်ဆိုသော သတင်း မှန်ကန် သည်ဟု ဆိုပါသည်။
''ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ သိရှိထားတဲ့ အချက်အလက်တွေအရ ဒီသတင်း မှန်ကန် တယ်လို့ ပြောချင်ပါတယ်'' ဟု ဘာတေးလစ်တနာက ပြောကြားခဲ့ပါသည်။

Eleven Media Group

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်