သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 9 April 2013

မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ရန် အဆင်သင့်ရှိနေ ဟု တောင်ကိုရီးယား ထုတ်ပြန်၊ မြောက်ကိုရီးယား ဒုံးကျည်ကို ပစ်ချရန် ဂျပန်က အမိန့်ပေးဖွယ်ရှိ

Photo: မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ရန် အဆင်သင့်ရှိနေ ဟု တောင်ကိုရီးယား ထုတ်ပြန်၊ မြောက်ကိုရီးယား ဒုံးကျည်ကို ပစ်ချရန် ဂျပန်က အမိန့်ပေးဖွယ်ရှိ

မြောက်ကိုရီးယားသည် အရှေ့ဘက် ကမ်းရိုးတန်း အနီးတွင် တာလတ်ပစ် ဒုံးကျည်နှစ်ခုကို ရွှေ့ပြောင်းပစ်ခတ်နိုင်သော ဒုံးပစ်စင်သို့ သွင်းပြီး ၀ှက်ထားသောကြောင့် ပစ်လွှတ်နိုင်ခြေ ရှိသည်ဟု စိုးရိမ်မှုများ ထွက်ပေါ်ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

နိုင်ငံ နယ်နိမိတ်သို့ ဦးတည်သော မြောက်ကိုရီးယား၏ မည်သည့် ဒုံးကျည်ကိုမဆို ပစ်ချရန် ဂျပန်ကာကွယ်ရေးဝန်ကြီး Itsunori Onodera က ဧပြီ ၇ ရက် သို့မဟုတ် လာမည့်နှစ်ရက်အတွင်း အမိန့်ပေးဖွယ် ရှိသည်ဟု ဂျပန်ယိုမိယူရီ သတင်းစာနှင့် ဂျီဂျီ သတင်းအေဂျင်စီတို့က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ အမိန့်ပေးပါက ရေပြင်အခြေစိုက် ဒုံးခွင်းစနစ် တပ်ဆင်ထားသော Aegis ဖျက်သင်္ဘောများကို ဂျပန်ပင်လယ်တွင် တပ်စွဲသွားမည်ဖြစ်ပြီး ယင်းမှသာ ဂျပန်ပိုင်နက်ကို ဦးတည်လာသော မြောက်ကိုရီးယားဒုံးကျည်ကို ထောက်လှမ်းသိရှိကာ ပစ်ချနိုင်မည်ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားကလည်း အကယ်၍ ပဋိပက္ခ ဖြစ်ပွားခဲ့ပါက မြို့တော်ပြုံယမ်းရှိ ပြည်ပသံရုံးများမှ ၀န်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ဧပြီ ၁၀ ရက် နောက်ပိုင်းမှစပြီး အာမခံချက် မပေးနိုင်တော့ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ကမူ မြောက်ကိုရီးယားသည် မိမိနိုင်ငံရှိ သံရုံးများ၏ လုံခြုံရေးအတွက် အာမခံချက် ပေးသင့်ကြောင်း ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် နိုင်ငံအများစု၏ အစိုးရများကမူ သံရုံးဝန်ထမ်းများကို ချက်ချင်းခေါ်ယူရန် အစီအစဉ် မရှိသေးကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယား ကြေညာချက်မှာ ကိုရီးယားကျွန်းဆွယ်တွင် လတ်တလော တင်းမာမှုအပေါ် နိုင်ငံတကာက အစိုးရိမ် လွန်ကဲစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။ ကုလသမဂ္ဂကလည်း ၀န်ထမ်းများကို ပြန်လည်ခေါ်ယူရန် အစီအစဉ် မရှိသေးကြောင်း ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ခြိမ်းခြောက်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း တပ်များကို နေရာရွှေ့ပြောင်း ချထားမှုများ မရှိသေးသဖြင့် စိတ်တည်တည်ငြိမ်ငြိမ် ထားကြရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ်က ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် တင်းမာမှု မြင့်တက်နေမှု လျော့ကျစေရန် ရည်ရွယ်ပြီး အမေရိကန်က ကာလီဖိုးနီးယားရှိ Vandenberg လေတပ်စခန်းတွင် လာမည့် သီတင်းပတ်၌ ပြုလုပ်ရန် စီစဉ်ထားသော Minuteman 3 တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် အစီအစဉ်ကို အမေရိကန် ကာကွယ်ရေးဝန် ကြီးချက်ဟေဂယ်က ရွှေ့ဆိုင်းခဲ့ကြောင်း ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်