သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 14 April 2013

တက္ကသိုလ် အသီးသီးတွင်ရှိသော ထူးချွန်လူငယ်များကို ရွေးချယ်ပြီး နိုင်ငံခြားတွင် အဆင့်မြင့်ပညာ သင်ကြားနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

outstandingstudent-apirl10

ဘက်စုံပညာ ထူးချွန်လူငယ်များနှင့် ကင်းထောက်လူငယ်များ တွေ့ဆုံဂုဏ်ပြုပွဲကို ဧပြီလ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ပိုင်စိုးသူ)

တက္ကသိုလ် အသီးသီးတွင် ရှိသော ထူးချွန်လူငယ်များကို ရွေးချယ်ပြီး အတော်ဆုံး အကောင်းဆုံး လူငယ်များကို နိုင်ငံခြားတွင် အဆင့်မြင့်ပညာများ သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ဧပြီလ ၈ ရက်က နေပြည်တော်ရှိ MICC တွင် ကျင်းပသော ဘက်စုံပညာ ထူးချွန်လူငယ်များနှင့် ကင်းထောက်လူငယ်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
"ဒီကနေ့ တို့အစိုးရသစ် လက်ထက်မှာ အဋ္ဌမတန်းကနေ ဒသမတန်းအထိ ဘက်စုံထူးချွန်တဲ့ လူငယ်စုစုပေါင်း ၅၁၄ ဦး စတင်ရွေးချယ်ပြီး တက္ကသိုလ် အသီးသီးမှာရှိတဲ့


ထူးချွန်လူငယ် မောင်မယ်များကို ရွေးချယ်ဖို့လည်း ဆက်လက်ဆောင်ရွက်သွားမယ်။ အဲဒီထဲက အတော်ဆုံး အကောင်းဆုံး လူငယ်တွေကို နိုင်ငံခြားမှာ အဆင့်မြင့်တဲ့ ပညာတွေ သင်ကြားနိုင်အောင် စီစဉ်သွားမယ်။ နိုင်ငံခြားက နာမည်ကြီး တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပညာသင်ကြားခွင့်ရအောင် ကြိုးပမ်းဆောင်ရွက်မယ်။ ပြည်တွင်းမှာလည်း အဆင့်မြင့်တဲ့ တက္ကသိုလ် ပညာရပ်တွေ သင်ကြားနိုင်အောင်၊ အမေရိကန်နိုင်ငံက ဂျွန်ဟော့ကင်း တက္ကသိုလ်၊ ဂျပန်နိုင်ငံက၊ သြစတြေးလျနိုင်ငံက စတဲ့ နာမည်ကြီး တက္ကသိုလ်တွေ တော်တော်များများနဲ့ ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါတယ်။ တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တို့နိုင်ငံမှာ ရေခံမြေခံကောင်းတွေ ရှိပြီးဖြစ်တယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တော၊ သားငါးစတဲ့ သဘာဝ အရင်းအမြစ်တွေ ရှိတယ်။ စိုက်ပျိုးရိက္ခာတွေ ထုတ်လုပ်နိုင်တဲ့ လယ်ယာမြေတွေ ရှိတယ်။ သင့်တင့်မျှတတဲ့ ရာသီဥတု ရှိတယ်။ ပတ်ဝန်းကျင်မှာ လူဦးရေ များပြားပြီး ကြီးမားတဲ့ ဈေးကွက်ကြီးတွေ ရှိတယ်။ တို့လိုအပ်နေတာက အရင်းအနှီး၊ နည်းပညာနဲ့ လူသားစွမ်းရည် အရင်းအမြစ်တွေ ဖြစ်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာပြီး အရင်းအနှီးတွေ ရလာရင် နည်းပညာတွေ ရလာမယ်။ လူသားစွမ်းရည် အရင်းအမြစ်တွေအတွက် မောင်တို့မယ်တို့လို ဘက်စုံပညာ ထူးချွန်တဲ့ လူငယ်တွေကို အများကြီး မွေးမြူရမယ်။ ဘယ်က မွေးပေးမလဲဆိုရင် တို့ရဲ့ပညာရေးက မွေးပေးရမယ်။ ဒါကြောင့် တို့ရဲ့ ပညာရေးဟာ တကယ်တတ်ကျွမ်းပြီး လေ့ကျင့်ပေးလိုက်ရုံနဲ့ လုပ်ငန်းခွင်ကို တန်းဝင်လို့ ရနိုင်တဲ့ ပညာရေး ဖြစ်ရမယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယင်းတွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတ တိုင်းပြည်အနာဂတ်၏ ကောင်းကျိုးဆိုးကျိုးမှာ ထူးချွန်လူငယ်များ၏ အရည်အချင်းပေါ်တွင် တည်မှီနေကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
"ဒီကနေ့ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံအများက လေးစားတဲ့ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံဖြစ်ဖို့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ ဖွံ့ဖြိုးရေးနဲ့ ကာကွယ်ရေး ကဏ္ဍတွေမှာ အပြိုင်အဆိုင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖွံ့ဖြိုးဆဲနိုင်ငံ တချို့နဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေဟာ သူတို့ရဲ့နိုင်ငံ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မျိုးဆက်သစ်လူငယ် လူတော်လူကောင်းတွေကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးမြူပြီး တာဝန်တွေကို ပုခုံးလွှဲပြောင်း တာဝန်ယူ ဆောင်ရွက်သွားစေတဲ့အတွက် သူတို့နိုင်ငံတွေဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတာတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ တို့ရဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှာဆိုရင် သူတို့ရဲ့ ပဉ္စမမျိုးဆက် ခေါင်းဆောင်ဖြစ်သူကို ပုခုံးလွှဲပြောင်းပေးပြီး သူတို့နိုင်ငံကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် စတင်ထူထောင်ပြီးသွားပြီ ဖြစ်ပါတယ်။ မောင်တို့ မယ်တို့ဟာလည်း တစ်ချိန်မှာ ကိုယ့်နိုင်ငံရဲ့တာဝန်တွေကို ပုခုံးလွှဲပြောင်း တာဝန်ယူကြရမယ့် မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။ တို့နိုင်ငံရဲ့ အနာဂတ်ဟာ မောင်တို့မယ်တို့ရဲ့ လက်ထဲမှာ ရှိနေပါတယ်။ နိုင်ငံရဲ့ အနာဂတ် ကောင်းကျိုးဆိုးကျိုးဟာ မောင်တို့မယ်တို့ရဲ့ အရည်အချင်းအပေါ်မှာ တည်မှီနေပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။     
http://www.first-11.com/

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်