သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 17 April 2013

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာ့သြဇာအရှိဆုံး စံပြပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်

w1-17-4-1
တိုင်းမ်မဂ္ဂဇင်းသည် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ (Time 100) စာရင်း၊(၁၀) ကြိမ်မြောက် အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကို အွန်လိုင်းမဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရရှိသွားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအဆင့် အွန်လိုင်းမဲပေးရွေးချယ်မှုတွင် မဲရလဒ် စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
ဂုဏ်ထူးဆောင် သြဇာအရှိဆုံးပုဂ္ဂိုလ်ကို အွန်လိုင်းမှ မဲပေးရွေးချယ်စေခဲ့ရာ ဖျော်ဖြေရေး ကဏ္ဍတွင် လွှမ်းမှု အရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံထားရသော ပေါ့အဆိုကျော် လေဒီဂါဂါနှင့် စံပြပုဂ္ဂိုလ်ကဏ္ဍတွင် သြဇာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံးဆန်ခါတင်စာရင်းတွင် ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ယှဉ်ပြိုင်ရာတွင် ကနဦး မဲရလဒ်များ၌ အွန်လိုင်းပရိတ်သတ် သန်းချီ ရရှိထားသော လေဒီဂါဂါက ဦးဆောင်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုသူ မြန်မာများအကြား ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရန် ကျယ်ပြန့်သော လှုံ့ဆော်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် လေဒီဂါဂါတို့သည် မဲရလဒ် မတိမ်းမယိမ်း အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ မဲရလဒ်များက လေဒီဂါဂါ၏ မဲရလဒ်များအပေါ် တဖြည်းဖြည်း အသာရခဲ့ပြီး အဆုံးသတ်တွင် မဲအရေအတွက် စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့ခြင်း ဖြစ်ပါသည်။ လေဒီဂါဂါသည် မဲအရေအတွက် စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။
တိုင်းမ်မဂ္ဂဇင်း၏ ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကို အွန်လိုင်း မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာတွင် ဖျော်ဖြေရေး၊နိုင်ငံရေး၊နည်းပညာ၊စံပြပုဂ္ဂိုလ် ကဏ္ဍလေးရပ်မှ ပုဂ္ဂိုလ်များကို ယှဉ်ပြိုင်စေခဲ့ရာ ဖျော်ဖြေရေးကဏ္ဍနှင့် နိုင်ငံရေးကဏ္ဍမှ ပုဂ္ဂိုလ်များ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ရပြီး နည်းပညာနှင့် စံပြပုဂ္ဂိုလ်များ ကဏ္ဍမှ ပုဂ္ဂိုလ်များ ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အော်ပရာဝင်းနှင့် ထိပ်တိုက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး တစ်ဘက်မှ ကိတ်မစ်ဒယ်ကို အနိုင်ရရှိလာခဲ့သော အမေရိကန်သမ္မတကတော် မစ်ရှယ်အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့ရသည်။
ဧပြီလ ၁၅ ရက်နေ့တွင် နည်းပညာကဏ္ဍမှ နောက်ဆုံးပြိုင်ဘက် လာရီပေ့နှင့် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၆ရက်နေ့တွင် နောက်ဆုံးပြိုင်ဘက် လေဒီဂါဂါနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။
တိုင်းမ်မဂ္ဂဇင်းသည် ၂၀၀၉ ခုနှစ်တွင် ၂၀ရာစု ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို ပထမဆုံးအကြိမ် ပြုစုထုတ်ပြန်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တိုင်းမ်က ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို နှစ်စဉ်ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။
Leaders & Revolutionaries၊ Builders & Titans ၊ Artists & Entertainers ၊ Scientists & Thinkers ၊ Hero & Icons ဟု ကဏ္ဍငါးရပ်ခွဲကာ ကဏ္ဍတစ်ရပ်လျင် သြဇာအရှိဆုံးပုဂ္ဂိုလ် ၂၀ ဦးစီ ရွေးချယ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ၂၀၀၄ ခုနှစ်၊၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် သုံးကြိမ်ဖော်ပြခံခဲ့ရပြီးဖြစ်သည်။ တိုင်းမ်မဂ္ဂဇင်းသည် ၂၀၁၃ခုနှစ် Time 100 အတွက် ရွေးချယ်ထားသော အကြို ၁၅၃ ဦးစာရင်းကို မတ်လ ၂၈ ရက်နေ့တွင် အွန်လိုင်း၌ ကြေညာခဲ့သည်။ အွန်လိုင်းတွင် ဧပြီလ ၁၂ရက်နေ့မတိုင်မီထိ မဲပေးရွေးချယ်ရန် စာရင်းထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးစာရင်းကို တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာများက ရွေးချယ်ကာ ဧပြီလ ၁၇ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။
 http://news-eleven.com/

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်